နွေရာသီမွန်စာပေသင်တန်းများကို မွန်ဒေသအသီးသီးတွင် စတင်ဖွင့်လှစ် သင်ကြားပေးနေပြီးဖြစ်ကြောင်း မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့တာဝန်ရှိသူများမှ သိရသည်။
မုဒုံမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းများ၌ ယနေ့ တပေါင်းလဆန်း ၄ ရက်၊ ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် နွေရာသီမွန်စာပေသင်တန်းများ စတင်ဖွင့်လှစ်နေပြီး ကျန်မြို့နယ်များတွင် ဘုန်းတော်ကြီးကျောင်း၌လည်းကောင်း ကွန်ပျူတာနှင့် အင်္ဂလိပ်စာသင်တန်းများနှင့် ချိတ်ဆက်၍လည်းကောင်း ဖွင့်လှစ်သင်ကြားနေပြီးဖြစ်သည်။
ယနေ့ခေတ် ကျောင်းသားလူငယ်များ ဦးစားပေးသင်ကြားနေသည့် ကွန်ပျူတာ၊ အင်္ဂလိပ်နှင့် ကျူရှင်များမဖွင့်မီ လက်ဦးဖွင့်လှစ်ရသဖြင့် ယခုနှစ်မွန်စာပေသင်တန်းကို ကြိုတင်ဖွင့်လှစ်ဖြစ်ခဲ့ကြောင်းလည်း မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင် မုဒုံဆရာတော်တစ်ပါးမှ မိန့်သည်။

“မုဒုံမြို့နယ်ကတော့အရင်စောဖွင့်တယ် အခြားဒေသတွေထက်၊ ဒီနောက်ပိုင်းအခြားဒေသလည်း သင်္ကြန်မတိုင်ခင်ဖွင့်တာတွေဖြစ်လာတယ်၊ ခေတ်အရ ကျူရှင်တွေကြိုဖွင့်တာတွေရှိတယ် အဲ့တာတက်ပြီးရင် မွန်စာဘက်လာဖို့ပျင်းသွားကြတယ်၊ အချို့ကလေးတွေရွာမှာမကျန်ဖြစ်ပဲ အခြားနေရာကို မရောက်သွားခင် စောစောစီးစီးဖွင့်ဖြစ်ပါတယ်၊ ကျူရှင်လည်းမသွားရသေးတဲ့ ကလေးသေးသေးတွေဆို မွန်စာသင်ကြတာတော်တော် များများပါပဲ။ လျော့တာကမသိသာဘူး” ဟုပြောသည်။
ရေဖြူ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်ဘက်တွင် နွေရာသီမွန်စာပေသင်တန်းအတွက် ကျောင်းအပ်လက်ခံနေခြင်းများရှိသလို လုံခြုံအခြေအနေ စောင့်ကြည့်နေရခြင်းများလည်းရှိကြောင်းသိရသည်။
သင်ကြားရေးအတွက် စေတနာ့ဝန်ထမ်း လူငယ်အင်အားများသည့် ဒေသများတွင် ဖွင့်လှစ်နိုင်သော်လည်း စေတနာ့ဝန်ထမ်းအားနည်းသည့် နေရာများတွင် ဖွင့်လှစ်ရန်ခက်ခဲနေကြောင်းလည်း တရနာကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

“ဌာနတိုင်းမှာပဲ နွေရာသီသင်ကြားပေးနိုင်တဲ့ သူတွေနည်းတယ်၊ အစိုးရကျောင်းမှာရှိတဲ့ TA တို့ပဲ ဝင်သင်နေတာ ရှိတယ် ဆရာမတွေ တော်တော်များများလည်း ရပ်နားထားတာရှိတယ်၊ အခြားအလုပ်လုပ်ဝင်လုပ်ဖြစ်တော့ ရွာမှာမရှိနေကြဘူး” ဟုပြောသည်။
တစ်ဖက်တွင်လည်း အင်္ဂလိပ်ဘာသာစကားနှင့် ကွန်ပျူတာသင်တန်းကျောင်းတို့တွင် မွန်စာပေပါ ပူးတွဲသင်ကြားနေသဖြင့် ကဏ္ဍမျိုးစုံသင်ကြားနိုင်မှုကို မိဘများက ဦးစားပေးကြပြီး နွေရာသီမွန်စာပေသင်တန်း စိတ်ဝင်စားမှု နည်းလာကြောင်းလည်း ဆိုသည်။
ထို့ကြောင့် မွန်လူငယ်များ မွန်စာပေကို ဦးစားပေးသင်ကြားလာရန် မိဘအုပ်ထိန်းသူများထံတွင် များစွာမူတည်ကြောင်းလည်း စာပေအရေး လှုပ်ရှားသူများမှ တိုက်တွန်းသည်။
ရန်ကုန်တိုင်းတွင်"နွေရာသီ မွန်စာပေနှင့် မွန်စကားပြောသင်တန်း "ကို မွန်လူငယ်များရှိရာ မြို့နယ်များတွင် ဖွင့်လှစ်နိင်ရေးနှင့် သင်တန်းကို စိတ်ပါဝင်စားသူများလာစေရန် မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ(ရန်ကုန်)မှ"စည်းရုံးရေးနှင့် လူငယ်ဆပ်ကော်မတီ"အဖွဲ့နှင့် ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်သွားရန်ရှိကြောင်းလည်း သိရသည်။
နွေရာသီ မွန်စာပေသင်တန်းကို သင်္ကြန်ပိတ်ရက်မတိုင်မီ ကာလအတွင်းသာ ဖွင့်လှစ်သင်ကြားနေခြင်းများရှိသလို မတ်လမှ မေလအထိ ၂ လတာ ဖွင့်လှစ်သင်ကြားနေခြင်းများလည်း ရှိသည်။
စစ်အာဏာမသိမ်းမီက နှစ်စဉ် နွေရာသီမွန်စာပေသင်တန်းကို မြို့နယ် ၁၈ မြို့နယ်တွင် ဖွင့်လှစ်သင်းကြားနိုင်ခဲ့သော်လည်း လက်ရှိတွင် လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင်း ဖွင့်လှစ်နိုင်သည့် မြို့နယ်အရေအတွက် လျော့နည်းလာသည်။



