ရွေးကောက်ပွဲအပြီးကာလ အစိုးရသစ်တစ်ရပ်မပေါ်လာမီ မြန်မာ့နိုင်ငံရေးတွင် စစ်ဗိုလ်ချုပ်ကြီးများ ဆက်လက်လွှမ်းမိုးချယ်လှယ်နိုင်ရေး ဥပဒေသစ်များကို ပြင်ဆင်ပြဌာန်းမှုများ ဆက်တိုက်ရှိလာသည်။
စစ်အုပ်ချုပ်ရေးအခင်းအကျင်းမှ ရွေးကောက်ခံ အစိုးရ အုပ်ချုပ်သည့် မြန်မာနိုင်ငံဖြစ်ကြောင်း နိုင်ငံတကာနှင့် ပြည်သူလူထုကို လှည့်စားလိုသော်လည်း စစ်ခေါင်းဆောင်တစ်ဦး၏ လောဘမှာ အတောမသတ်နိုင်ပေ။
ရွေးကောက်ပွဲတွင် အနိုင်ရသည့် နိုင်ငံရေးပါတီများ ပါဝင်မည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၏ အခန်းကဏ္ဍများကို လျှော့ချပြီး ဗဟို၏ အဆုံးအဖြတ်က အတည်ဖြစ်သည့် ဥပဒေများကို စစ်တပ်က ပြဌာန်းလာသည်။
စစ်တပ်ကျင်းပခဲ့သည့် ၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲရလဒ်များအရ လွှတ်တော် ၃ ရပ်လုံးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP က (၇၃၉ နေရာ)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက (၆၈ နေရာ)၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက (၃၉ နေရာ)၊ ပြည်သူ့ပါတီက (၃၀ နေရာ)၊ ပြည်သူ့ရှေ့ဆောင်ပါတီက (၂၀)နေရာ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီက (၁၈)နေရာနှင့် မွန်ညီညွတ်ရေးပါတီ MUP က (၁၇) နေရာ အသီးသီးရခဲ့သည်။
အရပ်ဝတ်ပြောင်း စစ်ဗိုလ်ချုပ်ကြီးများ ပါဝင်သည့် USDP က အများဆုံးနိုင်ပြီး အစိုးရဖွဲ့နိုင်မည်ဖြစ်ကာ စစ်တပ်က ဖွဲ့စည်းထားသည့် နိုင်ငံရေးပါတီဖြစ်သည့်အတွက် စစ်တပ်နှင့် အစိုးရမှာ တစ်ထပ်တည်းဖြစ်နေပေမည်။
သို့သော်လည်း နိုင်ငံရေးရည်မှန်းချက်အသီးသီးဖြင့် ရွေးကောက်ပွဲဝင်ကြပြီး လွှတ်တော်တွင် နေရာအနည်းငယ် ရကြသည့် နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍမှာ မေးခွန်းထုတ်စရာပင်ဖြစ်လာသည်။

ရွေးကောက်ပွဲနှင့်လွှတ်တော်ဆိုင်ရာ စောင့်ကြည့်သူ Spring Sprouts အဖွဲ့တည်ထောင်သူ ကိုထင်ကျော်အေးက “ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပေဒေ ပြဌာန်းလာတာမျိုးတော့ မြင်နေရပြီပေါ့နော်။ မြင်နေရပြီဆိုတော့ အဲ့တာကတော့ မြင်သာထင်ရှားတဲ့ အရွေ့ဖြစ်တယ်ပေါ့နော်။ ကျွန်တော့်အမြင်ကိုပြောရရင်လည်း ကောင်စီရဲ့လုပ်ပိုင်ခွင့်က တကယ်ကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ လုပ်ပိုင်ခွင့်ပေးထားတာတွေ့ရတယ်ပေါ့နော်။ ဆိုတော့ ဒီဟာကတော့ လာမယ့် ဒီရွေးကောက်ပွဲထဲမှာပေါ်လာမယ့်အစိုးရက တကယ့်ကို ဒီမိုကရေစီနည်းကျကျ အုပ်ချုပ်ရေးဖြစ်ဖြစ်၊ တရားစီရင်ရေးဖြစ်ဖြစ် ခွဲဝေသုံးစွဲတဲ့အစိုးရမျိုးတော့ ပေါ်လာမှာမဟုတ်ဘဲနဲ့ အရင်တုန်းကလိုမျိုး ကောင်စီတွေက အစိုးရတွေရဲ့အထက်မှာ ရှိနေတာမျိုးကို မြင်ကောင်မြင်ရလိမ့်မယ်။ အပြန်အလှန်ထိန်းကျောင်းမှုမျိုးထက်စာလို့ရှိရင် တစ်အုပ်စုကပဲပေါ့နော် အထူးသဖြင့် စစ်အုပ်စုကပဲ စွက်ဖက်နေတဲ့ အုပ်ချုပ်ရေးပုံစံမျိုးပဲ ပိုပြီးတော့ တွေ့ရလိမ့်မယ်ထင်တယ်။”ဟု သုံးသပ်သည်။
ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် စစ်တပ်က နိုင်ငံတော်အတိုင်ပင်ခံကောင်စီဥပဒေကို ပြဌာန်းလာပြီး အစိုးရ၏ အခန်းကဏ္ဍဖြစ်သည့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေး၊ ဥပဒေပြုရေး၊ နိုင်ငံတကာဆက်ဆံရေး နယ်ပယ်များတွင် ညှိနှိုင်းအကြံပေးမည်ဟု ပါရှိသည်။
အဆိုပါ ကောင်စီကို စစ်ကော်မရှင်ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အတွက် သို့မဟုတ် စစ်တပ်မှ အနားပေးတော့မည့် စစ်ဗိုလ်ချုပ်ကြီးများအတွက် ရည်ရွယ်သည်ဟု တပ်အတွင်း ကောလဟာကများ ထွက်ပေါ်နေသည်။
ထို့ပြင် စစ်တပ်က ‘နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေ’ကို ပြင်ဆင်လိုက်သည်။ နိုင်ငံတော် ခုံရုံးဆိုသည်မှာ မြန်မာ့ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အရ ဖွဲ့စည်းထားပြီး၊ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ဥပဒေများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှု ရှိ၊ မရှိကို စစ်ဆေးရသည့် အမြင့်ဆုံးအဖွဲ့အစည်းဖြစ်သည်။
ယခင်က နိုင်ငံတော်ခုံရုံး ဥက္ကဌကို သမ္မတနှင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ဥက္ကဌများက ရွေးချယ်ရသော်လည်း၊ သမ္မတ တစ်ဦးတည်းက ရွေးချယ်ရန် ပြင်ဆင်ခဲ့သည်။ ထို့ပြင် ခုံရုံး၏ လုပ်ငန်းစဉ်များ လွှတ်တော်ဥက္ကဌများထံ တင်ပြရန် ပြဌာန်းချက်ကိုပါ ပယ်ဖြတ်လိုက်သည်။
အလားတူ ခုံရုံး၏ ဆုံးဖြတ်ချက်က အတည်ဟု ပြဌာန်းထားရာမှ အဆိုပါဆုံးဖြတ်ချက်များကို သက်ဆိုင်ရာ အစိုးရဌာနများတွင်ပါ အာဏာသက်ရောက်ရမည်ဟု ဖြည့်စွက်ခဲ့ပြီး ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း (သို့) ရုတ်သိမ်းခြင်း လုပ်နိုင်သည့် ဥပဒေကို ပယ်ဖျက်လိုက်သည်။
အဆိုပါ ဥပဒေများက လွှတ်တော်ထဲရောက်လာမည့် နိုင်ငံရေးပါတီများအတွက် နိုင်ငံရေးရှေ့လုပ်ငန်းစဉ်များတွင် နေရာရလာမည် မဟုတ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြသည်။
“ဒီရွေးကောက်ပွဲ ဝင်ခွင့်ရတဲ့သူတွေပေါ့နော်။ ရွေးကောက်ပွဲဝင်တဲ့သူတွေအပေါ်တော့ သူတို့ အရမ်းကြီး နေရာအများကြီးပေးမယ်လို့တော့ မထင်ဘူး။ သူတို့ရဲ့ ဇာတ်ကွက်ထဲမှာ ဝင်ကစားတဲ့ ဇာတ်ကောင်တွေအနေနဲ့ပဲ ရှိနေလိမ့်မယ်လို့ မြင်တယ်ပေါ့နော်။ သူတို့က လွှတ်တော်ထဲမှာတော့ တက်ခွင့်ရမယ်။ မေးခွန်းတွေ မေးခွင့်ရမယ်။ တင်ခွင့်ရမယ်ဆိုပေမယ့် တကယ်တမ်း နိုင်ငံရေးအာဏာကိုတော့ သူတို့ခွဲဝေပြီးတော့ ပေးမယ်လို့တော့ မမြင်ဘူး။ သူတို့ကလည်း သူတို့ရတဲ့နေရာကနေပဲ လုပ်ခွင့်ရလိမ့်မယ်ပေါ့နော်။ အဲ့လို လုပ်တဲ့နေရာမှာလည်း အရမ်းကြီးကို အားကောင်းမောင်းသန်နဲ့ကို စေ့စပ်ထိန်းကျောင်းနိုင်တာမျိုး လုပ်နိုင်လောက်တဲ့လူအရေအတွက်လည်း မရှိနေသလို လုပ်လို့ရှိရင် တနည်းမဟုတ် တနည်းနဲ့ နှိပ်ကွပ်တာမျိုးတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ထင်တယ်” ဟု ကိုထင်ကျော်အေးက ဆိုသည်။
ရွေးကောက်ပွဲမတိုင်ခင် မွန်ညီညွတ်ရေးပါတီ (MUP) က ၎င်းတို့၏ ရှေ့လုပ်ငန်းစဉ်များအဖြစ် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ စွမ်းအင်ဖွံ့ဖြိုးရေး၊ တိုင်းရင်းသားအရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ အမျိုးသမီးအရေး၊ မူးယစ်ဆေးဝါး အသိပညာပေးရေး၊ လူငယ်အရေး၊ နိုင်ငံတကာဆက်ဆံရေးနှင့် ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်များတွင် တက်ကြွစွာ ပါဝင်ရေး အချက် ၂၅ ချက်ကို တင်ပြခဲ့သည်။
MUP ၏ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး MUP ၏ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဒေါက်တာဗညားအောင်မိုးက “ဒါကတော့ လွှတ်တော်ဆိုတာက အများနဲ့ဆိုင်တယ်လေ။ ကျွန်တော်တို့ လုပ်ငန်းစဉ် ကျွန်တော်တို့ တင်ပြချက်ကို လွှတ်တော်က လက်ခံရင်တော့ အောင်မြင်မယ်။ လက်မခံရင်တော့ မအောင်မြင်ဘူးပေါ့။ အခြေအနေကတော့ အတိအကျပြောလို့မရသေးဘူးလေ။ လွှတ်တော်လည်း မဖွင့်သေးဘူး။ နောက်ပြီးတော့ ဖွံ့ဖြိုးရေးနဲ့ပတ်သက်ပြီးတော့ တနိုင်ငံလုံးနဲ့ဆိုင်တဲ့ ကိစ္စတွေ နောက်ပြီးတော့ ကိုယ့်ပြည်နယ် ကိုယ့်ဒေသနဲ့ ပတ်သက်တဲ့ကိစ္စတွေ ဒါကတော့ အခြေအနေအရ လုပ်လို့ရသလောက်တော့ လုပ်မယ်။ တင်ပြလို့ရသလောက် တင်ပြပြီးတော့ လုပ်လို့ရသလောက် လုပ်သွားမယ်။” ဟု ဆိုသည်။
ဒေါက်တာဗညားအောင်မိုးသည် စစ်တပ်အာဏာစသိမ်းသည့် ၂၀၂၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော် စစ်ကောင်စီအဖွဲ့ဝင် ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် ဗဟိုအကြံပေးအဖြစ် ဆက်ရှိခဲ့သူ ဖြစ်သည်။ သို့သော်လည်း ယခုအနိုင်ရသည့် တိုင်းရင်းသားပါတီအမတ်များက USDP နှင့် စစ်တပ်ပေါင်းထားသည့် အစိုးရက ချမှတ်လာသည့် ဆုံးဖြတ်ချက်များ၊ ဥပဒေများကို ကန့်ကွက်ရန် စွမ်းဆောင်နိုင်မည့် အခြေအနေတွင်မရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုသည်။
ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် တိုင်းရင်းသားဒေသရှိ နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များလည်း လွှတ်တော်ထဲရောက်ရန်ရှိနေသော်လည်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများလောက်သာ လုပ်ကိုင်နိုင်မည်ဟု ဦးသန်းစိုးနိုင်က ဆိုသည်။
“သူတို့အနေနဲ့ကတော့ လမ်းခင်းတာတို့လို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေကို လုပ်နိုင်ပါလိမ့်မယ်။ ဒီအပေါ်မှာ မင်းအောင်လှိုင်အနေနဲ့ကလည်း ထောက်ခံမှာပဲ။ USDP ကလည်း ဒီလိုကိစ္စတွေမှာ ထောက်ပံ့ပါလိမ့်မယ်။ သူတို့အနေနဲ့ကတော့ ဒီကိစ္စတွေပဲ လုပ်နိုင်လိမ့်မယ်လို့ ထင်တယ်။” ဟု ပြောသည်။
စစ်တပ် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ပြီး အနိုင်ရကြသည့် တိုင်းရင်းသားနိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံရေးတွင် လုပ်ပိုင်ခွင့်အလွန်နည်းပါမည်ဟုသာ လေ့လာစောင့်ကြည့်သူများက ထောက်ပြကြသည်။



