၂၀၂၆ ခုနှစ် စစ်ကော်မရှင် ရွေးကောက်ပွဲအပြီးတွင် မွန်ပြည်နယ်သည် ငြိမ်းချမ်းမှုဆီသို့ ဦးတည်မည့်အစား ပြင်းထန်သော စစ်ပွဲများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအောက်သို့ ပိုမိုနက်ရှိုင်းစွာ ကျရောက်လာခဲ့သည်။ ပြည်နယ်မြောက်ပိုင်း သထုံ၊ ဘီးလင်း၊ ကျိုက်ထိုမြို့နယ်များနှင့် တောင်ပိုင်း ရေး၊ သံဖြူဇရပ်မြို့နယ်များအတွင်း စစ်ကောင်စီတပ်များ အင်အားအလုံးအရင်းဖြင့် တိုးမြှင့်ဝင်ရောက်လာပြီး စစ်ကြောင်းထိုးမှုများကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲများ ပြင်းထန်နေသည်။

စစ်ကောင်စီသည် ၎င်းတို့ကျင်းပခဲ့သော ရွေးကောက်ပွဲကို အကြောင်းပြ၍ အုပ်ချုပ်ရေးယန္တရားကို အတင်းအကျပ် အသက်သွင်းရန် ကြိုးပမ်းနေသည်။ သို့သော် မြေပြင်တွင် ၎င်းတို့စိုးမိုးမှုမရသည့် နယ်မြေများကို လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခြင်းနှင့် ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းတို့ဖြင့် ပြည်သူကို ခြောက်လှန့်ကာ အုပ်ချုပ်ရေးကို အခိုင်အမာတည်ဆောက်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ စစ်တပ်၏ လူမဆန်သော လုပ်ရပ်များကြောင့် ဒေသခံများမှာ အလွန်စိုးရိမ်စရာကောင်းသော အခြေအနေနှင့် ရင်ဆိုင်နေရသည်။
စစ်တပ်သည် လူနေကျေးရွာများအတွင်းသို့ လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်မှုကြောင့် အပြစ်မဲ့အရပ်သားများ သေဆုံးထိခိုက်မှုများ ရှိနေသည်။
ဒေသခံများကို ဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်းနှင့် လူသားဒိုင်းအဖြစ် အသုံးပြုခြင်းတို့ကို နေ့စဉ်နှင့်အမျှ ကျူးလွန်လျက်ရှိသည်။ လူနေအိမ်များကို ဖောက်ထွင်းကာ ငွေ၊ ဖုန်းနှင့် ဆိုင်ကယ်များကို ယူဆောင်ပြီး နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။ စစ်တပ်ကြောင့် လူဦးရေ သိန်းနှင့်ချီကလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
စစ်ရေးနှင့် လူ့အခွင့်အရေး အကျပ်အတည်းများကြားတွင် မွန်နိုင်ငံရေးအင်အားစုများ၏ ရပ်တည်ချက်မှာ မေးခွန်းထုတ်စရာ ဖြစ်လာသည်။ စစ်ကောင်စီ၏ ကန့်သတ်ဘောင်အတွင်း ရွေးကောက်ပွဲလမ်းကြောင်းဖြင့် ရှင်သန်ရန် ကြိုးပမ်းနေသည့် နိုင်ငံရေးပါတီများသည် လက်တွေ့တွင် အရပ်သားပြည်သူများ ခံစားနေရသော ဖိနှိပ်မှုများအပေါ် နှုတ်ဆိတ်နေကြသည်။ ဤကဲ့သို့ တိတ်ဆိတ်နေခြင်းက ၎င်းတို့အား စစ်ကောင်စီ၏ အသုံးချခံ သက်သက်ဖြစ်နေစေသည်ဟု သုံးသပ်ရသည်။
NCA လမ်းကြောင်းကို ဆုပ်ကိုင်ထားဆဲဖြစ်သော မွန်ပြည်သစ်ပါတီ (NMSP) အတွက် စိန်ခေါ်မှုမှာ ကြီးမားလှသည်။ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းသည် စစ်ကောင်စီ၏ ထိုးစစ်နှင့် လူသားဒိုင်းအဖြစ် အသုံးချခံရမှုများကို မတားဆီးနိုင်သည့်အတွက် ၎င်းတို့၏ ရပ်တည်ချက်ကို ပြန်လည်သုံးသပ်ရန် လိုအပ်နေပြီဖြစ်သည်။
မွန်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများသည် ရိုးရှင်းသော နယ်မြေလုပွဲမဟုတ်ဘဲ “အာဏာရှင်စနစ်” နှင့် “ဖက်ဒရယ်ဒီမိုကရေစီ” တို့၏ အဆုံးအဖြတ် တိုက်ပွဲဖြစ်သည်။ မွန်ပြည်နယ်၏ နိုင်ငံရေးအနာဂတ်သည် မွန်ပြည်သစ်ပါတီ (NMSP) ၏ စုစည်းမှုနှင့် တော်လှန်ရေးအင်အားစုများနှင့် မည်မျှချိတ်ဆက်ဆောင်ရွက်နိုင်မလဲ ဆိုသည်အပေါ်တွင် မူတည်နေသည်။ ထို့ပြင် မွန်ပြည်သစ်ပါတီ (AD) ကဲ့သို့သော တော်လှန်ရေးအင်အားစုများ၏ ပေါင်းစည်းမှုနှင့် ပြည်သူလူထု၏ ကြံ့ကြံ့ခံနိုင်မှုသည်သာ အဓိကဖြစ်သည်။
နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲမှတစ်ဆင့် ရရှိမည့် အတုအယောင် အခွင့်အရေးများထက် ပြည်သူ့အသက်အိုးအိမ်ကို ကာကွယ်ပေးနိုင်မည့် လမ်းစဉ်ကို ရွေးချယ်ရန် သမိုင်းက တောင်းဆိုနေသည်။ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားကို တော်လှန်ရာတွင် လက်နက်ကိုင်လမ်းစဉ်သာမက ဒေသခံပြည်သူများ၏ လုံခြုံရေးနှင့် လူမှုစီးပွားကို အာမခံနိုင်မည့် “အပြိုင်အဆိုင် အုပ်ချုပ်ရေးယန္တရား” တစ်ခုကို တည်ဆောက်နိုင်မှသာ မွန်မြေပေါ်က စစ်မီးကို ငြိမ်းသတ်နိုင်မည် ဖြစ်ပါတော့သည်။


