မွန်ပြည်နယ်၊ ကျိုက်ထို မြို့နယ်၊ ခရွဲကျေးရွာအုပ်စုနှင့် ဝင်းကံကျေးရွာအုပ်စုအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ် ပစ်ခတ်မှုကြောင့် အပြစ်မဲ့အရပ်သား ၄ ဦး သေဆုံးပြီး၊ ၃ ဦး ဒဏ်ရာရကာ လူဦးရေ ၁၂၉၀၀ ကျော် ဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေကြရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်နေ့က အင်အား ၂၅၀ ဝန်းကျင်ရှိသည့် စစ်ကော်မရှင်စစ်ကြောင်းက ခရွဲကျေးရွာအုပ်စုနှင့် ဝင်းကံကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည်။
စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်သည် ခရွဲကျေးရွာအုပ်စု စစ်ကွင်းရွာအနီးဝန်းကျင်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က အရပ်သားပြည်သူများ နေထိုင်သည့် ကျေးရွာများဘက်ကို ပစ်မှတ်ထားကာ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။
စစ်တပ် ပစ်ခတ်သည့် လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှုကြောင့် စစ်ကွင်းရွာမှ အသက် ၆၀ ဦးစောနောင်၊ ဇနီးဖြစ်သူ အသက် ၆၅ နှစ် ဒေါ်မအေးနှင့် မုက္ခမော့ရွာမှ အသက် ၆၅ နှစ် ဦးအေးသိန်းတို့ ၃ ဦး သေဆုံးခဲ့ရသည်။
၎င်းပြင် စစ်ကွင်းရွာနေ ဦးစောနောင်၏သား အသက် ၁၄ နှစ်အရွယ် သက်မိုးအောင်၊ မုက္ခမော့ရွာမှ အသက် ၇၂ နှစ်အရွယ် ဦးခင်စိန်နှင့် အသက် ၁၅ နှစ်အရွယ် မောင်စိုင်းကြယ်စင်တို့ လက်နက်ကြီး ထိမှန်ဒဏ်ရာရရှိခဲ့သလို နေအိမ်တစ်လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့သည်။
ယင်းနေ့တွင်ပင် စစ်ကော်မရှင် စစ်ကြောင်းသည် အခိုင်ရွာသား အသက် ၅၀ အရွယ် ဦးကြက်ဥကိုလည်း သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီလ ၇ ရက်နေ့ကလည်း အင်အား ၂၀၀ ခန့်ရှိသည့် စစ်ကော်မရှင် ခမရ-၂ နှင့် ခလရ-၈ ပူးပေါင်းစစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များအကြား ဖိုးဝါးသိမ်ရွာနှင့် ညောင်ထောက်ရွာကြားတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
တိုက်ပွဲဖြစ်ပြီးနောက် စစ်ကော်မရှင် စစ်ကြောင်းသည် ညောင်ထောက်ရွာထဲ ဝင်ရောက်ပြီး ပြည်သူပိုင် နေအိမ်များ ဖောက်ထွင်းမွေနှောက်ကာ ဆိုင်ကယ် ၆ စီးနှင့် အိမ်အသုံးအဆောင်ပစ္စည်းများ သိမ်းယူပြီး နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။
ယင်းနောက် စစ်ကြောင်းသည် အလူးကြီးရွာထဲ ဝင်ရောက်ပြီး ပြည်သူနေအိမ်များ ဖောက်ထွင်းမွေနှောက်ကာ ဆိုင်ကယ် ၃ စီး၊ လက်ကိုင်ဖုန်း၊ ငွေသား၊ အိမ်အသုံးအဆောင်ပစ္စည်းများ သိမ်းယူပြီး ဖိုးဝါးသိမ်ရွာတွင် ဝင်ရောက်တပ်စွဲထားသည်။
စစ်ကော်မရှင်တပ်မှ စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် ကျိုက်ထိုမြို့နယ်၊ အလူးကျေးရွာအုပ်စု၊ ငှက်ပျောတောကျေးရွာအုပ်စု၊ ခရွဲကျေးရွာအုပ်စုနှင့် ဝင်းကံကျေးရွာအုပ်စုအတွင်းရှိ ရွာပေါင်း ၁၉ ရွာမှ အိမ်ခြေ ၂၉၃၉ လုံးမှ လူဦးရေ စုစုပေါင်း ၁၂၉၃၀ ဦးကျော်မှ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရသည်။






ဓါတ်ပုံ – စစ်တပ်၏ ပစ်ခတ်မှုကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးရမှုများနှင့် စစ်ဘေးရှောင်ပြည်သူလူထုများ
ပုံခရက်တစ် – ကေအဲန်ယူ


