spot_img
Sunday, February 15, 2026
More
    spot_img
    Homeသတင်းတော်လှန်အမျိုးသမီးများကို စစ်အုပ်စုက လိင်ပိုင်းဆိုင်ရာအကြမ်းဖက်နည်းဖြင့် တိုက်ခိုက်နေ

    တော်လှန်အမျိုးသမီးများကို စစ်အုပ်စုက လိင်ပိုင်းဆိုင်ရာအကြမ်းဖက်နည်းဖြင့် တိုက်ခိုက်နေ

    -

    တော်လှန်ရေးနယ်ပယ်အသီးသီးတွင် တာဝန်ထမ်းဆောင်နေသူ အမျိုးသမီးများကို စစ်အုပ်စုက အွန်လိုင်းမှတစ်ဆင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းနည်းလမ်းဖြင့် အသက်အန္တရာယ်ဖြစ်စေသည်အထိ ပစ်မှတ်ထား တိုက်ခိုက်မှုများ လုပ်ဆောင်နေကြကြောင်း မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့ချူပ် (Burmese Women’s Union) က ပြောသည်။

    တော်လှန်ရေးနယ်ပယ်အတွင်းရှိ အမျိုးသမီးအများစုသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တော်လှန်ရေးအရှိန်အဟုန် မြင့်နေစဉ် လက်နက်ခဲယမ်းအတွက် ရန်ပုံငွေလိုအပ်ချက်များကို ကမ်ပိန်းအပြင် အွန်လိုင်းမှတစ်ဆင့် စည်းရှုံးလှုပ်ရှားမှုအမျိုးမျိုးတွင် ပါဝင်ဆောင်ရွက်နေကြသည်။

    အဆိုပါ တော်လှန်ရေးနယ်ပယ်အတွင်းရှိ အမျိုးသမီးများသည် ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် စစ်အုပ်စုနှင့် ထောက်ခံသူများက လာရောက်ဆဲဆိုခြင်း၊ အမြင်မတော်သည့် စာတိုများ ဓာတ်ပုံများပေးပို့ခြင်း၊ ကာမဆက်ဆံပြုမူရန် ဗြောင်ဗြောင်တင်းတင်း တောင်းဆိုခြင်း စသည့် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုအမျိုးမျိုး ကျူးလွန်ခံနေရကြောင်း မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့ချူပ်မှတွဲဖက်အတွင်းရေးမှူး မဝေဝေက IMNA သို့ ပြောသည်။

    “တော်လှန်ရေးအတွက် ကမ်ပိန်းပဲဖြစ်စေ၊ ရန်ပုံငွေရှာနေကြတဲ့ အမျိုးသမီးငယ်တွေကို စစ်အုပ်စုနဲ့ ထောက်ခံသူတွေက ရည်ရွယ်ချက်ရှိရှိကို ဆဲဆိုပြီး ရိုင်းစိုင်းတဲ့စကားတွေကို နှုတ်နဲ့ပဲဖြစ်ဖြစ်၊ စာသားနဲ့ပဲဖြစ်ဖြစ် ပြောဆိုခြိမ်းခြောက်နေတယ်။ နင်တို့ကို ဖမ်းမိရင် မုဒိမ်းကျင့်လိုက်မယ်၊ အဲဒီလိုမျိုးနဲ့ ဆက်နွယ်တဲ့ ကြမ်းတမ်းရိုင်းစိုင်းတဲ့စကားတွေနဲ့ အသက်အန္တရာယ်အထိ ပြောဆိုခြိမ်းခြောက်နေတာ။ ” ဟု ဆိုသည်။

    လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုအမျိုးမျိုးကြောင့် အွန်လိုင်းမှတစ်ဆင့် တော်လှန်ရေးအတွက်လှုပ်ရှားနေသူ အမျိုးသမီးများ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားမှုများ ရှိလာကြောင်းလည်း ဆက်ပြောသည်။

    တစ်ဖက်တွင်လည်း စစ်အုပ်စု၏ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများအပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အတွင်း၌လည်း တော်လှန်အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနှင့် နှောင့်ယှက်မှုများခံနေရသည်။ 

    အဖွဲ့အစည်းအတွင်း နှောင့်ယှက်ခံရမှုများတွင် တရားစီရင်ရေးစနစ်နှင့် အရေးယူမှုများ အားနည်းနေသေးကြောင်းလည်း နယ်စပ်ဒေသအတွင်း အမျိုးသမီးအရေး လှုပ်ရှားနေသူတစ်ဦးက ဆိုသည်။

    "အကြမ်းဖက်မှုကျူးလွန်တာတွေ၊ လိင်ပိုင်းဆိုင်ရာကျူးလွန်တာတွေလဲ နေရာအနှံ့မှာဖြစ်နေတယ်ဆိုတာလဲသိရပါတယ်။ တော်လှန်ရေးဘက်တော်သားတွေဖက်ကလဲ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကျူးလွန်တဲ့ကိစ္စအချို့ကို ကြားသိနေရာတာရှိပါတယ်။ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေကတော့ သူတို့ရဲ့ တရားရေးစနစ်နဲ့ အရေးယူမှုတွေရှိတယ်ဆိုပေမဲ့ ရာထူးကြီးတွေ အရေးယူမခံရတာတွေ ဒီအတိုင်းပဲပြီးသွားတာတွေလည်း အများကြီးပေါ့"ဟု ပြောသည်။

    ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်တွင် အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံမှ လိင်နှင့်ဂျန်ဒါအခြေပြု အကြမ်းဖက်မှု ၂၀၉ မှုကို မှတ်တမ်းတင်နိုင်ခဲ့ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကား နှောက်ယှက်မှု ၃၆ မှုအထိ ပါဝင်နေကြောင်း ဖော်ပြထားသည်။

    စစ်အုပ်စုထိန်းချုပ်နယ်မြေနှင့် တော်လှန်ရေးထိန်းချုပ်နယ်မြေရှိ အမျိုးသမီးငယ်များသည် လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်နှင့် အကြမ်းဖက်ခံနေရသော်လည်း တိုင်ကြားစရာနေရာ မရှိသည့်အတွက် နှုတ်ဆိတ်နေကြပြီး အကာအကွယ် ကင်းမဲ့နေကြသည်။

    ထို့ကြောင့် အကြမ်းဖက်မှု ကျူးလွန်သူများကို ပြစ်ဒဏ်ကင်းလွတ်ခွင့် လုံးဝမပြုရေး တစိုက်မတ်မတ် လှုပ်ရှားရန်လိုအပ်ကြောင်းလည်း အမျိုးသမီးအရေးလှုပ်ရှားသူများက တိုက်တွန်းသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks