တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူ-ထားဝယ်-မြိတ်ကားလမ်းပိုင်းတွင် စစ်ကော်မရှင်အဖွဲ့မှ စစ်ကြောင်းထိုးဝင်ရောက်လာမှုအပြင် တိုက်ပွဲများလည်းဖြစ်ပွားနေသဖြင့် တော်လှန်ရေးအဖွဲ့ဘက်မှ လမ်းပိုင်းပိတ်ဆို့ခြင်းများလုပ်ဆောင်ထားပြီး ယာဉ်များပိတ်မိနေကြောင်း ယာဉ်မောင်းနှင့် ဒေသခံများထံမှ သိရသည်။
မြိတ်-ထားဝယ်ကားလမ်းပိုင်းပေါ်သို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်နေ့မှစ၍ စစ်ကော်မရှင်အဖွဲ့မှ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် ပလောက်မြို့အနီးရှိ ဆင်ထိုးကျေးရွာတွင် တစ်နေရာ၊ သရက်ချောင်းမြို့အနီးရှိ ပိတိုင်ကျေးရွာတွင်တစ်နေရာ ယနေ့အထိ လမ်းပိုင်းပိတ်ဆို့ထားရသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့ကလည်း ထားဝယ်-ရေဖြူကားလမ်းပိုင်းတွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့အကြား ပစ်ခတ်မှုထပ်မံဖြစ်ပွားပြီး ထားဝယ်-ကလိန်အောင်လမ်းပိုင်းကိုလည်း တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ပိတ်ထားကြောင်း ပရဟိတယာဉ်မောင်းတစ်ဦးက ပြောသည်။

“မြိတ်-ထားဝယ်ကြားက ပိတ်နေတာကတော့ ဒီနေ့ဆို ၁၀ ရက်လောက် ရှိပြီ။ ထားဝယ်နဲ့ ရေဖြူကြားကတော့ မနေ့ကမှ စပိတ်တာ။ အဲကြားမှာ ကုန်တင်ကားတွေ ပိတ်မိနေတယ်။ ဒီမနက် ၉ နာရီအထိတော့ ရေဖြူ-ထားဝယ်ကိုလည်း ပိတ်ထားတုန်းပဲ။ တိုက်ပွဲဖြစ်နေတယ်လို့ ပြောတယ်” ဟု အထက်ပါ ယာဉ်မောင်းက ပြောသည်။
လုံခြုံရေးအခြေအနေအရ ပိတ်ထားသည့်လမ်းပိုင်းပေါ်တွင် ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များ ပိတ်မိနေပြီး မည်သည့်ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ကို ပြောဆိုထားခြင်းမရှိသည့်သေးကြောင်းလည်း ဆိုသည်။
ရေး-ထားဝယ် အမှတ် ၈ ကားလမ်းပိုင်းကို ပြန်လည်စိုးမိုးနိုင်ရေး လမ်းပိုင်းတစ်လျှောက်ရှိ ကျေးရွာများအတွင်း စစ်ကော်မရှင်မှ စစ်ကြောင်းထိုးဝင်ရောက်နေသည့်အတွက် တနင်္သာရီတိုင်းတစ်ခုလုံးတွင် တိုက်ပွဲဖြစ်ပွားနေကြောင်း PDF အထူးတိုင်းစစ်ဌာနမှ တာဝန်ရှိသူ စောဒါးကိုက ပြောသည်။
“အခုက တနင်္သာရီတိုင်းက မြိတ်ခရိုင်နဲ့ ထားဝယ်ခရိုင်တစ်ခုလုံးမှာ တိုက်ပွဲဖြစ်နေတယ်။ ထားဝယ်ခရိုင်မှာက နေရာတော်တော်များများမှာ တိုက်ပွဲပြင်းထန်နေတယ်။ ကျေးရွာတွေဘက်ကို စစ်ကြောင်းတွေ ထိုးနေတယ်။ အဓိကကတော့ အမှတ် ၈ လမ်းကို ထိန်းဖို့ပါ။ မြိတ်ခရိုင်က ပုလောဘက်မှာလည်း တိုက်ပွဲပြင်းထန်နေတယ်။ အဓိကကတော့ တော်လှန်ရေးအဖွဲ့တွေကို အရင်လာရှင်းမယ်ဆိုတဲ့သဘောပေါ့နော်” ဟု ဆိုသည်။
ယနေ့မွန်းလွဲပိုင်းတွင် ရေဖြူ-ထားလမ်းလမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်လိုက်ပြီးဖြစ်သဖြင့် ဖြတ်သန်းသွားလာခွင့် ရနေပြီးဖြစ်ကြောင်းလည်း လူမှုကွန်ရက်ပေါ်တွင် ယာဉ်မောင်းများမှ ရေးသားဖော်ပြချက်အရ သိရသည်။
နယ်မြေစိုးမိုးနိုင်ရေး ကြိုးပမ်းနေသည့် စစ်ကော်မရှင်အဖွဲ့ကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း လုံခြုံရေးအခြေအနေအရ လမ်းပိုင်းပိတ်ဆို့မှု မကြာခဏလုပ်ဆောင်နေရသည်။
လမ်းပိုင်းပိတ်ဆို့မှုများကြောင့် သယ်ယူပို့ဆောင်စရိတ်များ ဈေးနှုန်းမြင့်တက်နေပြီး စားသုံးသူအခြေခံလူတန်းစားများအတွက် ထိခိုက်မှုရှိလာနေကြောင်းလည်း ယာဉ်မောင်းများက ဆိုသည်။


