spot_img
Friday, February 20, 2026
More
    spot_img
    Homeသတင်းBGF ဗိုလ်မှူးမုတ်သုံနယ်မြေတွင် ကျားဖြန့်လုပ်ငန်းခွင်များ တိုးချဲ့နေ

    BGF ဗိုလ်မှူးမုတ်သုံနယ်မြေတွင် ကျားဖြန့်လုပ်ငန်းခွင်များ တိုးချဲ့နေ

    -

    ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ကရင်နယ်ခြားစောင့်တပ် BGF တပ်နယ် ၄ ၏ တပ်မှူး ဗိုလ်မှူးစောမုတ်သုန်၏ ၅၅၅ ဗျူဟာ နယ်မြေ မေတ္တာလင်းမြိုင်တွင် ကျားဖြန့်ခြံဝန်း၊ အဆောက်အဦးသစ်များ တိုးချဲ့လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

    အထူးသဖြင့် ယခင် တရုတ်၊ ထိုင်းနှင့် စစ်တပ်တို့ ပူးပေါင်းဖျက်ဆီးလိုက်ကြသည့် KK Park အနီးဝန်းကျင်တွင်ပင် ပြန်လည်အခြေစိုက်နိုင်ရန် ပြင်ဆင်လာခြင်းဟု သိရသည်။

    KK Park ၏ အနောက်ဘက် မေတ္တာလင်းမြိုင်ကျေးရွာနှင့်အနီးတဝိုက်တွင် ကျားဖြန့်ငွေလိမ်လုပ်ငန်းအတွက် ခြံဝန်းများ ရုပ်လုံးပေါ်လာသလို အဆောက်အဦးအချို့လည်း ဖော်ဆောင်နေသည့် အခြေအနေဟု ဆောက်လုပ်ရေးလုပ်သားတစ်ဦးထံမှ သိရသည်။

    “ကျွန်တော်တို့တာဝန်ယူခဲ့ရတာဆိုရင် ရွာအနောက်ဘက်ခြမ်းက၊ လက်ခက်တောင်နဲ့ ကြားထဲမှာ ရှိတယ်။ သူကတော့ စနေတုန်းပဲ။ ကျားဖြန့်ရုံလို့ ကျွန်တော်တို့ သိထားတယ်။ တခါတလေ တရုတ်လော်ပန်းတချို့ လာကြည့်တာရှိတယ်။ မလှမ်းမကမ်းမှာ လုံခြုံရေးဂိတ်ရှိတယ်။ တခြားလူတွေလာလို့မရဘူး။ ရွာနဲ့လည်း ဝေးပါတယ်။ နဂိုကတည်းက လူသွားလူလာနည်းတဲ့နေရာ” ဟု ဆောက်လုပ်ရေးလုပ်သားက ပြောပြသည်။

    BGF ဘက်က အဆောက်အဦးသစ်များကို မည်သို့ မည်ပုံကိုင်တွယ်မည်ကို မသိရသေးဘဲ ၅၅၅ ဗျူဟာနယ်တွင် ဗိုလ်ရှိန် ဆိုသူက အဓိကလှုပ်ရှားကြောင်း ဒေသခံများက ပြောသည်။

    ၎င်းပြင် မေတ္တာလင်းမြိုင်အနီးတွင် KK Park 2.0 ဟု ခေါ်သည့် ကျားဖြန့်လုပ်ငန်းခွင်အသစ်လည်း နာမည်ကြီးလာသည်။

    ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ရဲဘော်တစ်ဦးက “အဲဒီနေရာက တောထဲကျတယ်။ အဲ့ဒါလည်း ဗိုလ်မုတ်သုန်ပိုင်တာ။ အဆောက်အအုံတွေက တော်တော်များများပြီးနေပြီ။ အထပ်မြင့်တွေပဲ။ အရင်လောက်ခြံဝန်းက မကျယ်ပေမယ့် တော်တော်လေး ကြီးတဲ့အထဲတော့ ပါတယ်။ အနားကပ်လို့တော့ မရသေးဘူး။” ဟု ပြောသည်။

    မေတ္တာလင်းမြိုင်က ကျားဖြန့်ငွေလိမ်းလုပ်ငန်းနှင့် ပတ်သက်ပြီး လွတ်လပ်သော မွန်သတင်းအေဂျင်စီက BGF တာဝန်ရှိသူများကို မေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

    ဖျက်သိမ်းလိုက်သော KK Park အနီး ၅ ကီလိုမီတာခန့်အကွာတွင် ခြံစည်းရိုး သံတိုင်အထပ်ထပ် ကာရံထားသော ကျားဖြန့် အွန်လိုင်းငွေလိမ်စခန်းအသစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း မလေးရှား တက်ကြွလှုပ်ရှားသူတစ်ဦးက ဓာတ်ပုံများနှင့်တကွ ထုတ်ဖော်ပြောဆိုလာသည်။

    မလေးရှားနိုင်ငံအခြေစိုက် သတင်းဌာနများတွင် အဆိုပါ ကျားဖြန့် စခန်းသစ်ကို မလေးရှားနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်နေသည့် ရာဇဝတ်သားများက လုပ်ငန်းလည်ပတ်နေကြသည်ဟု ယူဆရကြောင်း၊ အဆိုပါလုပ်ငန်းတွင် လုပ်ကိုင်ရန် မလေးရှားနိုင်ငံသား အနည်းဆုံး ၁၅၀ ခန့်ကို ထိုနေရာသို့ လှည့်ဖြားခေါ်ဆောင်ခံရကြောင်း ဖော်ပြကြသည်။

    တရုတ်နှင့် ထိုင်းနိုင်ငံ၏ ဖိအားကြောင့် မြန်မာစစ်တပ်အနေဖြင့် KK Park ခြံဝန်းကြီးအား ဖောက်ခွဲဖျက်ဆီးမှုများ လုပ်ပြခဲ့သော်လည်း အသစ်ထပ်ပေါ်လာသည့် ငွေလိမ်ဂိုဏ်းအခြေစိုက်နေရာများကို လစ်လျူရှုထားသည်။

    စစ်တပ်လက်အောက်ခံ BGF ထိန်းချုပ်နယ်မြေများတွင် လည်ပတ်နေသည့် ငွေလိမ်ဂိုဏ်းများကလည်း လူသစ်ထပ်မံစုဆောင်းနေပြီး အလုပ်ခေါ်စာများကိုလည်း နေ့စဉ်တွေ့နေရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks