spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်းအွန်လိုင်းအသုံးပြု၍ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခြင်းကြောင့် ၃ လအတွင်း လူ ၅၀ နီးပါး ဖမ်းဆီးခံရ

    အွန်လိုင်းအသုံးပြု၍ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခြင်းကြောင့် ၃ လအတွင်း လူ ၅၀ နီးပါး ဖမ်းဆီးခံရ

    -

    အွန်လိုင်းအသုံးပြု၍ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခြင်းကြောင့် ၂၀၂၅ နိုဝင်ဘာလမှ ဇန်နဝါရီလကုန်အထိ ၃ လအတွင်း လူ ၄၉ ဦး ဖမ်းဆီးခံခဲ့ရပြီး အဆိုပါစာရင်းအတွင်း ရွေးကောက်ပွဲဥပဒေဖြင့် ဖမ်းဆီးခံရသူ၂၉ ဦးအထိ ပါဝင်နေသည်ဟု မြန်မာအင်တာနက်ပရောဂျက်အဖွဲ့ (MIP) ကပြောသည်။

    ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၆ ဇန်နဝါရီအထိ ကာလသည် အတုအယောင်ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများနှင့်အတူ ရွေးကောက်ပွဲနှင့် ပတ်သတ်၍ အွန်လိုင်းပေါ်မှ ပြောဆိုရေးသားမှုများအပေါ် စောင့်ကြည့်ဖမ်းဆီးခြင်းများကို စစ်အုပ်စုက (၂၄) နာရီ ပြုလုပ်ပြီး အရေးယူမှုများပြုလုပ်နိုင်ရန် ဆောင်ရွက်ခဲ့သည်။

    ဖမ်းဆီးခံရမှုများတွင် "၂၀၂၁" အရေးတော်ပုံဟုဆို၍ အတုအယောင်ရွေးကောက်ပွဲအတွက် မဲဆွယ်သော ပြည်သူပါတီမှ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်သူ ဦးလွင်မြင့်နှင့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဝေဖန်ခဲ့သော ထမင်းချိုင့်ဆွဲရောင်းချသူ ဦးကြည်မျိုးဇော်(ခ) ဦးကြည်တို့သည် လူသိထင်ရှားသော ဖမ်းဆီးခံရမှုများဖြစ်သည်။

    ထို့အပြင် မော်လမြိုင် တောင်ဝိုင်းမြေဖြိုမှုဖြစ်စဉ်နှင့်ပတ်သတ်၍ လူမှုကွန်ရက်မီဒီယာပေါ်တွင် ရေးသားခြင်းကြောင့် သာသနာနွယ်ဖောင်ဒေးရှင်းဆရာတော်နှင့် ကပ္ပိယ (၂) ဦးတို့ စစ်ကော်မရှင်ထံ ဖမ်းဆီးခံရခြင်းသည် နိမ့်ကျသွားသော ထုတ်ဖော်ပြောဆိုခွင့်အခြေအနေကို မီးမောင်းထိုးပြလျှက်ရှိသည်။

    စစ်အုပ်စုများသည် လွတ်လပ်စွာပြောခွင့်အပါအဝင် လူ့အခွင့်အရေးအပေါ် လေးစားလိုက်နာကြသူများ မဟုတ်သည့်အတွက် ရွေးကောက်ပွဲအလွန်ကာလတွင်လည်း ကောင်းမွန်လာမည့်အခြေအနေသို့ ရောက်ရှိရန် မျှော်လင့်၍ မရကြောင်းလည်း မြန်မာအင်တာနက်ပရောဂျက်အဖွဲ့ (MIP) တာဝန်ခံ ကိုသစ်ဉာဏ်က ပြောသည်။

    "လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကြောင့် ဖမ်းဆီးမှုတွေ ဆက်ရှိနေသေးပေမဲ့ ရွေးကောက်ပွဲဥပဒေအသုံးပြုပြီး ဖမ်းဆီးမှုတွေကိုတော့ လောလောဆယ်တော့ ကျနော်တို့မတွေ့ရသေးဘူး။ ဒါပေမဲ့ စစ်အုပ်စုတွေက လူ့အခွင့်အရေးအပေါ် လေးစားလိုက်နာသူတွေမဟုတ်တော့ အခြေအနေတွေ ကောင်းမွန်လာဖို့ကိုလည်း မျှော်လင့်လို့ မရပါဘူး"ဟု သူကဆိုသည်။

    ထို့သို့ ဖမ်းဆီးခံရမှုများတွင် စစ်အုပ်စုလော်ဘီများနှင့် သတင်းသမားအမည်ခံထားသော အမျိုးသားရေးလှုပ်ဆော်သူများက အွန်လိုင်းပေါ်၌ စောင့်ကြည့်ပြီး ဖမ်းဆီးပေးရန် တိုက်တွန်းနှိုးဆော်မှုများရှိနေသည်။

    "သူတို့တွေက အွန်လိုင်းပလက်ဖောင်းမှာ စောင့်ကြည့်ပါတယ်။ အချက်အလက်တွေကို ရှာဖွေကူးယူပြီး တယ်လီဂရမ်တွေတင်ပြီး ဖမ်းဆီးဖို့ တိုက်တွန်းတာပါ"ဟု ကိုသစ်ဉာဏ်က ဆက်ပြောသည်။

    အတုအယောင် ရွေးကောက်ပွဲကာလအတွင်း စောင့်ကြည့်ဖမ်းဆီးမှုများအပြင် အင်တာနက်ပြတ်တောက်မှုများနှင့် PSMS (Person Scrutinization and Monitoring System) စနစ်ကို အသုံးပြု စစ်ဆေးမှုများလည်းမြင့်တွေ့ခဲ့ရကြောင်း MIP က ဆိုသည်။

    ရွေးကောက်ပွဲကျင်းပပြီးစီခဲ့သည်မှာ သီတင်းပတ် ၃ အပတ် ကျော်လွန်ခဲ့သော်လည်း ရွေးကောက်ပွဲနှင့်ပတ်သတ်သည့် အကြောင်းအရာများ၊ တိုက်ပွဲနှင့် ဒေသတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုအခြေအနေများကို ထုတ်ဖော်ပြောဆိုခြင်း တစ်စုံတစ်ရာ မလုပ်ရဲကြကြောင်းလည်း ရေးဒေသခံများက ပြောသည်။

    Data For Myanmar အဖွဲ့၏ ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၅ အောက်တိုဘာလအထိ လူမှုကွန်ရက်မီဒီယာပေါ် ပြောဆိုမှုများကြောင့် ဖမ်းဆီးခံရသူ စုစုပေါင်း (၁၉၉၄) ဦး ရှိသည်ဟုလည်း ဖော်ပြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks