မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌ တာဝန်ယူနေသည့် ဒုရဲတပ်ကြပ်အဆင့်ရှိသူ စိုးကျော်ကျော်(ခ) ရဲဝတုတ်သည် လမ်းသွားလမ်းလာဒေသခံနှင့် ယာဉ်မောင်းများကို အနိုင်ကျင့်နှောက်ယှက်မှုများ လုပ်ဆောင်နေကြောင်း မြို့ခံတစ်ဦးက IMNA သို့ သတင်ပေးပို့ ပြောဆိုချက်အရ သိရသည်။
စစ်ဆေးရေးဂိတ်ရှေ့ ဖြတ်သန်းသွားလာသူဒေသခံများ ရဲဝတုတ်ဆိုသူထံ ရိုက်နှက်ဆဲဆိုခံရခြင်း၊ အမျိုးသမီးများ မဖွယ်မရာပြောဆိုခံရခြင်းအပြင် သေနတ်ဖြင့် ငွေညှစ်ခြိမ်းခြောက်ခံရခြင်းများကြောင့်အမည်ဆိုးဖြင့် ကျော်ကြားနေသည်ဟု ဆိုသည်။
မြေပြင်သတင်းအရင်းမြစ်တစ်ဦးကလည်း အဆိုပါရဲဝတုတ်သည် သံဖြူဇရပ်ရဲစခန်းတွင် ၁၀ နှစ်ကြာ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး စစ်ဆေးရေးဂိတ်၌ တာဝန်ယူနေစဉ် ခြံလုပ်သားနှင့် ဘာသာစကားအားနည်းသူ ဒေသခံများကို ပစ်မှတ်ထားပြီး ငြိမ်းခြောက်ငွေညှစ်မှုများ လုပ်ဆောင်နေသည်ဟု အတည်ပြုပြောဆိုသည်။

"သူက နာမည်ကြီးတယ်လေ။ လက်လည်းတော်တော်သုံးတယ်။ သူ့ရဲ့ပစ်မှတ်ကတော့ မလည်မဝယ်နဲ့ မေးရင်ဘာမှပြောမတတ်တဲ့ သူတွေဆို သူအတွက် အကွက်ပဲ။ အဲလိုလူတွေဆီကနေလည်း ပိုက်ဆံတွေ ရနေတယ်လေ"ဟု ဆိုသည်။
၎င်းအပြင် လိုင်စင်မဲ့ယာဉ် စီးနင်းသူများကို နေအိမ်ပေါ်ထိတက်၍ အတင်းအဓမ္ဓရှာဖွေမှုများလုပ်ဆောင်နေသော်လည်း ရဲဝတုတ်ကိုယ်တိုင် လိုင်စင်မဲ့ယာဉ်များစီးနင်း၍ အရောင်းအဝယ်လုပ်ဆောင်နေသည့်အပြင် အခြားတရားမဝင်အလုပ်များကိုလည်း လုပ်ဆောင်လျှက်ရှိသည်။
ပင၊ ကရုပ္ပိ၊ ဝဲဂလောင်း၊ အံခဲ ကျေးရွာများအပြင် ဝယ်ရက်၊ ဝယ်ကလီ၊ ဝယ်ဝင်ကရာတစ်လျှောက်ရှိ ဒေသခံများ သံဖြူဇရပ်မြို့ပေါ်သို့ မလိုအပ်ဘဲ အသွားအလာမလုပ်ဆောင်လိုတော့ကြောင်း သတင်းပေးပို့သူ သံဖြုဇရပ်မြို့ခံက ဆိုသည်။
"ရွာဘက်က လူတွေကိုတော့ ဆိုင်ကယ်ဖမ်းငွေညှစ်တာတွေ၊ မူယစ်ဆေးအကြောင်းပြငွေညှစ်တာတွေ အမျိုးမျိုးနှိပ်စက်နေတာ၊ အဲကြောင့် မလိုအပ်ဘဲမသွားကြဘူး။ သံဖြူဇရပ်မှာလည်း စုံစမ်းကြည့်လိုက်တာ ဝတုတ်ကြောင့် ဘဝပျက်သွားတဲ့သူတွေအများကြီးဗျ"ဟု ပြောသည်။
သံဖြူဇရပ်မြို့ပေါ်တွင် အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲနှင့်ရပ်ကွက် အုပ်ချုပ်ရေးမှုးများက နည်းမျိုးစုံဖြင့် ပြည်သူများအပေါ် အနိုင်ကျင့်နှိပ်စက်မှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများက တစ်စုံတစ်ရာ အရေးယူခြင်းမရှိပေ။
ဒေသခံခရီးသွားလာသူများ၏ ပြောပြချက်အရ သံဖြူဇရပ်-ရေး ကားလမ်းမပေါ်တွင် စစ်ကော်မရှင်စစ်ဆေးရေးဂိတ် ၈ ခုထက်မနည်းရှိပြီး အဖွဲ့ပေါင်းစုံ အထိုင်ချ စစ်ဆေးရေးလုပ်ဆောင်နေသည့်အပြင် ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များထံ ဂိတ်ကြေးအဆမတန် တောင်းခံနေသည်။


