ထိုင်းနိုင်ငံမှ ရနောင်နယ်စပ်ဘက် နေရပ်ပြန်ပို့ခံထားရသူ မုဒုံမွန်လူငယ်တစ်ဦး စစ်မှူးထမ်းသင်တန်းသို့ ရောက်ရှိသွားပြီး ယမန်နေ့က တိုက်ပွဲအတွင်း အသက်ဆုံးရှုံးသွားခဲ့ရကြောင်း သေဆုံးသူနှင့် နီးစပ်သူက IMNA သို့ ပြောသည်။
အဆိုပါမွန်လူငယ်သည် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကလော့သော့ကျေးရွာနေ အသက် ၂၄ နှစ်အရွယ် အဟိန်းဆိုသူဖြစ်ပြီး ထိုင်းနိုင်ငံတွင် အထောက်အထားမပြည့်စုံဘဲ နေထိုင်မှုကြောင့် ပြီးခဲ့သည့် ၂၀၂၄ မေလက ဖမ်းဆီးခံခဲ့ရာ ထိုင်းအချုပ်စခန်းအတွင်း ၃ လကြာ ထိန်းသိမ်းခံထားရပြီးနောက် ရနောင်းနယ်စပ်သို့ ပို့ဆောင်ခံခဲ့ရသည်။
ရနောင်းနယ်စပ်တာဝန်ရှိသူများက စစ်တပ်အဖွဲ့နှင့်လွှဲပြောင်းခဲ့ပြီး သုံးရက်အကြာတွင် မိသားစုထံ သိန်းရာကျော်ဖြင့်ပြန်ရွေးရန် ဆက်သွယ်သော်လည်း မပေးဆောင်နိုင်သဖြင့် သံဖြူဇရပ်မြို့နယ်ဝဲကလိတပ်ရင်းတွင် သင်တန်းတက်ရန် ပို့ဆောင်ခံထားရသည်။
စစ်မှုးထမ်းသင်တန်းဆင်းပြီးနောက် ရေးနှင့် သံဖြူဇရပ်မြို့နယ်တစ်ဝိုက် တာဝန်ထမ်းဆောင်နေရပြီး ကျောင်းရွာအခြေစိုက် ခလရ-၅၉၁ တပ်ရင်းသို့ နောက်ဆုံး ရောက်ရှိသွားသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ကျောင်းရွာတပ်ရင်းမှ ကင်းလှည့်ရန် ထွက်ခွာလာသည့် အဟိန်းအပါအဝင်စစ်ကော်မရှင် ကင်းလှည့်တပ်သားအဖွဲ့တို့ နှစ်ဖက်ပစ်ခတ်ခံရခြင်းကြောင့် ၎င်းနှင့်အတူ စစ်ကော်မရှင်တပ်သား ၄ ဦး သေဆုံးခဲ့ရသည်ဟု အဟိန်းနှင့် အဆက်အသွယ်ရနေသည့် သူ၏မိတ်ဆွေတစ်ဦးက ဆိုသည်။

“ သူက အိမ်နဲ့လည်းဖုန်းပြောဖြစ်ပါတယ်၊ ဒီလောက်အထိဖြစ်သွားမယ်မှန်းမသိဘူး၊ ပစ်တဲ့လူကလည်း စကစ တပ်သားတွေလို့ပဲ ထင်တယ်လေ။ သူ့လိုလူတွေလည်း အများကြီးပဲ၊ အိမ်က ပိုက်ဆံမပေးနိုင်မှန်းသိတော့ သူလည်းမတောင်းဘူးလေ၊ အဲ့ကြောင့် နှစ်နှစ်လောက် စစ်တပ်မှစစ်မှုထမ်းပြီး ပြန်လာမယ်ပေါ့ ” ဟု သူ၏မိတ်ဆွေက ဆိုသည်။
အဟိန်းသည် စစ်မှုထမ်းသင်တန်းပြီးနောက် ဖုန်းသုံးခွင့်ရရှိခဲ့သဖြင့် သူ၏မိတ်ဆွေနှင့် မိသားစုထံ မကြာခဏအဆက်အသွယ်ရှိသော်လည်း မည်သည့်နေရာသို့ရောက်ရှိနေသည်ကို အတိအကျပြောဆိုနိုင်ခြင်းမရှိဟုလည်း ဆိုသည်။
"ကျနော်တစ်ခါမှ မပစ်ထိဘူး။ မပစ်ပါရစေနဲ့ဆိုပြီးတော့ သူဆုတောင်းနေတယ်၊ နှစ်နှစ်ပြည့်တာနဲ့ သူထွက်မယ်ပေါ့။ နေမနိုင်ပေမဲ့ အောင့်အီးပြီး နေရတယ်၊ ဘယ်မှသွားလို့ မရဘူး၊ သူတို့စိတ်တိုင်းကျ နေပေးနေရတာပေါ့လေ ” ဟု အထက်ပါသူက ပြောသည်။
၂၀၂၂ ခုနှစ်ကပင် အဟိန်းသည် မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေရာမှ ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့သွားပြီး အထောက်အထားမပြည့်စုံသဖြင့် အဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။
ထိုင်းနိုင်ငံမှ ဖမ်းဆီးခံထားရသူများကို ကော့သောင်း-ရနောင်း နယ်စပ်တာဝန်ရှိသူများက တစ်လလျှင် လူဦးရေ ၂၀၀ ဝန်းကျင် စစ်ကော်မရှင်ထံ လွှဲပြောင်းမှုလုပ်ဆောင်နေပြီး လူလတ်ပိုင်းနှင့် လူငယ်အရွယ်အများစုတို့ အဓမ္မစစ်မှူးထမ်းစုဆောင်းခံရမှုတွင် ပါသွားကြောင်း Fe 5 Tanintharyi မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ဒီနှစ်ထဲမှာလည်း လစဉ်လွှဲတယ်၊ သေချာတာကတော့စစ်အုပ်စုလက်ထဲကိုပြန်လွှဲတာဖြစ်တဲ့အတွက် အများစုကိုတော့စစ်မှူးထမ်းပို့ပါတယ်၊ လူငယ်တွေအပြင်၊ လူလတ်ပိုင်းအရွယ်တွေလည်း အဓမ္မစစ်မှူးထမ်း စုဆောင်းခံရမဲ့အန္တရာယ်ရှိတယ်၊ စစ်မှူးထမ်းရာကနေဘက်ပြောင်းလဲတဲ့သူတွေစကားအရ အများစုက အဓမ္မဖမ်းဆီးစုဆောင်းခံရတယ်” ဟုပြောသည်။
ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများကိုပြန်လည်လွှဲပြောင်းနေပြီး၊ ပြီးခဲ့သည့်ဇန်နဝါရီလတစ်လတာတွင် ကလေးငယ်အပါအဝင် မြန်မာနိုင်ငံသား ၁၆၈ ဦးကို နှစ်ကြိမ်ခွဲကာ ရနောင်းဘက်သို့ပို့ဆောင်ခဲ့သေးကြောင်း သိရသည်။


