မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဒူးယားကျေးရွာရှိ ရွာအဝင်အထွက်လမ်းများကို ဖေဖော်ဝါရီလ ၁၆ ရက်နေက စစ်ကော်မရှင်အဖွဲ့မှ ရှာဖွေစစ်ဆေးမှုလုပ်ဆောင်နေစဉ် လူငယ်၊လူလတ်ပိုင်းအရွယ်ဒေသခံများကို စစ်ယာဉ် ၂ စီးစာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။
အဘော်ကျေးရွာအဝင်ဝရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်တစ်ခု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံ တိုက်ခိုက်ခံရမှုကြောင့် အင်အားအလုံးအရင်းဖြင့် ဒူးယားကျေးရွာအတွင်းနှင့် ရွာအဝင်အထွက်လမ်းပိုင်းများတွင် ဖေဖော်ဝါရီ ၁၆ ရက်နေ့က စစ်ကော်မရှင်အဖွဲ့များ ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီး လမ်းသွားလမ်းလာများကိုလည်း ဖမ်းဆီးမှုလုပ်ဆောင်ခဲ့သည်။
ဖမ်းဆီးခံရသူများ လက်ရှိတွင် ရေးမြို့အခြေစိုက်တပ်ရင်းများသို့ ရောက်ရှိနေပြီး မိဘအုပ်ထိန်းသူနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှုးများက ငွေကြေးဖြင့် ညှိနှိုင်းမှုလုပ်ဆောင်သော်လည်း လူငယ်အရွယ်ဒေသခံများကို ညှိနှိုင်းရန် လက်မခံကြောင်းလည်း မိသားစုဝင်နှင့် နီးစပ်သူဒေသခံတစ်ဦးက ဆိုသည်။

“ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်တွေရဲ့မိဘက ရေးကိုလိုက်သွားပြီး တောင်းပန်တော့ ကျေးရွာဥက္ကဌတို့ အုပ်ချုပ်ရေးမှူးတို့ကို ခေါ်ပြီးမှ ထပ်ပြန်လာခဲ့တဲ့၊ မိဘတွေက ဒီအတိုင်းပြန်လာရတယ်။ သတင်းကြားရ သလောက်တော့ ခုထိ ပြန်မလွတ်သေးဘူး”ဟု ပြောသည်။
ဒူးယားရွာအပါအဝင် ဖာလိန်ဒေသခံအများစုပါဝင်ပြီး ခြံလုပ်သားနှင့် သာမန်ဒေသခံလူငယ်များ စစ်ယာဉ် ၂ စီးအတွင်း ပါသွားကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ (၁၅) ရက်နေ့ နံနက်ပိုင်းအချိန်က ရေးမြို့နယ် အဘော်ကျးရွာ အဝင်ဝရှိ စစ်ကော်မရှင်တပ်၏ စစ်ဆေးရေးဂိတ်အား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။
အလားတူ ဖေဖေါ်ဝါရီလ (၁၆) ရက်နေ့ကလလည်း ယင်း ရေးမြို့နယ် အဘော်ကျေးရွာ စစ်ဆေးရေးဂိတ်အနီးတွင် စစ်ဆေးရေးလုပ်ဆောင်နေသော စစ်ကော်မရှင်တပ်ဖွဲ့ဝင်များအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ထပ်မံတိုက်ခိုက်ခဲ့ကြသည်။
ထိုတိုက်ခိုက်မှုများအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် (၃) ဦး သေဆုံးခဲ့ပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ တော်လှန်ရေး ပူးပေါင်းမဟာမိတ်အဖွဲ့က ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိခဲ့ကြောင်း တော်လှန်ရေးအဖွဲ့များနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
ယင်းတိုက်ခိုက်မှုများအပြီး အဆိုပါ ဒူးယား – အဘော်လမ်းပိုင်းအား လုံခြုံရေးအင်အားတိုးမြှင့်ချထားခဲ့ပြီး ပိတ်ဆို့စစ်ဆေးမှုများအပြင် ဖမ်းဆီးမှုများပါလုပ်ဆောင်နေကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ယခုရက်ပိုင်း ရေးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်မှ ကျေးရွာတချို့၌ တပ်ဖြန့်ထားခြင်း၊ စစ်ဆေးရေးဂိတ်များတိုးထားခြင်းများလုပ်ဆောင်လျှက်ရှိသည်။


