Wednesday, March 18, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်၏ ရွေးကောက်ပွဲအလွန် နိုင်ငံရေးအခင်းအကျင်း - စစ်အုပ်ချုပ်ရေးပုံစံအသစ်

    မွန်ပြည်နယ်၏ ရွေးကောက်ပွဲအလွန် နိုင်ငံရေးအခင်းအကျင်း – စစ်အုပ်ချုပ်ရေးပုံစံအသစ်

    -

    အယ်ဒီတာ့အာဘော်

    စစ်ကော်မရှင် ကျင်းပခဲ့သည့်ရွေးကောက်ပွဲတွင် မွန်ပြည်နယ်သည် အပိုင်း(၁) နှင့် အပိုင်း (၂) တွင် ပါဝင်ခဲ့သည်။ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲ အပိုင်း (၁) တွင် ကျိုက်ထို၊ သထုံ၊ မော်လမြိုင်၊ ချောင်းဆုံနှင့် ကျိုက်မရောမြို့နယ် ပါဝင်ပြီး ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပခဲ့သည့် အပိုင်း (၂) တွင် ဘီးလင်း၊ ပေါင်၊ မုဒုံ၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့ ပါဝင်သည်။

    မဲဆန္ဒနယ်မြေ ၄၅ နေရာရှိသည့် မွန်ပြည်နယ်တွင် ရွေးကောက်ပွဲ အပိုင်း ၁ နှင့် အပိုင်း ၂ ရလဒ်များအရ စစ်ဗိုလ်ချုပ်များ ဦးဆောင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP က မဲဆန္ဒနယ်နေရာ ၂၁ နေရာ အနိုင်ရရှိခဲ့ပြီး မွန်ညီညွှတ်ရေးပါတီက မဲဆန္ဒနယ်နေရာ ၁၇ နေရာဖြင့် ဒုတိယအများဆုံး အနိုင်ရရှိခဲ့သည်။

    လွှတ်တော် ကိုယ်စားလှယ် ၃၁ နေရာရှိသည့် မွန်ပြည်နယ်လွှတ်တော်တွင် ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ် ၁၁ ဦး၊ တပ်မတော် ကိုယ်စားလှယ် ၈ ဦး၊ မွန်ညီညွှတ်ရေးပါတီက ကိုယ်စားလှယ် ၇ ဦး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ၊ ပအိုဝ်းအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ ပြည်သူ့ပါတီ၊ ပြည်သူ့ ရှေဆောင်ပါတီနှင့် အမျိုးသားအကျိုးစီးပွားတိုးတက်ရေး ပါတီတို့မှ ကိုယ်စားလှယ် ၁ နေရာစီ ပါဝင်သည်။

    တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၈ ဦးသည် ဗိုလ်မှူးချုပ် အောင်ဝင်းသန်း၊ လက်ရှိ မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ ဗိုလ်မှူးကြီး မောင်မောင်လတ်၊ ဗိုလ်မှူး ညီဗိုလ်ဗိုလ်စိုး၊ ဗိုလ်မှူး ဒေါ်ငုဝါကြည်၊ ဗိုလ်မှူး ဒေါ်သက်သက်စိုး၊ ဗိုလ်ကြီး ဒေါ်မြင့်မြင့်နွယ်၊ ဗိုလ်ကြီး ဒေါ်သူဇာတို့ ဖြစ်သည်။. မွန်ပြည်နယ် လွှတ်တော်အတွက် စာရင်းပေးထားသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၈ ဦးတွင် ဗိုလ်မှူးချုပ်အဆင့်ထိ ပါဝင်လာတာလည်း တွေ့ရသည်။

    အစိုးရသစ်အတွက် အာဏာခွဲဝေရေးကိစ္စကို စစ်တပ်နှင့် ကြံ့ခိုင်ရေးပါတီခေါင်းဆောင်တို့က ဖေဖော်ဝါရီလ ဒုတိယအပတ်အတွင်းက တွေ့ဆုံခဲ့ကြပြီး စစ်တပ်က အရေးကြီးနေရာ အတော်များများ ယူထားသည်ဆိုသည့်သတင်းကလည်း ထွက်ပေါ်နေတာကြောင့် မွန်ပြည်နယ်အစိုးရအဖွဲ့တွင် အမြင့်ဆုံးရာထူး ဗိုလ်မှူးချုပ် အောင်ဝင်းသန်းကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်သွားဖို့ ရှိနေသည်။

    အများက ထင်ထားသကဲ့သို့ အတုအယောင်ရွေးကောာက်ပွဲသည် မြန်မာ/ဗမာစစ်တပ် အာဏာ ဆက်လက်တည်မြဲရေးအတွက် ပြုလုပ်သည့်ရွေးကောက်ပွဲဖြစ်ကြောင်း ယခု မွန်ပြည်နယ်အစိုးရ အခင်းအကျင်းတွင် တွေ့ နိုင်သည်။ အခြားသော ပြည်နယ်/ ဒေသများတွင်လည်း အလားတူပင် စစ်တပ်အုပ်ချုပ်ရေးကို အရပ်သားသယောင် ဆောင်ရွက်သွားမည် ဖြစ်သည်။ စစ်တပ်မှ ထိုကဲ့သို့ ၎င်းတို့ အာဏာရရှိရေးအတွက် ဦးတည် ဆောင်ရွက်ပြီး နိုင်ငံရေးအမြင်မတူညီသည့် တိုင်းရင်းသားနိုင်ငံရေးအင်အားစု ဒီမိုကရေစီအင်အားစုများအား ဖယ်ထုတ်လိုက်ခြင်းသည် တိုင်းပြည်၏ ငြိမ်းချမ်းရေးသို့ ဦးတည်ခြင်းထက် ပဋိပက္ခကို ဆက်လက် ဖန်တီးထားခြင်း ဖြစ်သည်။ တိုင်းပြည်တပြည်တွင် ငြိမ်းချမ်းရေး မရှိပါက ပြည်သူလူထုများအတွက် ဖွံ့ဖြိုးတိုးတက်မှုကို မဆောင်ရွက်နိုင်ကြောင်း တင်ပြအပ်ပါသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks