မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်း တည်ဆောက်မည့် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းစီမံကိန်းအတွင်း ပါဝင်သည့် လယ်မြေဧကများကို လျော်ကြေးအဖြစ် တစ်ဧက သိန်း ၄၀ အပြင် ထပ်ဆောင်းလျော်ကြေး သိန်း ၃၀ ကိုပါ ပေးဆောင်ခဲ့ကြောင်း တောင်သူများနှင့် နီးစပ်သူများက ပြောသည်။
အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းစီမံကိန်းအတွင်း ပါဝင်သည့် တောင်သူများအား မြေယာနှင့် သီးနှံလျော်ကြေးပေးဆောင်နိုင်ရန် စစ်ကော်မရှင် နယ်စပ်ရေးရာဝန်ကြီးအဖွဲ့က တောင်သူများနှင့် မော်လမြိုင်ရွှေဟင်္သာခန်းမတွင် ဖေဖော်ဝါရီ ၁၆ ရက်နေ့က တွေ့ဆုံခဲ့သည်။
တောင်သူများအား မြေလျာ်ကြေးအဖြစ် ကျပ်သိန်း ၄၀ အပါအဝင် စစ်ကော်မရှင် ပြည်နယ်အစိုးရအဖွဲ့မှ အပိုထပ်ဆောင်းငွေအဖြစ် ကျပ်သိန်း ၃၀ စုစုပေါင်း တစ်ဧက ကျပ်သိန်း ၇၀ နှုန်းဖြင့် လက်ဝယ်အရောက် ထုတ်ပေးခဲ့ကြောင်း စစ်ကော်မရှင် ပြန်ကြားရေးမှ အချက်အလက်အရ သိရသည်။
ဆိပ်ကမ်းစီမံကိန်းကို အမြန်ဆုံး အကောင်ထည်ဖော်လိုနေသဖြင့် မြေယာလျော်ကြေးနှင့်ပတ်သတ်၍ မက်လုံးပေးဆောင်ရွက်နေသော်လည်း ကန့်ကွက်လိုသူ တောင်သူများကြောင့် ဘလောက်ညောင်ဝိုင်းရှိ ဒေသခံတောင်သူများ၏ မြေယာအားလုံး ဝယ်ယူနိုင်ခြင်းမရှိသေးကြောင်းလည်း မုဒုံဒေသခံတစ်ဦးက ဆိုသည်။

“ဒီ ၂၀၂၆-၂၀၂၇ ခုနှစ်အတွင်းမှ အပြီးဆောက်လုပ်သွားမယ်လို့ ကျနော်တို့ကြားထားတာရှိတယ်။ ဒီ၂၀၂၅ ဆယ်လပိုင်းလောက်ကစပြီးတော့ မြေယာကိစ္စတွေကို သူတို့ဖြေရှင်းနေတယ်။ မြေတွေကိုတော့ သူတို့အကုန်မဝယ်နိုင်သေးဘူး။ တစ်ချို့ဒေသခံတွေက သူတို့မရောင်းလိုဘူး။ ဒါမဲ့သိမ့်များဘူး။ ၅ ယောက်လောက်တော့ ကျန်နေတော့တယ်။” ဟုဆိုသည်။
ဒေသခံအများစုသည် လယ်ယာလုပ်ငန်းကို လုပ်ကိုင်ကြသဖြင့် ရေရှည်စားဝတ်နေရေးကိစ္စအပြင် သဘာဝပတ်ဝန်းကျင် ထိခိုက်လာမည်ကိုလည်း စိုးရိမ်နေကြကြောင်း ဆိုသည်။
ပြီးခဲ့သည့် ကော့ပရံ လေဆိပ်စီမံကိန်းမြေယာကိစ္စတွင်လည်း တောင်သူများ၏ သဘောတူညီမှုမရှိဘဲ လယ်ယာမြေများကိုစီမံကိန်းမြေယာအဖြစ် သတ်မှတ်လိုက်ခြင်းနှင့် မြေယာတန်ဖိုးပေါက်ဈေးအောက်သာ ပေးဆောင်ခဲ့သဖြင့် တောင်သူနှင့် မြေယာရှင်များ နစ်နာမှုရှိခဲ့ကြောင်း IMNA မှ မေးမြန်ချက်အရ သိရသည်။
လေယာဉ်ကွင်းစီမံကိန်းအပါအဝင် ယခုဆိပ်ကမ်းစီမံကိန်းအတွက် စုစုပေါင်း မြေဧက ၄၆၉၅.၅၈ အထိ အသုံးပြုသွားမည်ဟု ဖေဖော်ဝါရီ ၁၆ ရက်နေ့က တောင်သူများနှင့်တွေ့ဆုံစဉ် စစ်ကော်မရှင် နယ်စပ်ရေးရာဝန်ကြီးက ဆိုသည်။
ဒေသခံပြည်သူများ၏ အကျိုးခံစားခွင့်ကို ရှေ့တန်းတင်၍ စီမံကိန်းများကိုအကောင်ထည်ဖော်ဆောင်ရွက်နေသည်ဟု မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက အလုပ်ရုံဆွေးနွေးပွဲများတွင် ပြောဆိုနေသော်လည်း မွန်စက်သုံးဆီကိစ္စများကို ကြည့်ခြင်းအားဖြင့် လက်တွေ့အခြေအနေနှင့် မကိုက်ညီကြောင်းလည်း အထက်ပါ မုဒုံဒေသခံက သုံးသပ်သည်။
“ ကတုံးပေါ်က ဆီဆိပ်ကမ်းကိစ္စကို ပြန်ကြည့်ရင် ဆီဆိပ်ကမ်းတွေ မွန်ပြည်နယ်မှာရှိနေပေမဲ့လည်း ကျနော်တို့ရဲ့ ဆီဈေးနှုန်းက ရန်ကုန်ဆီဈေးနှုန်းထက်ကို များနေတယ်။ ဆိုတော့ အထက်လူကြီးတွေက လုပ်ငန်းတစ်ခုကိုဘယ်လိုလည်ပတ်ဆောင်ရွက်နေလဲ။ ကျနော်တို့မျော်လင့်ထားတာက ဆီဆိပ်ကမ်းက မုဒုံမှာပဲရှိနေတာဆိုတော့ ဓာတ်ဆီ၊ ဒီဇင်ဆီဈေးတွေ ဈေးကျသွားမလားပေါ့။ နောက်ဆုံးတော့ ဘာမှလည်းထူးခြားတာမရှိဘူး။” ဟု သူက ပြောသည်။
စစ်ကော်မရှင်ပြည်နယ်အစိုးရအဖွဲ့မှ လက်ရှိအကောင်ထည်ဖော်နေသည့် ကျောက်မီးသွေးစီမံကိန်း၊ အပြည်ပြည်ဆိုင်ရာလေယာဉ်ကွင်း၊ စက်သုံးဆီအတင်ချဆိပ်ကမ်းစီမံကိန်းများအတွက် ဒေသခံပြည်သူများ လယ်မြေ၊ ယာမြေ ထောင်နှင့်ချီကို မတရားသိမ်းဆည်းခံရမှုများရှိသော်လည်း လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် ထုတ်ဖော်ပြောဆိုခြင်းမလုပ်ဆောင်နိုင်ခဲ့ပေ။
အပြည်ပြည်ဆိုင်ရာ ကမ်းရိုးကို BOT စနစ်ဖြင့် နိုင်ငံတကာအဆင့်မှီအောင်ဆောက်လုပ်သွားမည်ဖြစ်ပြီး ဆိပ်ကမ်းစီမံကိန်းအလျင်မြန်အကောင်ထည်ဖော်နိုင်ရေး မြေယာကိစ္စများကို အလျင်အမြန်ဆောင်ရွက်ပေးရန် ဇန်နဝါရီလ (၃၀) ရက်နေ့တွင်ကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ စစ်ကော်မရှင်ခန့် မွန်ဝန်းကြီးချုပ် ဦးအောင်ကြည်သိန်းမှ ဖိအားပေး ပြောဆိုခဲ့သေးသည်။


