spot_img
Thursday, February 19, 2026
More
    spot_img
    Homeဆောင်းပါးဖက်ဒရယ်တပ်မတော်ထူထောင်ရန် အမှန်တကယ် အလုပ်ဖြစ်နိုင်သလား

    ဖက်ဒရယ်တပ်မတော်ထူထောင်ရန် အမှန်တကယ် အလုပ်ဖြစ်နိုင်သလား

    -

    ဖက်ဒရယ်တပ်မတော် ထူထောင်ရေးနှင့် ပတ်သက်၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးအင်အားစုများအကြား ပြောဆိုမှု ကျယ်ပြန့်လာသည်ကို တွေ့ရသည်။

    ယခု ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျရောက်သည့် သျှမ်းပြည်အမျိုးသားနေ့မှာလည်း သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က တိုင်းပြည်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

    တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှာ မိမိတို့၏ နိုင်ငံရေး ခံယူချက်ကို ထုတ်ဖော်လာခြင်းဖြစ်ကြောင်း၊ စစ်အုပ်စုက နိုင်ငံရေးကနေ ထွက်ခွာမှ ဖက်ဒရယ်တပ်မတော် ထူထောင်ရန် ကိစ္စရပ်များ ဖြစ်ပေါ်လာနိုင်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ပြောသည်။

    “ဖက်ဒရယ်တပ်မတော်တို့ ဘာတို့ အခု ဘာမှ မပြောနဲ့ဦး။ စစ်တပ်က ရထားတဲ့ အာဏာတွေကို ကျန်တဲ့ ဟိုဟာတွေကို ဘယ်လို ခွဲဝေပေးမလဲ အပေါ်မှာ မူတည်တယ်ဗျ။ စစ်တပ်က သူက တစ်စုံတစ်ရာ နိုင်ငံရေးက နောက်ဆုတ်သွားမှပဲ ဒီ ဖက်ဒရယ်တပ်မတော်တို့ ဘာတို့ ဖြစ်မှာဗျ။ နို့မို့ဆိုရင်တော့ ဖြစ်စရာ အကြောင်းမရှိဘူး။ အခု လောလောဆယ်မှာတော့ စစ်ကောင်စီရဲ့ လုပ်ငန်းတွေ အားလုံးက သူ့ စစ်အာဏာရှင်စနစ်၊ သူ့ အဲဒီ သူတို့ ဘာမဆို စစ်တပ်က လက်ဝါးကြီး အုပ်ထားတဲ့ စနစ် သက်ဆိုးရှည်ရေးအတွက်ပဲ ကျန်တာဘာမှ သူတို့ မစဉ်းစားဘူး။ အဲတော့ လောလောဆယ်မှာတော့ ဘာမှ သိပ်ဖြစ်စရာ အကြောင်းမရှိဘူး” ဟု ပြောသည်။

    ဖက်ဒရယ်တပ်မတော် ထူထောင်ရန်အတွက် ပထမဦးဆုံး စစ်အုပ်စုက နိုင်ငံရေးမှ ထွက်ခွာရမှာဖြစ်ကြောင်း၊ အနိမ့်ဆုံးအဆင့်တွင် စစ်အုပ်စုက ရယူထားသည့် နိုင်ငံရေးအာဏာများကို ကျန်အဖွဲ့အစည်းများထံ မျှဝေသုံးစွဲသည့်အဆင့် ရောက်ရှိရန်လိုအပ်ကြောင်း ၎င်းက ဆက်ပြောသည်။

    ဖက်ဒရယ်တပ်မတော်ထူထောင်ရာတွင် နိုင်ငံရေးစနစ်များအပေါ်မူတည်ပြီး လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေးများကို သဘောတူရန် လိုအပ်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

    “တိုင်းပြည်မှာ လက်ရှိ ရှိနေတဲ့ နိုင်ငံရေးစနစ်တွေအပေါ်မှာ မူတည်တယ်။ Political System လို့ ခေါ်တာပေါ့။ အဲဒီအပေါ်မှာ မူတည်တယ်။ နံပါတ် ၂ က လက်ရှိ တိုင်းပြည်တည်ဆောက်ပုံပေါ့ Form of State လို့ ခေါ်တာပေါ့။ တိုင်းပြည်ကို ဖက်ဒရယ်ပုံစံနဲ့ တည်ဆောက်ထားသလားပေါ့။ အဲဒီအပေါ် မူတည်ပြီးတော့မှ ကျနော်တို့ ဘာကို အရင်စပြီးတော့ ရှင်းရလဲဆိုတော့ ဒီ Security Sector Reform လို့ ခေါ်တာပေါ့။ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲခြင်းဆိုတာကို အရင်သဘောတူပြီးတော့ Security Sector Reform ဆိုတာကို သေသေချာချာ လုပ်ပြီးမှ နိုင်ငံရေးအရ အဲဒီအပေါ်မှာမှ တစ်ခါ Security Sector Reform အောင်မြင်မှ ကျနော်တို့ လက်နက်ကိုင်တပ်ဖွဲ့ အားလုံးက တိုင်းပြည်ကို ကာကွယ်ဖို့ ဖြစ်တယ်။ အဲဒါကြောင့် ဖက်ဒရယ် ပုံစံကျကျ Federal Union Armed Forces ပေါ့၊ Defense Forces ပေါ့ စသည်ဖြင့် နာမည်နဲ့ ဖွဲ့လို့ရလာမှာ ဖြစ်ပါတယ်။ ဒီသဘောတရား အရင်ကျပြီးမှ လက်တွေ့ ကွင်းဆင်း ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။ အချိန်တော်တော် ယူရမယ့် သဘောရှိပါတယ်” ဟု ပြောသည်။

    တိုင်းပြည်တည်ဆောက်ရေးတွင် လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး (SSR) ကို အပြောင်းအလဲလုပ်ရမည်ဖြစ်ကြောင်း၊ အမျိုးသားကာကွယ်ရေး၊ အမျိုးသားလုံခြုံရေး ကိစ္စရပ်များကို အဖြေရှာပြီး တပ်ကို နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲ တည်ဆောက်ရမှာဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

    လက်ရှိ အခြေအနေသည် ဖက်ဒရယ် တပ်မတော် ဖွဲ့စည်းရေး တိုင်ပင်ရန် အကြောင်းအရာများ ပြောဆိုဆွေးနွေးရန် ခေါင်းစဉ်ရှာမရသေးသည့် အခြေအနေတွင် ရှိနေသည်။

    နိုင်ငံတစ်နိုင်ငံတွင် ပြည်ထောင်စုအဆင့် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိဘဲ ဖက်ဒရယ်တပ်မတော် ထူထောင်ရန် မဖြစ်နိုင်ကြောင်း၊ လက်ရှိ စစ်အုပ်စုသည် နိုင်ငံ၏ တစ်ခုတည်းသော လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်ရမည်ဟူသော ရပ်တည်ချက်ကို တွေ့ရကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) မှ အတွင်းရေးမှူး ခွန်ဝေထူးက ပြောသည်။

    “ဒီ နိုင်ငံတော် လုံခြုံရေးနဲ့ ကာကွယ်ရေး ကဏ္ဍမှာလည်းပဲ ပေါ့နော်၊ စစ်ကောင်စီက တိုက်ရိုက် ပါဝင် ပတ်သက်နေတာမျိုးတွေ ဒါ တွေ့ရတယ်။ စစ်ကောင်စီ အနေနဲ့ ဒီ တပ်မတော်သည် နိုင်ငံရဲ့ တစ်ခုတည်းသော လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်ရမယ် ဆိုတဲ့ ရပ်တည်ချက်မျိုးကိုလည်း မြဲမြဲမြံမြံ တင်းတင်းမာမာ အဲလို ဆုပ်ကိုင်ထားတာလည်း ကျနော်တို့ တွေ့ရတယ်။ ဒါကြောင့်မို့ ဒါသည် ဖက်ဒရယ် တပ်မတော် ပေါ်ပေါက်ရေးအတွက် ဒါ ကြီးမားတဲ့ အဟန့်အတားမှုတွေ ရှိနေတယ်လို့ ပြောလို့ရတယ်။ နောက် ဒါကြောင့်မို့ ဖက်ဒရယ် တပ်မတော် ထူထောင်နိုင်မလား ဆိုရင်တော့ ဖက်ဒရယ်တပ်မတော် ထူထောင်နိုင်ဖို့အတွက် အခြေအနေကောင်းတွေ ရှိမနေသေးဘူးလို့တော့ ဒီလို ပြန်လည် ဖြေကြားလိုပါတယ်ဗျ” ဟု ပြောသည်။

    တိုင်းပြည်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအပြင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသော လက်နက်ကိုင်အဖွဲ့အစည်း ရာနှင့်ချီ၍ ရှိနေသည်။

    ထို့ကြောင့် ဘုံသဘောတူညီချက် မရှိဘဲ စစ်အာဏာရှင်ဖြုတ်ချရေး၊ ဒီမိုကရေစီဖော်ဆောင်ရေး၊ ဖက်ဒရယ်စနစ်၊ ကွန်ဖက်ဒရေးရှင်း စသဖြင့် မတူညီသော နိုင်ငံရေးရည်မှန်းချက်များ အသီးသီးရှိနေသည်။

    လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး (SSR) ကို အောင်မြင်အောင် လုပ်ဆောင်ရမည်ဖြစ်ပြီး၊ လက်ရှိ တိုင်းရင်းသားတပ်များ နှင့် PDF များကြား မတူညီသော နိုင်ငံရေးရည်မှန်းချက်များကို ညှိနှိုင်းကာ ပေါင်းစည်းခြင်း (Integration Framework) များ ချမှတ်ရန်လည်း လိုအပ်သည်ဟု ဆိုသည်။

    လက်ရှိ နိုင်ငံရေးစနစ်၊ နိုင်ငံတော် တည်ဆောက်ပုံ နှင့် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး (SSR) ဆိုင်ရာ သဘောတူညီချက်များအပေါ် မူတည်၍သာ ဖက်ဒရယ်တပ်မတော် အမှန်တကယ် ပေါ်ပေါက်လာနိုင်မည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks