Thursday, March 12, 2026
More
    spot_img
    Homeသတင်းကရင်လက်နက်ကိုင်အဖွဲ့အမည်ခံ၍ မူးယစ်ရမ်းကားနေသူအချို့ကြောင့် ဂျိုင်းမြစ်ဒေသတစ်ဝိုက်နေထိုင်သူများ လုံခြုံရေးနည်းပါး

    ကရင်လက်နက်ကိုင်အဖွဲ့အမည်ခံ၍ မူးယစ်ရမ်းကားနေသူအချို့ကြောင့် ဂျိုင်းမြစ်ဒေသတစ်ဝိုက်နေထိုင်သူများ လုံခြုံရေးနည်းပါး

    -

    မွန်နှင့်ကရင်ပြည်နယ်အစပ် ဂျိုင်းမြစ်ဒေသရှိ မွန်ကျေးရွာများတွင် ကရင်လက်နက်ကိုင်အဖွဲ့အမည်ခံ၍ အုပ်စုလိုက် မူးယစ်ရန်ကားနေသူများကြောင့် နေ့စဉ် လုံခြုံမှုမရှိနေကြောင်း ဒေသခံများက ပြောသည်။

    သံလှယ်၊ ကော့ယက္ခ၊ ခရား၊ ကော့လမု၊ ဇာသပြင် စသည့် ဂျိုင်းမြစ်တစ်ဝိုက်ရှိ ကျေးရွာများတွင် အဆိုပါလက်နက်ကိုင်အဖွဲ့များ ညပိုင်း၌ ရွာဇရပ်၊ လမ်းအဝင်အထွက်လမ်း၊ လမ်းဆုံလမ်းခွနေရာများတွင် အုပ်စုလိုက် နေထိုင်နေကြပြီး မူးယစ်ဆေးဝါးများကို ကိုယ်တိုင်သုံးစွဲသည့်အပြင် ရောင်းချမှုများလည်း ဗြောင်ဗြောင်တင်းတင်းလုပ်ဆောင်နေကြသည်။

    မူးယစ်ဆေးဝါးသုံးစွဲပြီး ပုံမှန်အသိစိတ်မဟုတ်သည့် အခြေအနေတွင်  လမ်းသွားလမ်းလာဒေသခံများအား စစ်ဆေးမှုလုပ်ဆောင်နေသဖြင့် ညပိုင်း အပြင်ထွက်သွားလာသူ မရှိသလောက် နည်းသွားကြောင်းလည်း ဂျိုင်းမြစ်ဒေသခံတစ်ဦးက ဆိုသည်။

    “အခုတလော ဒီဘက်က ဒေသခံတွေ တော်တော်ဒုက္ခရောက်နေကြတာ။ လက်နက်ကိုင်ဆောင်သူတွေ တအားများလာလို့။ သူတို့က ရွာဇရပ်တွေမှာ နေတယ်။ ဟိုသွားဒီလာ လုပ်နေတယ်။ ရွာအဝင်အထွက်တွေမှာလည်း သွားလိုက်လာလိုက်ပဲ။ သူတို့တွေက မူးယစ်ဆေးတွေ ဘယ်လောက်ပဲရောင်းနေ၊ ဘယ်လောက်ပဲသောက်စားနေပါစေ ပြောရဲတဲ့လူမရှိဘူး။ ညပိုင်းဆို အမျိုးသမီးတွေ မပြောနဲ့။ အမျိုးသားတွေတောင် ကြောက်နေရတယ်။ ” ဟု ပြောသည်။

    ၎င်းအပြင် ဇာသပြင်နယ်မြေရဲစခန်းနှင့် ပူးပေါင်း၍ လောင်းကစားဝိုင်းနှင့် မှောင်ခိုလုပ်ငန်းများကို ၎င်းတို့က လုပ်ကိုင်ခွင့် ရရှိထားကြသဖြင့် ဒေသခံပြည်သူများအပေါ် မတရားလုပ်ဆောင်နေကြောင်း ဆိုသည်။

    ဂျိုင်းမြစ်ဒေသသည် တော်လှန်ရေးတပ်ဖွဲ့ဝင်များ မကြာခဏဝင်ရောက်လေ့ရှိသဖြင့် စောင့်ကြည့်သတင်းပေးမှုများ လုပ်ဆောင်နိုင်ရန် မူးယစ်ဆေးစွဲနေသူများကို စစ်ကော်မရှင် ကရင်နယ်ခြားစောင့်တပ်အဖွဲ့မှ လက်နက်ကိုင်ဆောင်ခွင့်ပြုထားကြောင်း သိရသည်။

    “သူတို့က မွန်စစ်စစ်၊ လူလတ်ပိုင်းအရွယ်တွေပဲ။ ဒါပေမဲ့ သူတို့က BGF နဲ့ KNLA – PC လက်နက်ကိုင်အဖွဲ့မှာ အဖွဲ့ဝင်လုပ်ထားတယ်။ အကြောင်းရင်းကတော့ အဲလိုအဖွဲ့ဝင်လုပ်ထားရင် စစ်မှုထမ်းကင်းလွတ်တယ်လေ။ ပြီးတော့ ဇာသပြင်ရဲစခန်းနဲ့ပေါင်းပြီး လောင်းကစားဝိုင်းတွေ၊ လိုင်စင်မဲ့ကားတွေလည်း တင်သွင်းခွင့်ရနေတယ်။” ဟု အထက်ပါ သတင်းအရင်းအမြစ်က ပြောသည်။

    ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဧပြီလမှစ၍ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကြား စစ်ရေးပြင်းထန်ချိန်မှစ၍  မွန်-ကရင်အစပ် ဂျိုင်းမြစ်ဒေသတလျှောက်တွင် စစ်ကောင်စီတပ်တို့ စခန်းချနေထိုင်မှု များလာသည်။

    လက်ရှိတွင် မူးယစ်ရမ်းကားနေသူ လက်နက်ကိုင်အဖွဲ့နှင့် သဟဇာတဖြစ်အောင်နေထိုင်နေရပြီး အကြောင်းမဲ့ဖမ်းဆီးငွေညှစ်ခြင်းနှင့် ဖမ်းဆီးရိုက်နှက်မှုများနှင့်လည်း ရင်ဆိုင်နေရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks