မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းက ကျေးရွာတွေဘက်ကို အင်အား ၅၀၀ ခန့်ရှိတဲ့ စစ်ကော်မရှင်တပ်တွေက စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ဖေဖော်ဝါရီလ ၇ ရက်နေ့ကနေ စစ်ကြောင်းထိုး စတင်ဝင်ရောက်လာခဲ့ပါတယ်။
စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်းတွေကို ဒေသတွင်း လှုပ်ရှားနေတဲ့ တော်လှန်ရေးပူပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်နေတဲ့အတွက် ဒေသတွင်းမှာ ထိတွေ့ တိုက်ပွဲတွေ ပြင်းထန်လာခဲ့ပါတယ်။
တိုက်ပွဲတွေ ပြင်းထန်လာတဲ့အချိန်မှာ စစ်ကော်မရှင်စစ်ကြောင်းကနေ လူနေ ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေလည်း ဆက်တိုက်လုပ်ဆောင်လာခဲ့ပါတယ်။ စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျကွဲမှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေလည်း ရှိနေပါတယ်။
စစ်တပ်က စစ်ကြောင်းထိုးနေတာတွေနဲ့ လက်နက်ကြီးတွေ ပစ်ခတ်နေတာတွေကြောင့် ကျိုက်ထိုမြို့နယ်၊ အလူးကျေးရွာအုပ်စု၊ ငှက်ပျောတောကျေးရွာအုပ်စု၊ ခရွဲကျေးရွာအုပ်စုနဲ့ ဝင်းကံကျေးရွာအုပ်စုအတွင်းက ကျေးရွာပေါင်း ၁၉ ရွာမှ အိမ်ခြေ ၃၀၀၀ နီးပါးက လူဦးရေ ၁၃၀၀၀ နီးပါးဟာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရပါတယ်။

စစ်ကော်မရှင်စစ်ကြောင်းတွေဟာ လက်ရှိအချိန်ထိ ကျေးရွာတွေထဲမှာ ဝင်ရောက်တပ်စွဲထားတဲ့အတွက် စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေ နေရပ်မပြန်နိုင်ပဲ ဖြစ်နေပါတယ်။ တိမ်းရှောင်နေရတဲ့ရက်ကြာလာတာနဲ့ အစားအသောက်တွေ နေထိုင်ရေးတွေကလည်း အခက်အခဲရှိလာပါတယ်။ စစ်ဘေးရှောင်တွေရဲ့ အခြေအနေကို သိရှိနိုင်ရန်အတွက် စစ်ဘေးရှောင်များကို အကူအညီပေးနေတဲ့ ဗမာပြည်တောင်ပိုင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကွန်ရက်က မဆောင်းကို လွတ်လပ်သော မွန်သတင်းအေဂျင်စီက ဆက်သွယ်မေးမြန်းထားပါတယ်။
မေး ။ ။ သထုံဘက်မှာ စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတယ်။ တိုက်ပွဲတွေကြောင့် ဒေသခံ ၁၃၀၀၀ လောက် ထွက်ပြေးနေရတယ်လို့ ကေအဲန်ယူက ထုတ်ပြန်ထားတာလဲရှိနေတော့ ဒီစစ်ရှောင်တွေရဲ့ အခြေအနေလေး သိပါရစေရှင်။
ဖြေ ။ ။ စစ်ကြောင်းထိုး တိုက်ပွဲဖြစ်တဲ့ဟာက ၁၀ (ဖေဖော်ဝါရီ ၁၀) ရက်လောက်ကတည်းက ပြီးသွားပြီပေါ့နော် အခုနောက်ပိုင်းတော့ အဲလိုမျိုး တိုက်ပွဲ ပြင်းထန်တာမျိုးတော့ မရှိတော့ဘူး။ စစ်ရှောင်လူဦးရေက ကရင်က ထုတ်ပြန်ထားတဲ့အတိုင်း မှန်တယ်ပေါ့နော်။ စစ်ရှောင်အခြေအနေက အခုချိန်ထိ သူတို့ နေရပ်မပြန်ရဲသေးဘူး။ လက်ရှိမှာက အဲဒီဒေသတွေမှာ စကစက အထိုင်ပုံစံမျိုးနဲ့ ယူထားတယ်ပေါ့နော် အဲအခါကျတော့ ရွာသားတွေအနေနဲ့က ပြန်ဖို့က အဆင်မပြေဘူး။
မေး ။ ။ စစ်ဘေးရှောင်တွေက ဘယ်လိုနေရာမျိုးမှာ နေနေကြရတာလဲ?
ဖြေ ။ ။ စစ်ဘေးရှောင်တွေက အဆင်ပြေတဲ့နေရာမှာ နေနေရတာပေါ့ မိုးရာသီမဟုတ်တဲ့အတွက် အချို့ကျတော့လည်း ခြံတွေထဲမှာ နေတယ်။ အချို့ကျတော့လည်း အသိအိမ်တွေမှာ နေတယ်ပေါ့၊ ဒါမှမဟုတ် အချို့ကကျတော့လည်း မြို့ပေါ်မှာ တိမ်းရှောင်တာမျိုးတို့ အမျိုးရှိတဲ့နေရာကို ပြောင်းရွှေ့နေထိုင်တာမျိုးပေါ့နော် ဒါမျိုးတွေ နေနေကြတယ်။ ဒီဘက်မှာက စစ်ရှောင်စခန်းတွေ ဆောက်ထားတာမျိုးမဟုတ်ဘူး အဆင်ပြေတဲ့နေရာမှာ အဆင်ပြေသလို တိမ်းရှောင်နေကြတာပေါ့နော် အမျိုးဆီမှာ နေသလိုမျိုး ဒါမှမဟုတ် သူတို့ပိုင်တဲ့ခြံမှာ နေတာလိုမျိုး ကိုယ့်အသိမှာ နေတာလိုမျိုး ဒီလိုမျိုးတွေ နေထိုင်ကြတယ်။
မေး ။ ။ စစ်ဘေးရှောင်တွေရဲ့ အဓိက လိုအပ်ချက်တွေက ဘာတွေရှိမလဲ?
ဖြေ ။ ။ အဓိက လိုအပ်ချက်ကတော့ စားနပ်ရိက္ခာပေါ့နော် အစားအသောက် စားနပ်ရိက္ခာလို့ ပြောရမှာပေါ့။
မေး ။ ။ စစ်ဘေးရှောင်တွေ အဓိကကြုံတွေ့ရတဲ့ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေကရော ဘယ်လိုရှိလဲ?
ဖြေ ။ ။ အခု လက်ရှိကတော့ ရောဂါနဲ့ ပတ်သက်ပြီး ဘာမှမကြားသေးဘူးပေါ့နော်။ အခုတိမ်းရှောင်နေရတာက ၁၀ ရက်နေ့လောက်ကတည်းကဆိုတော့ အခုဆို တစ်ပတ်ကျော်ပေါ့နော် ဒီအတောအတွင်း ရောဂါအခြေအနေတွေ ရောဂါဖြစ်ပွားနေတာတော့ ဘာမှ မကြားရသေးဘူး။
မေး ။ ။ စစ်ရှောင်တွေကို အကူအညီပေးတဲ့နေရာမှာ ဘာတွေ အခက်အခဲရှိလဲ?
ဖြေ ။ ။ ထောက်ပံ့ဖို့က ဆောင်ရွက်နေတယ်၊ ချိတ်ဆက်နေတယ်။ ဘယ်လိုအခက်အခဲတွေရှိနေလဲဆိုတဲ့အခါကျတော့ စစ်ရှောင်တွေက တနေရာတည်းမှာမဟုတ်ဘူး ပြန့်ကြဲနေတယ်။ အဆင်ပြေတဲ့နေရာမှာ တိမ်းရှောင်ကြတာဖြစ်တဲ့အတွက် တခါတည်း ထောက်ပံ့မှုတွေ လုပ်ဖို့ကလည်း အဆင်မပြေဘူးပေါ့နော် လမ်းလှမ်းမှီတဲ့နေရာလောက်ပဲ လမ်းလှမ်းမှီသလောက်ပဲ ထောက်ပံ့မှုတွေ ဆောင်ရွက်လို့ရမယ်ပေါ့နော် ဒီစစ်ရှောင် ၁၃၀၀၀ ကျော်လုံးကိုလည်း တပြိုင်တည်း ထောက်ပံ့နိုင်တဲ့အနေအထားလည်း မရှိဘူးပေါ့နော်
မေး ။ ။ ဖြည့်စွက်ပြီး ဘာများထပ်ပြောချင်လဲ?
ဖြေ ။ ။ စစ်ရှောင်စခန်းတွေဆိုတာကလည်း စကစရဲ့ ပစ်မှတ်ပေါ့နော် ပစ်မှတ်လိုနေရာမျိုး ဖြစ်နေတာဖြစ်တဲ့အတွက်ပေါ့နော် လူစုလူဝေး မလုပ်တာကလည်း အကောင်းဆုံးပဲပေါ့နော် ဒါလေး ကျမဖြည့်စွက်ပြောချင်တဲ့အကြောင်းအရင်းပါ။


