spot_img
Thursday, March 5, 2026
More
    spot_img
    Homeသတင်းဝဲကလိအမြှောက်တပ်စခန်းသို့ စစ်အင်အားနှင့် လက်နက်ခဲယမ်းများ ဖြည့်တင်း

    ဝဲကလိအမြှောက်တပ်စခန်းသို့ စစ်အင်အားနှင့် လက်နက်ခဲယမ်းများ ဖြည့်တင်း

    -

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝယ်ကလိကျေးရွာအခြေစိုက် အမြှောက်တပ် အမတ-၃၁၅ တပ်ရင်းသို့ စစ်ကော်မရှင်က စစ်အင်အားနှင့် လက်နက်ခဲယမ်းများ ဖြည့်တင်းနေသည်ဟု ဒေသခံနှင့် ကိုယ်တိုင်မြင်တွေ့ရသူများက ပြောသည်။

    အမြှောက်လက်နက်များအပါအဝင် တပ်သားအင်အား ရာနှင့်ချီ တင်ဆောင်လာသည့် စစ်မော်တော်ယာဉ် အစီးရေ ၂၀ ကျော်တို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၇ ရက်နေ့က  အရှေ့တောင်တိုင်းစစ်ဌာနချူပ်မှတစ်ဆင့် သံဖြူဇရပ်မြို့နယ်၊ ဝဲကလိအမြှောက်တပ်ရင်းသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    “အရင်နေ့တွေတော့ မတွေ့မိဘူး။ ၇ ရက်နေ့ကတော့ စစ်ယာဉ်တန်းတွေ ဆင်းသွားတာ တွေ့တယ်။ ၁၂ ဘီးကား အစီး ၂၀ လောက်နဲ့ ဆင်းသွားတာ။ ဘာပါသွားလဲဆိုတာကတော့ သေချာမသိဘူး။ ဒါပေမဲ့ အမြှောက်လက်နက်တွေ ပါသွားတာကို တွေ့တယ်။ ပြီးတော့ ဆိုလာပြားလိုဟာမျိုးတွေလည်း တွေ့တယ်။ တကယ့်ပြည်ပရန် ကာကွယ်တဲ့ အမြှောက်လက်နက်တွေကြီးပဲ ” ဟု မျက်မြင်တွေ့ရှိသည့် မုဒုံဒေသခံတစ်ဦးက ပြောသည်။

    အဆိုပါ စစ်အင်အားနှင့် အမြှောက်လက်နက်များကို ဝဲကလိအမြှောက်တပ်ရင်းမှတစ်ဆင့် တိုက်ပွဲဖြစ်ပွားနေသည့် အနန်းကွင်းဗျူဟာဘက်သို့ အင်အားဖြည့်ပို့ဆောင်ရန်ဖြစ်နိုင်သလို သံဖြူဇရပ်-ရေးကားလမ်းပိုင်းသို့ ပို့ဆောင်ရန်ဖြစ်နိုင်ကြောင်းလည်း စစ်ရေးသုံးသပ်သူအချို့က ဆိုသည်။

    တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ စိုးမိုးမှု အားကောင်းနေသည့် ရေး-ထားဝယ် အမှတ် ၈ လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းရာတွင် စစ်ကော်မရှင်က ရေကြောင်းဖြင့်သာ စစ်အင်အားပို့ဆောင်နေရသဖြင့်  တော်လှန်ရေးအဖွဲ့များကို ရှင်းလင်းနိုင်ရေး စစ်မျက်နှာပြင်ဖွင့်ရန် ပြင်ဆင်ခြင်းဖြစ်နိုင်ကြောင်း ရေးဒေသခံတစ်ဦးက ပြောသည်။

    ရေးဒေသခံအမျိုးသားတစ်ဦးက “ရေး-သံဖြူဇရပ်လမ်းပိုင်းမှာက သူတို့တပ်စခန်းတွေလည်း ရှိတယ်။ ကာကင်းစခန်းတွေကလည်း ရှိတယ်။ ဒါပေမဲ့ နှစ်ကရင်ရော၊ မော့ကနင်ရော၊ ဝဲခမိရောက တော်လှန်ရေးအဖွဲ့တွေ တပ်စွဲထားတော့ ရေးဘက်ကို သူတို့ (စစ်ကော်မရှင်) စစ်အင်အားပို့မရဘူး ဖြစ်နေတယ်။ အဲဘက်ကို လင်းရှင်းဖို့လည်း ဖြစ်နိုင်တယ်။ လောလောဆယ် သူတို့က ရေးဘက်ကို အင်အားဖြည့်ရင် အစင်းကျေးရွာဘက်ကို ရေလမ်းကြောင်းကနေ စစ်သင်္ဘောတွေနဲ့ ပို့နေရတာ” ဟု အထက်ပါ ရေးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

    လက်ရှိတွင် ရေဖြူမြို့နယ်အတွင်းရှိ ကျေးရွာမှတစ်ဆင့် စစ်ကော်မရှင်စစ်ကြောင်းများ ထိုးဖောက်ဝင်ရောက်၍  ရေး-ထားဝယ် အမှတ် ၈ လမ်းပိုင်း ထိန်းချုပ်ရေး လှုပ်ရှုားနေကြောင်း ဒေသတွင်းရှိ PDF တာဝန်ခံများက ပြောသည်။

    မော်လမြိုင်-ရေး- ထားဝယ် အမှတ် ၈ လမ်းပိုင်းတွင် မွန်ပြည်သစ်ပါတီ NMSP-AD၊ မွန်ပြည်တော်လှန်ရေးတပ် MSRF၊ ရေးပြည်သူ့ကာကွယ်ရေးတပ် YPDF၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ PDF နှင့် ထားဝယ်တပ်ပေါင်းစုတို့က နယ်မြေစိုးမိုးထားပြီး စစ်ကော်မရှင်အဖွဲ့နှင့် မကြာခဏ တိုက်ပွဲဖြစ်ပွားနေသလို ရှောင်တခင် စစ်ဆေးမှုများလည်း လုပ်ဆောင်နေကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks