spot_img
Tuesday, February 17, 2026
More
    spot_img
    Homeသတင်းရန်ကုန်မြို့ပေါ်နေ မွန်လူငယ်အချင်းချင်း ချိတ်ဆက်မှုအားကောင်းစေရန်" စည်းရုံးရေးနှင့် လူငယ်ဆပ်ကော်မတီအဖွဲ့" ဖွဲ့စည်း

    ရန်ကုန်မြို့ပေါ်နေ မွန်လူငယ်အချင်းချင်း ချိတ်ဆက်မှုအားကောင်းစေရန်" စည်းရုံးရေးနှင့် လူငယ်ဆပ်ကော်မတီအဖွဲ့" ဖွဲ့စည်း

    -

    ရန်ကုန်ပေါ်နေ မွန်လူငယ်အချင်းချင်း ချိတ်ဆက်ပူးပေါင်းမှု အားကောင်းစေရေး မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ(ရန်ကုန်) မှ "စည်းရုံးရေးနှင့် လူငယ်ဆပ်ကော်မတီ" အဖွဲ့ကို ဖွဲ့စည်းခဲ့သည်ဟု တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။

    ယင်းကော်မတီကို နာယကများ၊ အကြံပေးအဖွဲ့များ၊ အလုပ်မှုဆောင်အဖွဲ့များ၊ မြို့နယ်ကိုယ်စားလှယ်များအပြင် မွန်ပြည်နယ် မြို့နယ်အသီးသီးမှ လူငယ်များကိုလည်း ကော်မတီဝင်အဖြစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ပိဋကတ်မွန်ကျောင်း၌ သတ်မှတ်ဖွဲ့စည်းခဲ့သည်။

    ဖွဲ့စည်းထားသည့် လူငယ်ဆပ်ကော်မတီသည် ရန်ကုန်မြို့ပေါ်နေ လူငယ်များအတွက် ကွန်ရက်တစ်ခုဖြစ်စေမည့်အပြင် မွန်စာပေသင်ကြားရေးအစီအစဉ်များတွင် ပံ့ပိုးဆောင်ရွက်ရေး၊ ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားနိုင်ရေးကိစ္စများကို တာဝန်ယူဆောင်ရွက်သွားမည်ဟု မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ တာဝန်ရှိသူ မိမြအောင်က ဆိုသည်။

    “ ရန်ကုန်မှာက ကြာလာလေ မွန်စာပေကို သင်ကြားသူနည်းလာလေဖြစ်နေတာ။ ကလေးအရွယ်တွေက ရှာလို့လွယ်ပေမဲ့ Grade-11-12 လောက်ရှိတဲ့ကလေးတွေကိုတော့ မွန်စာပေလာသင်တဲ့သူမရှိနေတော့ဘူး။ သူတို့ကိုစည်းရုံးပေးဖို့ကလည်း သက်ကြီးပိုင်းလူတွေစည်းရုံးရင် စိတ်မဝင်စာတော့ဘူးလေ။ အဲဒီအတွက် လူငယ်ဆပ်ကော်မတီနဲ့အတူ ပူးပေါင်းပြီးတော့ ရှေ့ဆက်လုပ်ငန်းတွေ ဆောင်ရွက်မယ်။” ဟု ဆိုသည်။

    လာမည့်နွေရာသီ မွန်စာပေသင်တန်းအတွက်လည်း ရန်ကုန်ရှိမွန်လူငယ်များ ပိုမိုပါဝင်တက်ရောက်ရန်နှင့် ယဉ်ကျေးမှုဆိုင်ရာ သင်တန်းများကိုလည်း စိတ်ဝင်စားလာစေရန် ကွင်းဆင်းစည်းရုံးမှုများလုပ်ဆောင်သွားရန်ရှိကြောင်းလည်း ဆက်ပြောသည်။

    လက်ရှိဖွဲ့စည်းထားသည့် လူငယ်ဆပ်ကော်မတီနှင့် မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ(ရန်ကုန်)တို့ ပူးပေါင်းပြီး လစဉ် တွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကိုလည်း ချမှတ်ပေးသွားရန်ရှိသည်ဟု အခြားတာဝန်ခံတစ်ဦးက ဆက်ပြောသည်။

    ရန်ကုန်ရှိမြို့ပေါ်နေ မွန်လူမျိုးများသည် မြို့ပြနေထိုင်မှုပုံစံ၊ ပညာရေးနှင့် အလုပ်အကိုင်ဖိအားများကြောင့် လူငယ်မျိုးဆက်အများစုသည် မွန်ဘာသာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုများအပေါ် စိတ်ဝင်စားမှုလျော့နည်းလာနေသည်ဟု မွန်ယဉ်ကျေးမှုကော်မတီဝင်များက ထောက်ပြပြောဆိုထားသည်။

    “ရန်ကုန်မှာရှိတဲ့လူငယ်တွေက မွန်ပြည်နယ်မှာရှိတဲ့ လူငယ်တွေနဲ့မတူဘူးပေါ့နော်။ သူတို့ကို စည်းရုံးရတာ အရမ်းခက်ခဲတယ်။ အခုကတည်းက သူတို့နဲ့မစည်းရုံးထားရင် နောင်မှာဒီမွန်စာပေနှင့်ယဉ်ကျေးမှုကို ထိန်းသိမ်းမဲ့သူမရှိလောက်တော့ဘူး။” ဟု မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ(ရန်ကုန်)မှ တာဝန်ရှိသူ မင်းခင်စိန်က ဆိုသည်။

    ဒါ့အပြင် မွန်လူမျိုးရေးကိစ္စများတွင် ရန်ကုန်မြို့ပေါ်နေမွန်များ ငွေကြေးဆိုင်ရာ ကူညီထောက်ပံ့မှုများရှိသော်လည်း မြေပြင်ပူးပေါင်းပါဝင်ဆောင်ရွက်သူများ မရှိနေကြောင်းလည်း ရန်ကုန်မြို့ပေါ် မွန်များ၏ ပြောဆိုချက်အရ သိရသည်။

    ထို့ကြောင့် "စည်းရုံးရေးနှင့် လူငယ်ဆပ်ကော်မတီ"၏ ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များတွင် ရန်ကုန်တိုင်းဒေသကြီးသို့ ရောက်ရှိနေသော မွန်လူငယ်များအားလုံး ပူးပေါင်းပါဝင် အားဖြည့်ရန်ဖိတ်ခေါ်ကြောင်းလည်း မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ တိုက်တွန်းထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks