Saturday, March 14, 2026
More
    spot_img
    Homeသတင်းရာဖူးရွာခံ မသန်စွမ်းအမျိုးသားတစ်ဦးကို စစ်ကော်မရှင်မှ အကြောင်းမဲ့ပစ်သတ်

    ရာဖူးရွာခံ မသန်စွမ်းအမျိုးသားတစ်ဦးကို စစ်ကော်မရှင်မှ အကြောင်းမဲ့ပစ်သတ်

    -

    တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရာဖူးကျေးရွာ၊ ရာဘာခြံတစ်ခုအတွင်း ဝင်ရောက်လာသည့် စစ်ကော်မရှင်စစ်ကြောင်းတစ်ခုမှ ယမန်နေ့က အကြားအာရုံချို့ယွင်းနေသူ (မသန်စွမ်း) အမျိုးသားတစ်ဦးကို အကြောင်းမဲ့ ပစ်သတ်ခဲ့သည်ဟု ဒေသခံများထံမှသိရသည်။

    ယမန်နေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် ကျွဲတလင်းကျေးရွာမှ ရာဖူးကျေးရွာဘက်သို့ အင်အားရာနှင့်ချီ စစ်ကြောင်းထိုး ဝင်ရောက်လာစဉ် ပစ်သတ်ခံရခြင်းဖြစ်သည်ဟု သိရသည်။

    ရော်ဘာခြံတစ်ခုတွင် ရာဘာပင်အတင်အချလုပ်နေသည့် အသက် ၃၀ ကျော်အရွယ် ကိုအ ဆိုသူသည် ခြံအနီးသို့ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုကို ထိန့်လန့်သဖြင့် ထွက်ပြေးစဉ် လှမ်းခေါ်သည်ကို ပြန်လည်မတုန့်ပြန်သဖြင့် ပစ်ခတ်လိုက်ခြင်းဖြစ်သည်ဟု အကြောင်းအရာကိုသိရှိသူ  ရေဖြူဒေသခံတစ်ဦးက ပြောသည်။

    “ စစ်သားက အဲ့အနားရောက်တော့ သူတွေ့တာနဲ့ကြောက်ပြီးတော့ ပြေးတယ်၊ အနီးမှာသူများတွေလည်းရှိတယ်။ လှမ်းခေါ်တယ် ဒါမဲ့သူက နားမကြားဘူး။ စကားလည်း ပြောမတတ်ဘူးလေ။ အဲချိန်မှာ ပစ်လိုက်တယ်၊ ခေါင်းမှာနှစ်ချက် ဗိုက်မှာတစ်ချက် ပစ်လိုက်တယ်။ ပစ်မှားသွားမှန်းသိတော့ သူတို့ပစ်တဲ့နေရာကိုမမြင်အောင် ပတ်တီးနဲ့ ပတ်လိုက်တယ်၊ အိမ်ကိုပြန်ပဲပြန်ယူလာခိုင်းတယ်” ဟုပြောသည်။

    ဦးခေါင်းတွင် ကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်၊ ဝမ်းဗိုက် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်ဖြင့် ပစ်ခတ်မှုဖြစ်ပွားသည့်နေရာတွင်ပင် သေဆုံးခဲ့ရကြောင်းလည်း ဆိုသည်။

    မှားယွင်းပစ်ခတ်မိသည့်နောက် စစ်ကော်မရှင်စစ်ကြောင်းအဖွဲ့မှ ဆေးစရိတ်အဖြစ် ငွေ ၂ သိန်းပေးဆောင်ပြီး ၊ နေအိမ်သို့ပြန်ပို့ခိုင်းလိုက်သည်ဟု သိရသည်။

    “သူတို့ရန်သူကဒီအနားမှာပဲရှိတယ်။ အဲ့တာကြောင့်မှားပြီး ပစ်လိုက်တယ်လို့ ပြောတယ် စစ်သားတွေကရာဖူးရွာအနားမှာရှိတုန်းပဲ။ မထွက်ရသေးဘူး၊ လာရောက်မေးမြန်းတာမျိုးလည်း မရှိဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။

    စစ်ကော်မရှင်စစ်ကြောင်းအဖွဲ့သည် ယနေ့ညနေအထိ ရာဖူးကျေးရွာအနီးတစ်ဝိုက်တွင် အင်အားရာနှင့်ချီ တပ်စွဲထားဆဲဖြစ်ပြီး စစ်ဆေးမေးမြန်းမှုမျိုးလည်း မလုပ်ဆောင်သေးကြောင်း သိရသည်။

    ပြီးခဲ့သည့်ရက်ပိုင်းက ကလိန်အောင်- မလွှဲတောင် ကားလမ်းမအရှေ့ဘက်တွင် စစ်ကော်မရှင်စစ်ကြောင်းအဖွဲ့တို့ နေရာယူထားရာမှ ယခုရက်ပိုင်းတွင် ကားလမ်းမပေါ်တွင် ပြန်လည်ရောက်ရှိလာကြောင်းလည်း သိရသည်။

     စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့အကြား ကားလမ်းမအနီးတစ်ဝိုက် တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် ယခုရက်ပိုင်းအတွင်း ထားဝယ်-ကလိန်အောင်လမ်းပိုင်းကို တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ပိတ်ထားရကြောင်း ပရဟိတယာဉ်မောင်းတစ်ဦးက ပြောသည်။

    တနင်္သာရီတိုင်းတွင် ဇန်နဝါရီလအတွင်း တိုက်ပွဲ ၅၆ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး ယခုလတွင်လည်း ထိတွေ့တိုက်ပွားများ ဆက်လက်ဖြစ်ပွားနေပြီး ဒရုန်းဖြစ်တိုက်ခိုက်မှုအရေအတွက်များလာနေကြောင်းလည်း FE 5 မှ အချက်အလက်အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks