ဖိုဝါဒနှင့် လူမျိုးကြီးဝါဒ လွန်စွာကြီးမားပြီး အာဏာရှင်စနစ်အမြစ်တွယ်နေသည့် နိုင်ငံတွင် အခြားတိုင်းရင်းသူ အမျိုးသမီးများနှင့်နည်းတူ မွန်အမျိုးသမီးများလည်း ခေါင်းဆောင်ပိုင်းနှင့် ဆုံးဖြတ်ချက်ကဏ္ဍအတွက် လက်ရှိအချိန်အထိ တိုက်ပွဲဝင်နေရဆဲ၊ တော်လှန်နေရဆဲဖြစ်သည်။
ကိုဗစ်ကပ်ရောဂါကာလနှင့် အာဏာသိမ်းထားသည့် အကြပ်အတည်းများကြောင့် အခြေခံလူတန်းစား၊ လူလတ်တန်းစားအမျိုသမီးများ စားဝတ်နေရေးနှင့် မိသားစုတာဝန်များဖြင့် ပိုမိုလုံးချာလည်နေရသည့်အပြင် အမျိုးသမီးများအပေါ် ဖိနှိပ်ဖယ်ကျဉ်မှုများသည် နေ့စဉ်လူမှုစီးပွားဘဝတွင် ကြုံတွေ့နေကြရသည်။

လာမည့် တပေါင်းလဆန်း ၁၂ ရက်နေ့တွင် ကျရောက်မည့် ၂၂ ကြိမ်မြောက် မွန်အမျိုးသမီးများနေ့မှ “အမျိုးသမီးများ၏ ခေါင်းဆောင်မှုဖြင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်ကြစို့ ” ဆိုသည့် ကြွေကြော်သံဖြင့် အမျိုးသမီးများ ဦးဆောင်မှုကဏ္ဍတွင် တိုးတက်အားကောင်းစေရေး လှုပ်ရှားသွားမည်ဟုလည်း မွန်အမျိုးသမီးအရေးဆောင်ရွက်နေသူများမှ သိရသည်။
အမျိုးသမီးများ၏ စွမ်းဆောင်ရည်ဖြင့် ငြိမ်းချမ်းရေးပန်းတိုင် ရောက်နိုင်မည်ဟု ယုံကြည်ကြောင်းနှင့် ယနေ့မွန်အမျိုးသမီးများ ဦးဆောင်မှုအပိုင်းတွင် ထဲထဲဝင်ဝင်မပါဝင်နိုင်ခြင်းအပေါ် ရင်ဆိုင်နေသည့် စိန်ခေါ်မှုများကို မွန်အမျိုးသမီးအဖွဲ့ MWO မှ ပြောရေးဆိုခွင့်ရှိသူ မွန်အမျိုးသမီးတစ်ဦးနှင့် ဆက်သွယ်မေးမြန်းထားသည်။
မေး။ ။ အာဏာသိမ်းပြီးကာလ လုံခြုံမှုမရှိတဲ့ အခြေအနေတွေကြားမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအသိုင်းအဝိုင်းမှာ မွန်အမျိုးသမီးတွေ ဦးဆောင်နေတဲ့ အခြေအနေဘယ်လိုရှိလဲ။
ဖြေ။ ။ အခုအခြေအနေက လူတိုင်းကကိုယ်စီကိုယ်စီ ကြပ်တည်းနေတယ်၊ ဒါမဲ့မွန်ပြည်နယ်မှာတော့၊ အခြားဒေသတွေလို စစ်ဘေးဒုက္ခ အရမ်းကြုံနေရာတာမျိုးမဟုတ်ဘူးလို့ ပြောလို့ရတယ်။ ၁၀ မြို့နယ်ထဲမှာဆိုရင် နှစ်ပိုင်း ဖြစ်နေတယ်ပေါ့ ရေးမြို့နယ်ကနေ သံဖြူဇရပ်အထိကတော့ နည်းနည်းကြပ်တဲ့အခြေအနေပေါ့၊ ဒီကာလ စစ်ဖြစ်နေတဲခြေအနေမှာ အမျိုးသမီးနဲ့ကလေးတွေက ပိုပြီးတော့ရင်ဆိုင်ရတယ်၊ အရင်အချိန်ကတော့ အမျိုးသမီးတွေ နိုင်ငံရေးထဲမှာပါဝင်ဖို့ တိုက်တွန်းလာခဲ့တယ်။ ရှေ့ထွက်ပြီး ခေါင်းဆောင်ပိုင်းတွေမှာပါဝင်ဖို့ သင်တန်းတွေ workshop တွေအဆက်ဆက်ပို့ချဖြစ်တယ်၊ အခုဆို တော်လှန်ရေးဘက် ရောက်လာတာရှိတယ်။ နောက်ပြီး အပြင်ဘက်ကို ပိုပြီးရောက်လာတာများတဲ့အခါကျတော့ ပြည်တွင်းမှာ လှုပ်ရှားတဲ့သူတွေ နည်းသထက် နည်းသွားတယ်။
စီးပွားရေးအပိုင်းမှာလည်းအများကြီးတော့လျော့သွားဘူး၊ ပုံမှန်အနေအထားသွားနိုင်သေးတယ်၊ ကုန်ဈေးနှုန်းများလာတဲ့အနေအထားမှာပဲ ကြပ်သွားတယ်။ လက်တွေ့အရ လူမှုရေးကိစ္စတွေဆိုရင်လည်း အမျိုးသမီးတွေ တော်တော်များများလျော့နည်းလာတယ်။ ဒါပေမဲ့ ရပ်ရွာတွေမှာရှိတဲ့အမျိုးသမီးတွေနဲ့လည်း အဆက်မပြတ်ဘူး၊ ရသလောက်ပူးပေါင်းလှုပ်ရှားလို့ရတဲ့ နေရာကနေ ပြည်တွင်းမှာရှိနေတဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ လုပ်ဆောင်နေတုန်းပါပဲ အားတော့ မကောင်းဘူးအများကြီးလျော့လာတယ်၊ local အရ ထိန်းလို့ရသလောက်ပဲ သွားနေတယ်၊ အဆက်သွယ်မပြတ်သွားအောင်တော့ ကြိုးစားနေပါတယ်။
မေး။ ။ ဟုတ်ကဲ့။ ခုဏက ဆရာမပြောသွားတဲ့ လက်ရှိမွန်အမျိုးသမီးတွေ ဦးဆောင်ပါဝင်နေတဲ့အခြေအနေအပေါ် ဘယ်လောက်အထိအားရမှုရှိသလဲ?
ဖြေ။ ။ အရင်လိုမျိုး လွတ်လွတ်လပ်လပ် လုပ်ဆောင်လို့ မရတဲ့အခါကျ နည်းနည်းမှအားရကျေနပ်မှု မရှိဘူးပေါ့နော်။ Women activist အနေနဲ့ စိတ်ကြိုက် လုပ်ဆောင်ခွင့်မရှိဘူး၊ တွေ့နေပေမဲ့ တားမြစ်ခံရတဲ့ ကိစ္စတွေလည်းများတယ် ၊ အစိုးရနဲ့လည်း ပူးပေါင်းပြီး လုပ်ဖို့ကမဖြစ်နိုင်သေးတော့၊ ဆက်ပြီးမလှုပ်ရှား ဖြစ်တယ်၊ အမျိုးသမီးတွေပုဂ္ဂိုလ်အရ လုပ်ဆောင်နေတယ် local ပဲ အဖွဲ့အနေနဲ့ကတော့မရဘူးပေါ့နော်။
မေး။ ။ အခုအချိန်အထိ မွန်အမျိုးသမီးတွေ ဦးဆောင်မှုအပိုင်းမှာ ထဲထဲဝင်ဝင်မပါဝင်နိုင်တာ ဘာ့ကြောင့်လဲ။ ဘယ်လိုအဟန့်အတား၊ စိန်ခေါ်မှုတွေ ရှိနေတာလဲ။
ဖြေ။ ။ စိန်ခေါ်မှုအဟန့်အတားတွေက များပါတယ်၊ အခုအခြေအနေဆို စစ်တပ်ကနေတားမြစ်တာတွေလည်းများတယ်၊ စစ်တပ်အင်အားအခြေအနေလည်းများတယ်၊ အရင်ကဆို လုပ်တယ်။ အုပ်ချုပ်ရေးပိုင်းဆိုင်ရာမှာ မြို့နယ်တွေနဲ့ပေါင်းပြီး လှုပ်ရှားတယ်၊ အမျိုးသမီးတွေအရည်အချင်းချင်းရှိရှိနဲ့ ထွက်လာနိုင်ဖို့ကိုခေါ်ပြီးတော့ လုပ်ဆောင်ပေးဖြစ်တယ်။ အခုကမသွားလာရဲဘူး။ ကိုယ်လည်းသွားပေးလို့မရဲဘူး၊ ခေါင်းဆောင်ပိုင်းကို ပြည်တွင်း၊ ပြည်ပအပိုင်းခွဲရရင် MUP ကနေဘယ်လောက်အထိလှုပ်ရှားပေးဖြစ်လဲပေါ့။ တော်လှန်ရေးအဖွဲ့နဲ့ အစိုးရအဖွဲ့ ကြားနှစ်ကြားရှိနေတယ်။
မေး။ ။ MWO အနေနဲ့ အားနည်းလာနေတဲ့ အမျိုးသမီးစွမ်းဆောင်ရည်ကိစ္စတွေ၊ ဦးဆောင်မှု ကိစ္စတွေအတွက် ဘယ်လိုမျိုးထည့်သွင်းစဉ်းစား ဆောင်ရွက်နေတာရှိလဲ။
ဖြေ။ ။ အတွေးအမြင်ဖွင့်ပေးတာတို့၊ ဦးဆောင်မှုအပိုင်းတွေကို ရှေ့ထွက်လာနိုင်အောင် အများကြီးလုပ်ဆောင်ခဲ့တယ်၊ ရှေ့ဆက်ပြီးလုပ်ဆောင်သွားမယ်။ ဒါမဲ့အမျိုးသမီးတွေက ဦးဆောင်နိုင်တဲ့ နေရာအထိကို မရောက်လာနေဘူး၊ အိမ်ထောင်ရေးအခက်အခဲနဲ့ မိသားစုကိစ္စတွေမှာပဲ လုံချာလည်နေတယ်၊ဘယ်လိုပဲရှုပ်နေပါစေ၊ ဘယ်လိုပဲငွေကြေး ကိစ္စကြပ်တည်းပါစေ၊ လုပ်ဆောင်ချင်တဲ့စိတ်ဓာတ်၊ ယုံကြည့်ချက်ရှိရင် ရှေ့ထွက်လာစေချင်တယ်၊ ရှက်လို့ ကြောက်လို့ဆိုတဲ့ စိတ်မထားစေချင်ဘူး၊ အမျိုးသမီး တွေကတော့ကိုယ်တစ်ယောက်တည်း လူရှေ့မှာရပ်တည်တဲ့အခါ စိုးရိမ်စိတ်များနေတယ်။ အမျိုးသမီးအဖွဲ့ ဖွဲ့လိုက်တာနဲ့ အရင်ကမြင်လိုက်တာက ၃၀ အထက် ၄၀ လို့မြင်နေတယ်။ နောက်ပိုင်း လူငယ်တွေခေါင်းဆောင်ရမယ်ဆိုတဲ့အပိုင်းကို ဦးစားပေးစဉ်းစားလာပြီးတော့ ၂၀ လောက် လူငယ်တွေကိုမြှင့်တင်ဖြစ်တယ်၊ ပညာပေး ဖြစ်တယ်ကဏ္ဍအစုံမှာ သူတို့နားလည်လာအောင်ပေါ့ နိုင်ငံရေးရောပေါ့ အမြင်မျှဝေစည်းရုံးမှုတွေ လုပ်ဆောင်နေတယ်။
မေး။ ။ အမျိုးသမီးအရေးဆောင်ရွက်တဲ့အခါမှာရော လွတ်လပ်ခွင့် ဘယ်လောက်ထိ ရှိလဲ။
ဖြေ။ ။ လှုပ်ရှားမှုအပိုင်းကျတော့ အဖွဲ့နာမည်ဖော်လို့မရဘူး၊ စစ်တပ်နဲ့လက်မတွဲဘဲ အတူတူ မဟုတ်ကတည်းကိုက ပြည်တွင်းမှာရှိလို့မဖြစ်တော့ဘူး။ ဒါမဲ့မြို့နယ်၊ ကျေးရွာအချို့ချို့တွေမှာ မွန်အမျိုးသမီးအဖွဲ့တွေ ရှိနေတယ်၊ ပုဂ္ဂိုလ်ရေးအရ ကူညီပြီးလုပ်ဆောင်ပေးနေတယ်၊ နယ်ဘက်မှာတော့ အမျိုးသမီးအဖွဲ့အနေနဲ့လည်း အရင်ကတည်းကရှိပြီးသားတွေရှိနေတယ်။ လိုအပ်သလောက်တော့ ဖြည့်ဆည်း လုပ်ဆောင်ပေးရုံပဲရတယ်။ supporter ၊ အကြံပေးတာတွေပဲ လုပ်ဖြစ်တယ်၊ရပ်ကျေးဆိုရင်လည်း နားလည်မှုအရပဲ Register က မရှိတော့ဘူးဆိုတော့၊ သံဖြူဇရပ်တို့၊ ရေးတို့ဆို လှုပ်ရှားလို့ရသေးတယ်၊ ချောင်းဆုံဆိုရသေးတယ်၊ ကျန်တဲ့အပိုင်းကျတော့အခက်အခဲရှိတယ်။
မေး။ ။ မွန်အမျိုးသမီးများမှာ မွန်အမျိုးသမီးတွေကို ဘာပြောချင်တာရှိလဲ ?
ဖြေ။ ။ ဒီနှစ်အမျိုးသမီးများနေ့အတွက် “အမျိုးသမီးများ၏ ခေါင်းဆောင်မှုဖြင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်ကြစို့ " ဆိုတဲ့ဆောင်းပုဒ်အနေနဲ့လုပ်ဆောင်ဖြစ်တယ်။ ဘာလို့ဆို ဒီကြားထဲအာဏာသိမ်းရော ပဋိပက္ခအကြားရော၊ ကပ်ရောဂါတုန်းကတော့ အဆက်သွယ်ဖြတ်ထားကြတယ်။ အချို့တွေ စိတ်ဓာတ် ကျတာတွေ၊ စိတ်ဓာတ်အမှောင်ဖုံးလွှမ်းလာမှုတွေကို လွှတ်ချနိုင်ဖို့ အမျိုးသမီးတွေ စိတ်ဓာတ်ခွန်အား တိုးလာစေဖို့အတွက်ပဲ။ အမျိုးသမီးတွေခေါင်းဆောင်မှုကလည်း ငြိမ်းချမ်းရေးကို ရောက်နိုင်မယ်ဆိုတာ ယုံကြည်တယ်။ ဒီဆောင်းပုဒ်အတိုင်းပဲ အမျိုးသမီးတွေ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပြီး ရှေ့ဆက်ပြီး လူမျိုးရေးလွတ်မြောက်ရေး တိုက်ပွဲနဲ့ ဖယ်ဒရယ်ဒီမိုကရေစီအတွက် ပြည်တွင်း၊ ပြည်ပ အမျိုးသမီးများပူးပေါင်းပြီးအတူတကွ သွာကြဖို့အတွက်တိုက်တွန်းတာပေါ့နော်။


