စစ်တပ်က ရွေးကောက်ပွဲကို ဖော်ဆောင်ပြီးသည်နှင့် တပြိုင်နက် ၎င်းတို့၏ နောက်ထပ်ခြေလှမ်းဖြစ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို လျင်လျင်မြန်မြန်ပင် အကောင်အထည်ဖော်လာသည်ကို မြင်တွေ့နေရသည်။
နေပြည်တော်တွင် ဖေဖော်ဝါရီ ၁၂ ၌ ပြုလုပ်နေခဲ့သည့် ပြည်ထောင်စုနေ့ အခမ်းအနားအပြီးတွင် NCA လက်မှတ်ထိုး 7 EAO Alliance အဖွဲ့နှင့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖေါ်ဆောင်မှုကော်မတီ NSPNC တို့ကြား တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အဆိုပါပွဲတွင် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) နှင့် မွန်ပြည်သစ်ပါတီ(NMSP) မှ တာဝန်ရှိသူများ တက်ရောက်နေပြီး အထူးသဖြင့် လာမည့်အစိုးရသစ်ကာလတွင် ဖော်ဆောင်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် ရှေ့ပြေး ဆွေးနွေးပွဲဖြစ်ကြောင်း ပွဲတက်ရောက်နေသူထံမှ သိရသည်။
သို့သော်လည်း အဆိုပါ အဖွဲ့များမှာ အာဏာသိမ်းပြီးနောက် စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားနေသူများ မဟုတ်သည့်အတွက် စစ်တပ်ဖော်ဆောင်မည့် ငြိမ်းချမ်းရေးတွင် အားလုံးပါဝင်မှုဖြစ်မည်လားဆိုသည့်အပေါ် မေးခွန်းထုတ်စရာဖြစ်လာသည်။

“အခုသူတို့ပြောနေတဲ့ တွေ့ဆုံဆွေးနွေးရေးပေါ့ဗျာ ငြိမ်းချမ်းရေးလို့တော့ မသုံးချင်တော့ပါဘူး။NCAကို အခြေမခံပဲနဲ့ အခုဖြစ်ပေါ်လာတဲ့ တော်လှန်ရေးအခင်းအကျင်းအရ ကျွန်တော်တို့က အားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကို ကျွန်တော်တို့က လုပ်မှပဲ တကယ့်ကို စစ်မှန်တဲ့ ငြိမ်းချမ်းရေးက ကျွန်တော်တို့ နိုင်ငံထဲမှာ ရမှာဖြစ်တယ်လေနော်။ ဆိုတော့ သူတို့အခုလုပ်နေတဲ့ဟာတွေကတော့ တကယ်ကော ကိုယ်စားပြုမှုရှိရဲ့လားဆိုတာ မေးခွန်းထုတ်စရာရှိပါတယ်။ အဓိကကတော့ ကျွန်တော်တို့ ဒီမှာ တကယ်တမ်းငြိမ်းချမ်းရေးကို လိုချင်တယ်ဆိုရင်တော့ ၂၀၀၈ ကို အခြေမခံတဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်ဖို့ လိုတယ်။စစ်တပ်ကလည်းအခုက သူတို့ရဲ့နိုင်ငံရေးထွက်ပေါက်ကိုရှာနေတယ် နိုင်ငံရေးထွက်ပေါက်ဆိုတာထက် သူတို့ရဲ့တရားဝင်မှုပေါ့နော် နိုင်ငံတကာကို နည်းလမ်းရှာတဲ့သဘောပါပဲ။ဆိုတော့ ကျွန်တော်တို့အနေနဲ့ကတော့ တကယ့်တကယ် နိုင်ငံရေးအပြောင်းအလဲနဲ့ နိုင်ငံရဲ့စစ်မှန်တဲ့ငြိမ်းချမ်းရေးကတော့ ဖြစ်ပေါ်လာဖို့ မရှိဘူးပေါ့နော်။” ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်က ဆိုသည်။
KNPP ၏ လက်နက်ကိုင်တပ် ကရင်နီတပ်မတော် KA သည် လက်ရှိ ကရင်နီပြည်နယ်တွင် စစ်ကော်မရှင်ကို ဆန့်ကျင်တိုက်ခိုက်နေသည့် တိုင်းရင်းသားအဖွဲ့အစည်းတစ်ခုဖြစ်ပြီး မြို့သိမ်းတိုက်ပွဲများလည်း ဖော်ဆောင်ထားသည်။
စစ်တပ်အနေဖြင့် အပစ်ရပ်အဖွဲ့များနှင့် ဦးစားပေးဆွေးနွေးပြီးမှ အဆင့်လိုက် လက်နက်ကိုင်တပ်ဖွဲ့များကို ဖိတ်ခေါ်ဆွေးနွေးရန်ရှိနေသည်ဟု 7 EAO Alliance ထံမှ သိရသည်။
စစ်တပ်နှင့် 7 EAO Alliance က ယနေ့အချိန်အထိ NCA ကို ဆက်လက်ဆွဲကိုင်ထားသော်လည်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် ချင်းအမျိုးသားတပ်ဦး (CNF)တို့ကမူ NCA ပျက်ပြယ်ကြောင်း ကြေညာထားကြသည်။
ထိုပြင် ခေတ်သစ်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် NCA က အလုပ်မဖြစ်တော့ကြောင်း CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက မှတ်ချက်ပြုသည်။
“ကျနော်တို့ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအောက်ကနေသွားနေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်မှန်သမျှကတော့ လုံးဝအယုံအကြည်မရှိတာပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ဟာ အာဏာမသိမ်းခင် NCA တလျှောက်မှာ ကျွန်တော်တို့ ၂၀၀၈ ဖွဲ့စည်းပုံအောက်ကနေ နိုင်ငံရေးဆွေးနွေးမှုတွေ လုပ်ခဲ့တယ် အခုလည်း ထိုနည်းလည်းကောင်းပဲပြန်ဖြစ်မှာပဲ ဘာဖြစ်လို့လည်းဆိုတော့ သူ့မှာ ဘာမှ အပြောင်းအလဲ ကျွန်တော်တို့လိုချင်တဲ့ နိုင်ငံရေး ရပ်တည်ချက်တွေကို သူက လျစ်လျူရှုနေဆဲဖြစ်တယ်။ အဲ့တာကြောင့် သူ့ရဲ့ နိုင်ငံရေးမှာ စစ်တပ်က ရေရှည်ရပ်တည်ရေးလုပ်ငန်းစဉ်ပဲ ဖြစ်သွားမှာမလို့ ကျွန်တော်တို့မှာ အဲဒီလို ဒီနေ့မှာတောံ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဘာဖို့ကတော့ ကျွန်တော်တို့မှာ ဘာမှ ချမှတ်တာမရှိဘူး။ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်အတိုင်း ဆက်သွားမှာပဲပေါ့” ဟု CNF ၏ သဘောထားကို ပြောသည်။
စစ်အာဏာသိမ်းပြီးကတည်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲခေါင်းစဉ်ဖြင့် အခမ်းအနားများစွာ နေပြည်တော်တွင် ပေါ်ပေါက်ခဲ့သော်လည်း EAOs များ၏ ယုံကြည်မှုကို စစ်တပ် ယနေ့အချိန်ထိ မရရှိပေ။
အထူးသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အရှိန်ရလာချိန် စစ်တပ်၏ တကျော့ပြန်အာဏာသိမ်းမှုကြောင့် လက်နက်ကိုင်တော်လှန်သည့် အဖွဲ့များစွာပင် ထပ်မံပေါက်ပေါက်စေခဲ့သည်။
စစ်တပ်ဘက်က တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းစဉ်များ ပြင်ဆင်လာချိန် EAOs များဘက်တွင်လည်း ပေါင်းစည်းမှုများကို မြင်တွေ့လာရသည်။
“နေပြည်တော်အစိုးရကို ကျနော်တို့ ပွင့်ပွင့်လင်းလင်းပြောပါတယ်။ KIO တဖွဲ့တည်းနဲ့ စကားပြောလို့မပြီးနိုင်ပါဘူး။ အဲ့တော့ နေပြည်တော်ဟာ NUG နဲ့ စကားပြောချင်တဲ့ ဆန္ဒရှိသလားလို့ ကျနော်တို့ မေးထားပါတယ်။ တဖွဲ့ချင်းနဲ့ စကားပြောတဲ့ ပုံစံမျိုးကို KIO က လက်ခံမှာ မဟုတ်ဘူးဆိုတာ ကျနော်တို့ နိုင်ငံတကာနဲ့ အိမ်နီးချင်းနိုင်ငံများ အားလုံးကို ကျနော်တို့ ပြောပြထားပြီးသား ဖြစ်ပါတယ်။”ဟု ကချင်လွတ်လပ်ရေးကောင်စီ (KIC) ၏ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော်က ၆၅ နှစ်ပြည့် ကချင်တော်လှန်ရေးနေ့ အထိမ်းအမှတ် အွန်လိုင်းမိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုခဲ့သည်။
စစ်တပ်သည် နွေဦးတော်လှန်ရေးနှင့်အတူ ပေါ်ပေါက်လာသည့် စစ်ဆင်ရေးများကြောင့် မြို့ပေါင်း ၉၀ အထိ လက်လွှတ်ခဲ့ရသည့် သမိုင်းဝင် ရှုံးနိမ့်မှုကို ရင်ဆိုင်ခဲ့ရသည်။ ရခိုင်ပြည်နယ်ကိုကြည့်လျှင် စစ်တပ်သည် မြို့ ၃ မြို့ကိုသာ ဆက်လက်အုပ်ချုပ်ထားနိုင်သည့် အခြေအနေသာရှိပြီး အာရက္ခတပ်တော် AA က စင်မြင့်တွင်ရှိနေသည့် အခြေအနေ ဖြစ်နေသည်။ ထို့ကြောင့် စစ်တပ်အနေဖြင့် AA နှင့် ညှိနှိုင်းလိုပါက အခြေအနေအချို့ကို လိုက်လျောရနိုင်ချေရှိသည်ဟု ရခိုင်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက ဆိုသည်။
“စျေးဘမ်းကိုခင်းထားပြီးမှ ဝယ်မယ် မဝယ်ဘူး ပြောတာ သဘာဝကျပါတယ်။ ဒီတော့ သူတို့ဖက်က တိုင်းရင်းသားတွေ လိုချင်နေတဲ့ ဖယ်ဒရယ်ကို အယင်ရေးဆွဲ ချပြပြီး စျေးခေါ်ကြည့်ပေါ့။ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံနဲ့တော့ အဆင်မပြေနိုင်ဘူး။ ဒါကိုဖျက်ပြီး အသစ်ရေးဆွဲချပြနိုင်ဖို့ လိုပါလိမ့်မယ်။ သူတို့က ငြိမ်းချမ်းရေးကို ရချင်တဲ့စိတ်တော့ ရှိမှာပါ။ ဒါပေမဲ့ စစ်တပ် ရာသက်ပန် အုပ်ချုပ်ရေးကို ပြည်ထောင်စု ပြိုကွဲမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဝါဒဖြန့်ပြီး ကာထားတဲ့လုပ်ရပ်မျိုးကြောင့် တိုင်းရင်းသားတွေက ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို အယုံအကြည်မရှိကြပါဘူး။ ပွဲစည်ဖို့ အိမ်ဖြည့်ပေးရတဲ့အခြေအနေမျိုးထက် ပိုမထူးလာနိုင်ပါဘူး။ စစ်တပ်က နိုင်ငံရေးကနေ ကင်းကင်းရှင်းရှင်း နေဖို့ စိတ်မရှိသမျှ ဒီဆွေးနွေးပွဲတွေက ဟန်ပြဘဲ ဖြစ်ပါလိမ့်မယ်” ဟု သုံးသပ်သည်။
ထို့နည်းတူ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA၊ ပအိုဝ်းအမျိုးသားတပ်မတော် PNA ကဲ့သို့သော အဖွဲ့အစည်းများကပါ ပြည်နယ်တောင်းသည့် အခြေအနေများရှိနေကြောင်း နီးစပ်သူများထံမှ သိရသည်။
အဆိုပါအခြေအနေများကြောင့် စစ်တပ်အနေဖြင့် လာမည့်ဆွေးနွေးပွဲကာလများတွင် သဘောထားတင်းမာပြီး လိုက်လျောမှု အနည်းဆုံးဖြစ်အောင် လုပ်ဆောင်သွားရန် ရှိနေသည်ဟု နေပြည်တော် အသိုင်းအဝိုင်းက မှတ်ချက်ပြုသည်။
စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူး မင်းအောင်လှိုင်က နိုင်ငံတွင် ဒီမိုကရေစီစနစ် ထွန်းကားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မရှိတော့သည့်အချိန်မှ လွှတ်တော်အတွင်း စစ်တပ်ပါဝင်မှုကို အဆင့်ဆင့် လျှော့ချသွားနိုင်မည်ဟု ထုတ်ဖော်ပြောဆိုထားသည်။


