မွန်ပြည်နယ်၊ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး၊ သံဖြူဇရပ်- ရေးလမ်းပိုင်းတွင် လုံခြုံရေးနှင့် သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် ရေးဒေသထွက်ကွမ်းသီးခြောက်များကို အဝယ်ဒိုင်များမှ ဝယ်ယူမှု ယာယီရပ်နားထားရကြောင်း ကုန်သည်များက ဆိုသည်။
ယခုရက်ပိုင်းအတွင်း ရေး-သံဖြူဇရပ်လမ်းပိုင်းတွင် ဒေသထွက်သီးနှံများကို သယ်ယူပို့ဆောင်ရာတွင် အိတ်သွန်ဖာမှောက် စစ်ဆေးခြင်း၊ သွားလာခွင့်မပြုဘဲ ရက်ပိုင်းအထိ ဂိတ်တွင်ရပ်တန့်ထားခြင်းနှင့် ဂိတ်ကြေးတိုးမြှင့် ကောက်ခံခြင်း ဆိုးရွားလာနေသည်ဟု ဆိုသည်။
ထို့ကြောင့် ကွမ်းသီးခြောက်များ ဈေးကွက်အတွင်း ဝယ်လိုအား၊ ရောင်းလိုအား နှစ်ဖက်လုံး လျော့နည်းနေသည်ဟု ဒေသခံကွမ်းသီးကုန်သည်တစ်ဦးက ဆိုသည်။

“အချို့ဂိတ်တွေမှာတော့ သိန်းနဲ့ချီ ပေးနေရတာမျိုးတောင် ရှိပါတယ်။ စစ်ဆေးမှုတွေလည်း တင်းကြပ်ပြီး၊ သူတို့စိတ်အခြေအနေမကောင်းတဲ့အချိန်ဆို အိတ်နဲ့ထည့်ထားတဲ့ ကွမ်းသီးတွေကိုပါ ဖောက်စစ်တာတွေ သွန်လိုက်တာတွေ လုပ်တယ်။ အရင်က ကွမ်းသီးတစ်ခါပို့ရင် နှစ်ရက်လောက်နဲ့ ရောက်ပေမယ့် အခုတော့ ငါးရက်အထိ စောင့်ရတာမျိုးတွေရှိလာတယ်" ဟု ရေးမြို့နယ်မှ ကွမ်းသီးစိုက်တောင်သူတစ်ဦးက ဆိုသည်။
သယ်ယူပို့ဆောင်ရေး လုပ်ဆောင်ရာတွင် လမ်းခရီးထောက်ခံစာနှင့် အခြားစာရွက်စာတမ်း ပါရှိသော်လည်း တင်းတင်းကြပ်ကြပ် စစ်ဆေးခံနေရဆဲဖြစ်ကြောင်းလည်း ဆိုသည်။
လက်ရှိရေးမြို့ပေါ် အဝယ်ဒိုင်များထံ ကွမ်းသီးခြောက်များစွာ ကျန်ရှိနေပြီး တစ်ပိသာဈေးနှုန်း ၁ သောင်းဝန်းကျင်သာ ပေါက်ဈေးရှိနေခြင်းဖြစ်သည်။
“ ကျနော်တို့ဆီမှာ ပြန်လာဝယ်တဲ့ သူတွေမရှိတော့ ကျန်နေတာအများကြီးပဲ။ ကွမ်းသီးက ဈေးမကောင်းဘူး၊ အသီးလှမှ ၁၀၅၀၀ လောက်ပဲရတယ်။အရင်နှစ်ကဆို ၁ သောင်း ၈ ထောင်လောက်အထိရတယ်။ အဲကြောင့် အခုက ရောင်းလည်းမရောင်းဘူး၊ ဝယ်လည်း မဝယ်တော့ဘူး။ သင်္ကြန်ကုန်ရင် ဒီထက်ဈေးကောင်းရမလားပေါ့၊ ၂ သောင်းအထိရမယ်လို့ မမျှော်ရဲဘူး” ဟု ရေး အဝယ်ဒိုင်တစ်ဦးက ဆက်ပြောသည်။
သင်္ကြန်ကာလမတိုင်မီအထိ ဈေးကွက်လှုပ်ရှားမှု ရှိမည်မဟုတ်ကြောင်းနှင့် သယ်ယူပို့ဆောင်ရေး အခြေအနေများ ပြန်လည်ကောင်းမွန်လာပြီး ဈေးကွက်လှုပ်ရှားမှုရှိလာမှသာ ကွမ်းသီးခြောက် အရောင်းအဝယ်လုပ်ငန်းများကို ပြန်လည်စတင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးထားသည့် ရေး-သံဖြူဇရပ်လမ်းပိုင်း၌ စစ်ဆေးရေးဂိတ် ၈ ခု ထက်မနည်းရှိပြီး အဆိုပါလမ်းပိုင်းတွင် စစ်ကော်မရှင်မှ စစ်အင်အားဖြည့်တင်းနိုင်ရေး နည်းအမျိုးမျိုးနှင့်သွားလာလှုပ်ရှားနေသဖြင့် တော်လှန်ရေးတပ်ဖွဲ့ဘက်မှ စစ်ဆေးရေးတင်းကြပ်ထားသည်။
၎င်းအပြင် စစ်ကော်မရှင်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ကြား ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေပြီး စီကောင်စီ စစ်ကြောင်းများကိုလည်း တော်လှန်ရေးတပ်ဖွဲ့များ ကြားဖြတ်တိုက်ခိုက်လေ့ရှိသည်။
ထို့ကြောင့် လမ်းပိုင်းတွင် ဖြတ်သန်းသွားလာသူနည်းပါးပြီး ကုန်စည်စီးဆင်းမှုလည်း ခက်ခဲလျှက်ရှိသည်။
တနင်္သာရီမြို့နယ် ဇဝဲမြို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်နေ့က ကွမ်းသီးခြောက်တင်ဆောင်လာသည့် ကားနှစ်စီး ကြေးနန်းတိုင်တံတားဂိတ်တွင် စစ်အာဏာရှင်တပ်ထံ ဖမ်းဆီးခံခဲ့ရသည့်နောက် ကွမ်းသီးဝယ်သူ နည်းလာကြောင်းလည်း သိရသည်။


