မာံသဟာဲ (မင်းစဟိုင်း)
နွေဦးနံနက်ခင်း၏ မြူနှင်းမြက်ခင်းများကြားတွင် ထားဝယ်နည်းပညာတက္ကသိုလ် (GTC) ၏ အဆောင်အဦးများသည် ခြောက်ကပ်တိတ်ဆိတ်နေသည်။ သို့သော် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်၊ နံနက် ၆ နာရီမှစ၍ “ဒိန်း… ဒိုင်း… ဝုန်း…” ဟူသော လက်နက်ကြီး၊ လက်နက်ငယ်သံတို့က အဆိုပါတိတ်ဆိတ်မှုကို ဖြိုခွဲကာ ကြွေပန်းကန်တစ်ခု ကြမ်းပြင်ပေါ်ကျကွဲသကဲ့သို့ အုတ်နံရံများကို တစဆီ အပိုင်းပိုင်းဖြတ်တောက်လိုက်သည်။
၎င်းသည် အာဏာရှင်စနစ်၏ နောက်ဆုံးခံကတုတ်တချို့ကို ဖြိုဖျက်ရန် ထားဝယ် အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်းနှင့် ထားဝယ်-ပကဖ (DGRF) တို့ ပူးပေါင်းဆင်နွှဲသည့် သမိုင်းဝင်စခန်းသိမ်းတိုက်ပွဲပင် ဖြစ်သည်။
မှန်ဗီဒိုအတွင်းက တုန်ရင်နေသော အသက်ရှူသံ
လေးနာရီကြာ ပြင်းထန်သော အပြန်အလှန်ပစ်ခတ်မှုများအပြီး ယမ်းငွေ့များအောက်တွင် တက္ကသိုလ်ဝင်းတစ်ခုလုံး ဝေဝါးနေသည်။ တော်လှန်ရေးရဲဘော်များ စာသင်ခန်းအတွင်းသို့ စီးနင်းဝင်ရောက်ချိန်တွင် မြင်လိုက်ရသည့် မြင်ကွင်းသည် စစ်ပွဲ၏ ရက်စက်မှုကို ကျော်လွန်၍ အစိုးရစစ်သားတို့၏ အစွမ်းကုန်ကြောက်ရွံ့မှုကို လှစ်ဟပြနေသည်။
“ကျနော့်ကို မသတ်ပါနဲ့နော်အကို။ မသတ်ပါနဲ့ ညီလေး ကြောက်လို့ပါ…”
ဖုန်ထူနေသော မှန်ဗီဒိုဟောင်းတစ်ခုအတွင်း၌ စစ်ကောင်စီတပ်သားတစ်ဦးသည် ကလေးငယ်တစ်ဦးကဲ့သို့ ကူးကူးကွေးကွေး ပုန်းအောင်းနေသည်။ သူ့လက်ထဲ၌ သေနတ်တစ်လက်ရှိသော်လည်း ထိုသေနတ်သည် သူ့အတွက် ပစ်ခတ်စရာမဟုတ်တော့ဘဲ ဝန်ထုပ်ဝန်ပိုးတစ်ခုသာ ဖြစ်နေတော့သည်။ စာသင်ခုံများအောက်တွင်လည်း အခြားတပ်သားတစ်ဦးက အသက်ရှင်ခွင့်အတွက် တုန်တုန်ရင်ရင် ငိုယိုတောင်းပန်နေသည်။ တက္ကသိုလ်ကျောင်းတော်၏ စာသင်ခုံများသည် တစ်ချိန်က ပညာလေ့လာဆည်းပူးရာနှင့် ပျော်ရွှင်စရာ ဗဟုသုတကမ္ဘာ ဖြစ်ခဲ့သော်လည်း ယနေ့တွင်မူ သေခြင်းနှင့် ရှင်ခြင်းကို ဆုံးဖြတ်သည့် စစ်တလင်းတစ်ခု ဖြစ်နေရှာသည်။

သေနတ်သံကို ကျော်လွန်သွားသည့် “လက်ဆွဲနှုတ်ဆက်မှု”
ဤတိုက်ပွဲ၏ အခြားတစ်ဖက်တွင်မူ တော်လှန်ရေးရဲဘော်တို့၏ ကြီးမြတ်သော ကျင့်ဝတ်ကို မြင်တွေ့ရသည်။ “ငါတို့က အရင်ကတည်းက အရှင်မိတာ အများကြီးပဲ။ ငါတို့ မသတ်ဘူး” ဟူသော အာမခံချက်သည် ယမ်းငွေ့များကြားတွင် ငြိမ်းချမ်းရေးစာချွန်လွှာတစ်ခုကဲ့သို့ ပဲ့တင်ထပ်သွားသည်။
အထူးခြားဆုံး မြင်ကွင်းမှာ လက်မြောက်အလင်းဝင်လာသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို တော်လှန်ရေးရဲဘော်တစ်ဦးက ရန်သူလိုမဆက်ဆံဘဲ ရင်းနှီးစွာ လက်ဆွဲနှုတ်ဆက်ပြီး ပွေ့ဖက်လိုက်ခြင်းဖြစ်သည်။ “အိုခေ လေးစားတယ် အဲဒီလိုဖြစ်ရမယ်။ ကြိုက်တယ်ကွာ။ ရှိသေးလား ခေါ်လိုက် ခေါ်လိုက်” ဤစကားသံသည် ခါးသီးလှသော ရန်ငြိုးများကို လူသားဆန်မှုဖြင့် ဆေးကြောပစ်လိုက်သည့် ခဏတာ ဆုံမှတ်ပင်ဖြစ်သည်။ ဤသည်မှာ တိုက်ပွဲတစ်ခု၏ အောင်နိုင်သူအသံထက်၊ ပြည်သူ့ဘက်တော်သားတစ်ဦး၏ နွေးထွေးသော ကြိုဆိုသံနှင့် ပို၍တူနေတော့သည်။
တိုက်ပွဲအချက်အလက်နှင့် သင်ခန်းစာ
ဤတိုက်ပွဲသည် ရုပ်ရှင်ဆန်သော်လည်း လက်တွေ့ကျလှသည်။ စစ်ကောင်စီဘက်မှ ဗိုလ်ကြီးတစ်ဦးနှင့် ဗိုလ်မှူးတစ်ဦး အပါအဝင် (၁၉) ဦး သေဆုံးခဲ့ပြီး၊ တော်လှန်ရေးအင်အားစုများက –
81 စက်လက် (၁) လက်
သေနတ် (၁၇) လက်
ကျည်ဆန် (၃,၀၀၀) ကျော်
လက်ပစ်ဗုံး (၁၂) လုံးတို့ကို သိမ်းဆည်းနိုင်ခဲ့သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များသည် စစ်သုံ့ပန်း (၁၁) ဦးကို ဘေးကင်းစွာ ဖမ်းဆီးနိုင်ခဲ့သည်။ DNLA တာဝန်ရှိသူတစ်ဦးက “ဖမ်းမိထားတဲ့သူတွေကို စစ်သုံ့ပန်း ဥပဒေအတိုင်း အရေးယူမှာပါ။ စစ်သားနဲ့ ရဲတွေအနေနဲ့ ပြည်သူ့ရင်ခွင်ကို အမြန်ဆုံး ခိုလှုံကြပါ” ဟု အလေးအနက် တိုက်တွန်းထားသည်။
အမုန်းတရားထက် ကြီးမြတ်သော လူသားချင်းစာနာမှုအောင်ပွဲ
ယနေ့ခေတ်ကာလတွင် ဖြစ်ပွားခဲ့သော ထားဝယ်နည်းပညာတက္ကသိုလ်၏ နံရံများပေါ်တွင် ကျည်ဆန်ရာများ ကျန်ရစ်နေပါလိမ့်မည်။ သို့သော် ထိုနံရံများအတွင်း၌ပင် ရန်သူကို မိတ်ဆွေအဖြစ် သဘောထားပြောင်းလဲနိုင်ခဲ့သည့် လူသားချင်းစာနာမှုဆိုသည်မှာ ဘာလဲ ဆိုသည်ကို လက်တွေ့ပြသခဲ့သည့် သမိုင်းဝင်မှတ်တမ်းတစ်ခုကို ဒူရကစစ်ကြောင်းက ကမ္ဘာသိအောင် ရေးထိုးနိုင်ခဲ့ပြီဖြစ်သည်။
ဤသည်မှာ တိုက်ပွဲတစ်ခုကို အနိုင်ရခြင်းထက်၊ လူသားချင်းစာနာမှုကို ဦးစားပေးလိုက်ခြင်းက ပို၍ ကြီးမြတ်ကြောင်း သက်သေပြလိုက်သည့် ထားဝယ်မြေ၏ တော်လှန်ရေးပုံရိပ်လွှာပင် ဖြစ်တော့သည်။


