spot_img
Tuesday, February 24, 2026
More
    spot_img
    Homeသတင်းနွေရာသီမွန်စာပေနှင့် မွန်စကားပြောသင်တန်းကို ရန်ကုန်တွင် စာသင်ဌာန ၁၅ ခုဖြင့် ဖွင့်လှစ်မည်

    နွေရာသီမွန်စာပေနှင့် မွန်စကားပြောသင်တန်းကို ရန်ကုန်တွင် စာသင်ဌာန ၁၅ ခုဖြင့် ဖွင့်လှစ်မည်

    -

    မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်၍ “၂၀၂၆ ခုနှစ် နွေရာသီ မွန်စာပေနှင့် မွန်စကားပြောသင်တန်း” ကို မတ်လ ၂ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း စာသင်ဌာန စုစုပေါင်း ၁၅ ခုဖြင့် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

    သင်တန်းကို ရန်ကုန်တိုင်းအတွင်း မွန်လူမျိုးများနေထိုင်သည့် ဒဂုံမြို့သစ် (တောင်ပိုင်း)၊ သန်လျင်၊ ရွှေပြည်သာ၊ အင်းစိန်၊ လှိုင်သာယာ၊ ဒေါပုံ/သာကေတ၊ ပုလဲမြို့သစ် (ရွှေနံ့သာ၊ ငွေနံ့သာ)၊ မင်္ဂလာဒုံ (ဘိုခြံ)၊ လှည်းကူး (ဥယျာဉ်ဝ)၊ မှော်ဘီ၊ ဗဟန်း၊ လှိုင်/မရမ်းကုန်း၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပနှင့် ထန်းတပင် စသည့် မြို့နယ်များတွင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်သည်။

    ပုံ- မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)

    “မနှစ်ကတော့ ၁၄ နေရာဖွင့်ခဲ့တယ်။ ဒီနှစ်မှာတော့ ထန်းတပင်မှာ တစ်နေရာထပ်ဖွင့်တယ်။ အရင်က ထန်းတပင်မှာ ဖွင့်နေကျပဲ။ ဒါပေမဲ့ အဲဒီမှာတာဝန်ကျ ဆရာ၊ ဆရာမတွေက နိုင်ငံခြားရောက်သွားတော့ မဖွင့်ဖြစ်ခဲ့ဘူး။ ဒီနှစ်မှ ပြန်ဖွင့်နိုင်တယ်” ဟု စာပေဆပ်ကော်မတီဥက္ကဌ နိုင်ခင်လတ်က ပြောသည်။

    သင်တန်းဖွင့်လှစ်နိုင်ရေးအတွက် မွန်အမျိုးသား ပညာရေးကော်မတီ(MNEC) မှ ဆရာ၊ ဆရာမ (၁၀) ဦးနှင့် ရန်ကုန်တိုင်းဒေသကြီးမှ ဆရာ၊ ဆရာမ (၁၀) ဦး စုစုပေါင်း (၂၀) ဦးတို့ ပါဝင်အားဖြည့်သင်ကြားပေးသွားမည်ဖြစ်သည်။

    ၎င်းအပြင် ကျောင်းသား၊ သူများ နားလည်လက်ခံနိုင်လွယ်သည့် သင်ရိုးညွှန်းအတိုင်း မူလတန်း၊ ပထမတန်း၊ ဒုတိယတန်း နှင့် တတိယတန်းဟူ၍ အတန်းလိုက်ခွဲကာ အချိန်ကာလ ၁ လအထိ သင်ကြားပေးသွားမည်ဟုလည်း နိုင်ခင်လတ်က ဆိုသည်။

    “ဒီရန်ကုန်တိုင်းမှာဆို ကလေးတိုင်းက မွန်စကားမပြောနိုင်ဘူး။ တချို့ဆို အမေကမွန် အဖေကဗမာ၊ တချို့ဆို အဖေကမွန် အမေဗမာ။ အဲတော့ ကလေးတွေက မွန်စကားနားမလည်းဘူး မပြောနိုင်ဘူး။ ဒါကြောင့် ကလေးတွေ မွန်စာတတ်ဖို့ မွန်လူမျိုးဆိုတာသိဖို့ ကျနော်တို့က စကားပြောရော စာပေရောသင်ပေးတယ်” ဟု ပြောသည်။

    ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်နေကြသည့် မွန်လူငယ်မျိုးဆက်များနှင့် မွန်စာပေ၊ မွန်စကားကို စိတ်ပါဝင်စားသူ မည်သူမဆို မိမိတို့နှင့် နီးစပ်ရာ စာသင်ဌာနများ၌ အခမဲ့ သွားရောက် လေ့လာသင်ယူနိုင်ကြောင်းလည်း နိုင်ခင်လတ်က တိုက်တွန်းသည်။

    မတ်လ ၂ ရက်နေ့ (တနင်္လာနေ့) တွင် သင်တန်း စတင်ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး ဧပြီလ ၃ ရက်နေ့ (သောကြာနေ့) တွင် မြို့နယ်အဆင့် စာမေးပွဲများကို ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။

    ထို့နောက် ဧပြီလ ၅ ရက်နေ့ (တနင်္ဂနွေနေ့) နံနက်ပိုင်းတွင် ဗဟိုအဆင့် စာမေးပွဲကို ကျင်းပမည်ဖြစ်ပြီး နေ့လည်ပိုင်းတွင် သင်တန်းဆင်းပွဲနှင့် ထူးချွန်ကျောင်းသား/သူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို မွန်ပိဋကတ်တိုက် (ရွှေတိဂုံဘုရားလမ်း၊ ဒဂုံမြို့နယ်) တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

    မွန်ဘာသာစကားနှင့် စာပေယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်လိုခြင်း ရည်ရွယ်ချက်ဖြင့် ၁၉၇၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)သည် နွေရာသီ မွန်စာပေနှင့် စကားပြောသင်တန်းကို နှစ်စဉ်ဖွင့်လှစ်လျှက်ရှိပြီး ၂၀၂၄ ခုနှစ်တွင် ကျောင်းသား၊ ကျောင်းသူ ၃၀၀ ဝန်းကျင်၊ ၂၀၂၅တွင် ကျောင်းသား၊ ကျောင်းသူ ၃၅၀ ဝန်းကျင်ခန့် သင်ကြားပေးနိင်ခဲ့ကြောင်း သိရသည်။

    မွန်ပြည်နယ်အတွင်း၌လည်း ၂၀၂၆ ခုနှစ် နွေရာသီမွန်စာပေသင်တန်းများကို ယခုဖေဖော်ဝါရီလမှစ၍ စတင်ဖွင့်လှစ် သင်ကြားပေးနေပြီးဖြစ်သည်ဟု မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့တာဝန်ရှိသူများမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks