Tuesday, March 17, 2026
More
    spot_img
    Homeသတင်းကျောင်းရွာအခြေစိုက် ခမရ-၅၉၁ တပ်ရင်းမှ လက်နက်ကြီးကြောင့် ဒေသခံမိသားစုဝင် ၃ ဦး ကျည်ထိမှန်ဒဏ်ရာရရှိပြီး ၁ ဦးသေဆုံး

    ကျောင်းရွာအခြေစိုက် ခမရ-၅၉၁ တပ်ရင်းမှ လက်နက်ကြီးကြောင့် ဒေသခံမိသားစုဝင် ၃ ဦး ကျည်ထိမှန်ဒဏ်ရာရရှိပြီး ၁ ဦးသေဆုံး

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာအခြေစိုက် ခမရ-၅၉၁ တပ်ရင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံမိသားစုဝင် ၃ ဦးကျည်ထိမှန်ဒဏ်ရာရပြီး ၁ ဦးသေဆုံးသွားခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းမြစ်များမှ သိရသည်။

    ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ယမန်နေ့ နံနက် ၈ နာရီဝန်းကျင်အချိန်ခန့်တွင်  ကျောင်းရွာအခြေစိုက် ( ၅၉၁) တပ်ရင်းမှ ကင်းလှည့်ရန် ထွက်ခွာလာသော စစ်ကော်မရှင်တပ်သားများကို ရေးဘီလူးအဖွဲ့မှ ကြားဖြတ်တိုက်ခိုက်မှုကြောင့် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ကျောင်းရွာအခြေစိုက် ခမရ-၅၉၁ တပ်ရင်းမှလည်း လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်။

    ကျောင်းရွာ ရွာထိပ်ရှိ ဥယျာဉ်ခြံတစ်ခုအတွင်းသို့ အဆိုပါလက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး ဥယျာဉ်ခြံရှိ ဖက်ရွက်ခူးသူ မိသားစုဝင် ၃ ဦး ကျည်စထိမှန်ဒဏ်ရာရရှိကာ ၁ ဦးသေဆုံးသွားခဲ့ရသည်။

    ပုံ-ပေးပို့

    ဒေသခံတစ်ဦးက “အဖေဖြစ်သူကတော့ အသက် ၄၅ နှစ်လောက်ရှိမယ်၊ အဲ့နေရာမှာပဲ ဆုံးသွားတယ်။ အမေနဲ့ သားအငယ်ကတော့ လက်မှာ ဒဏ်ရာရသွားတယ်။ သမီးကတော့ ဒဏ်ရာအပြင်းအထန်ရထားတယ်”ဟု ၎င်းက ဆိုသည်။

    ဒဏ်ရာရှိထားသည့် မိသားစုဝင်များမှ အခြေအနေစိုးရိမ်ရသည့် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်ကို ရေးမြို့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ထိုမှတစ်ဆင့် မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူနေရသည်ဟု ဆိုသည်။

    အဆိုပါ မိသားစုဝင်များသည် ကျောင်းရွာကျေးရွာ၊ အုန်းတောရပ်၊ ရပ်ကွက် ၄ တွင် နေထိုင်ကြသူများပြီး လက်လုပ်လက်စား အခြေခံလူတန်းစားများဖြစ်သည်ဟုလည်း သိရသည်။

    တိုက်ပွဲဖြစ်ပွားစဉ်နှင့် လက်နက်ကြီးပစ်ခတ်မှု လုပ်ဆောင်နေစဉ် ကျောင်းရွာ-ရေး လမ်းပိုင်းတွင် ပိတ်ဆို့ခြင်းမရှိဘဲ ယနေ့အထိ ပုံမှန်အတိုင်းသွားလာနေကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

    “အရင်ကဆို တိုက်ပွဲဖြစ်ရင် လမ်းတွေပိတ်တယ်လေ၊ ခုတခါတော့ ဘယ်လမ်းမှ မပိတ်ဘူး။ ဒီအတိုင်းပဲ သွားလာနေကြတာ၊ ကျွန်မတို့ကျောင်းရွာကလူတွေလည်း ပြေးတာတွေမရှိဘူး ” ဟု သူက ဆိုသည်။

    နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဘက်မှ တပ်ကြပ်ကြီးရာထူးရှိ ဗိုလ်လေးစိုးဝင်းအပါအဝင် တပ်သား ( ၃ ) ဦး သေဆုံးသွားပြီး ရေးဘီလူးအဖွဲ့တပ်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်နေ့ကလည်း ရေးပြောက်ကျားအဖွဲ့ (YGF) ပါဝင်သည့် တော်လှန်ရေးပူးပေါင်းအဖွဲ့နှင့် ခမရ (၅၉၁) တပ်ရင်းတို့ လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ကျောင်းရွာကျေးရွာအတွင်းရှိ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားရသေးသည်။

     ရေးမြို့နယ်တွင် ကျေးရွာအုပ်စု ၅ အုပ်စုမှ အိမ်ထောင်စု ၁၃၀၀၀ စုတို့ ယခု ၂၀၂၆၊ နှစ်ဦးပိုင်းတွင် စစ်ကြောင်းထိုး ပစ်ခတ်မှုများနှင့် လက်နက်ကြီးများကြောင့်  နေရပ်စွန့်ခွာတိမ်းရှောင်နေရကြောင်းလည်း ဗမာပြည်တောင်ပိုင်း လူသားချင်းစာနာထောက်ထားမှုကွန်ယက်မှ အစီရင်ခံစာအချက်အလက်များတွင် ဖော်ပြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks