ခရီးသွားဆောင်းပါး- သော်တာ
ထိုင်းနိုင်ငံအလယ်ပိုင်းဒေသရဲ့ အရေးပါတဲ့ခရီးသွားနေရာတစ်ခုဖြစ်ပြီး သမိုင်း၊ ယဉ်ကျေးမှုနဲ့ သဘာဝအရင်းအမြစ်တွေ ပေါင်းစပ်ထားတဲ့ ဆူဖန်ဘူရီပြည်နယ်ဟာ ထိုင်းနိုင်ငံရဲ့ သမိုင်းရှည်ကြာပြည်နယ်တစ်ခုအဖြစ် ရပ်တည်နေဆဲပါ။
သမိုင်းနဲ့ ယဉ်ကျေးမှုအကြောင်းတွေကို မှတ်တမ်းတွေမှာ လေ့လာတာထက် ဒေသခံလူမျိုးတွေနေထိုင်တဲ့ နေရာတွေကို ကိုယ်တိုင်သွားရောက်လေ့လာတာဟာ နက်ရှိုင်းတဲ့ နားလည်မှုကို ပေးစွမ်းနိုင်တယ်လို့ ယုံကြည်ထားတာကြောင့် ကျမတို့သတင်းအဖွဲ့ဟာ ဆူဖန်ဘူရီပြည်နယ်အတွင်း ပြုလုပ်တဲ့ (၇၉) ကြိမ်မြောက် မွန်အမျိုးသားနေ့ကို ယဉ်ကျေးမှုအကနဲ့ ပါဝင်အားဖြည့်ဖို့ သွားရောက်ရင်း တစ်ပါးတည်း လေ့လာခွင့်ရခဲ့တယ်။
ကျမတို့နေတဲ့ နယ်စပ်ဒေသကနေ အကွေ့အကောက်များတဲ့ အဝေးပြေးလမ်းမတွေပေါ် ၅ နာရီကြာ ကားနဲ့ဖြတ်သန်းစီးနင်းပြီးတဲ့နောက် ဆူဖန်ဘူရီပြည်နယ်ကို ရောက်လာခဲ့ပြီး နေအိမ်အဆောက်အဦးတွေ၊ ဘုရားကျောင်းကန်တွေ၊ စေပုထိုးနဲ့ ပြိုပျက်နေတဲ့ ဘုရားကျောင်းတွေကို လမ်းပိုင်းနေရာအချို့မှာ တွေ့မြင်လာရပါတယ်။
ဆူဖန်ဘူရီပြည်နယ်ကို ရောက်ရောက်ချင်း ပြည်နယ်ရဲ့ အနောက်မြောက်ပိုင်းမှာရှိတဲ့ အယုဒ္ဓယဘုရင် စစ်ပွဲအောင်ပွဲအောင်မြင်စဉ်က အထိမ်းအမှတ်အဖြစ် တည်ဆောက်ခဲ့တဲ့ ဖရာပသီစေတီဘုရားပွဲရဲ့ ညဈေးတန်းသို့ ရောက်ခဲ့ပြီး ဈေးတန်းတစ်လျှောက် မွန်၊ ထိုင်း၊ တရုတ်နဲ့ အနောက်နိုင်ငံအစားအစာတွေကို ကြပ်သိပ်စွာ တည်ခင်းရောင်းချထားပါတယ်။

ကောက်ညှင်းမုန့်၊ မုန့်ဟင်းခါး၊ မုန့်လေပွေနဲ့ အုန်းနို့နဲ့ချက်ထားတဲ့ မွန်ဟင်းလျာတွေကိုလည်း ဟိုတစ်ဆိုင် ဒီတစ်ဆိုင် တွေ့နေရပါတယ်။
ယဉ်ကျေးမှုနဲ့ လူမျိုးတစ်မျိုးရဲ့သင်္ကေတတွေကို တိုက်ရိုက်ထင်ဟတ်ပြနေတဲ့ အစားအသောက်နဲ့ နေထိုင်မှုပုံစံအချို့ကြောင့် မွန်တွေနဲ့ သမိုင်းအရဆက်စပ်မှုရှိနေတာကို ဒီဒေသကို ရောက်တဲ့မွန်လူမျိုးတိုင်း မစိမ်းတဲ့ ခံစားချက်မျိုးနဲ့ ခံစားမိမယ်လို့ ကျမထင်ပါတယ်။
လူအုပ်ကြီးတွေနဲ့ ရှုပ်ထွေးလှတဲ့ ပွဲဈေးတန်းမှာ လူစုကွဲခဲ့ရသည့် အခိုက်အတန့်မှာလည်း ဟာသဖြစ်ခဲ့ရသေးတယ်။
ပွဲဈေးကအပြန် (၇၉) ကြိမ်မြောက် မွန်အမျိုးသားနေ့ဗဟိုအဆင့် ပြုလုပ်မဲ့ ဆူဖန်ဘူရီမြို့မှာရှိတဲ့ ကမာဒကော့ထော မွန်ဘုန်းကြီးကျောင်းကို ညသန်းခေါင်အချိန်မှ ရောက်ခဲ့ပါတယ်။
ဘုန်းကြီးကျောင်းမှာပဲ တည်းခိုရင်း ဆူဖန်ဘူရီမြို့တစ်ဝိုက်က အထင်ကရနေရာတွေကို လည်ပတ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ လာရင်းကိစ္စဖြစ်တဲ့ ဖျော်ဖြေရေးအစီအစဉ် ရှိနေသေးတဲ့အတွက် အပြေးတစ်ပိုင်းနဲ့ ဓာတ်ပုံရိုက် လျှောက်လည်ခဲ့ရတယ်လို့ပဲ ပြောရမှာပါ။
မြန်မာနိုင်ငံနဲ့ မတူညီတဲ့အချက်ကတော့ ဘယ်ပြတိုက်နဲ့ အပန်းဖြေနေရာကိုပဲရောက်ရောက် လာရောက်လည်ပတ်သူအချင်းချင်း အနှောက်အယှက်မဖြစ်စေဖို့ တီးတိုးစကားပြောကြတဲ့အကျင့်ဟာ အထင်ကြီးလေးစားဖွယ် တစ်ခုဖြစ်နေပါတယ်။
မီးပွိုင့်တစ်ဝိုက် ရပ်နားနေတဲ့ ကားတွေဆီကို သီထားတဲ့ပန်းတွေ ကိုင်ဆောင်ပြေးလာသူတွေ ခမောက်ဆောင်းပြီး ထီရောင်းနေသူလူတစ်စုထံမှလည်း ရုန်ကန်းခြင်းရဲ့ ပြယုဂ်ကို တွေ့မြင်နေရပါတယ်။
မွန်အမျိုးသားနေ့အခမ်းအနား ပထမညကိုရောက်လာချိန်မှာတော့ ဖျော်ဖြေရေးအစီအစဉ်မှာ ဟံသာဝတီဒေသကမွန်တွေ ဆက်လက်ထိန်းသိမ်းခြင်းမရှိတော့တဲ့ နူးညံ့သိမ်မွေ့ပြီး ဗုဒ္ဓဘာသာရဲ့ အနှစ်သာရကို ဖော်ဆောင်တဲ့အကအလှတွေကို ထိုင်းနိုင်ငံဒေသအသီးသီးကနေ လာရောက်တဲ့ ထိုင်းမွန်အကအဖွဲ့တွေ တစ်ဖွဲ့ချင်းစီ ပါဝင်ဖျော်ဖြေခဲ့ပါတယ်။
ထိုင်းမွန်အကအဖွဲ့နဲ့အတူ ကျမတို့အဖွဲ့ကလည်း (၇၉) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား ပထမညနှင့် နောက်နေ့ အလံတင်အခမ်းအနားပြီးဆုံးတဲ့အထိ ဖော်ဖြေရေးကဏ္ဍမှာ တာဝန်ကျေစွာနဲ့ ပါဝင်ခဲ့ပါတယ်။
အခမ်းအနားကို တက်ရောက်လာတဲ့ ဒေသအသီးသီးက မွန်ရွှေ့ပြောင်းလုပ်သားတွေ၊ အကအဖွဲ့နဲ့ ဈေးရောင်းနေတဲ့ ဒေသခံတွေအချင်းချင်း မွန်စကား ပြောဆိုနေကြတာကို ကြားရပါတယ်။
ဒါပေမဲ့ ဆူဖန်ဘူရီဒေသခံ ထိုင်းမွန်မျိုးနွယ်စုတွေကတော့ ထိုင်းနိုင်ငံအတွင်း နေထိုင်ကြတဲ့ အခြားလူနည်းစုတွေနဲ့နည်းတူ သူတို့ရဲ့ ပညာရေး၊ အလုပ်အကိုင်၊ လူနေမှုပုံစံတွေဟာ ထိုင်းဘက်ကို လိုက်လျောညီထွေဖြစ်လာတာကြောင့် ကိုယ့်လူမျိုးရဲ့ ဘာသာစကား၊ စာပေတွေ အသုံးပြုတာ မရှိသလောက်ရှားလာတယ်လို့လည်း အခမ်းအနားတက်ရောက်လာတဲ့ ထိုင်းမွန်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
"ကျမအောက်က သားသမီးတွေ၊ မြေးတွေဆို စကားလည်း မရတော့ဘူး။ အိမ်မှာလည်း မွန်လို ကျမကပဲပြောတာ ကျန်တာ ဘယ်သူမှ မပြောဖြစ်ကြတော့ပါဘူး။ ကျောင်းက သူတို့ပြောကျင့်ရှိနေတဲ့ စကားနဲ့ပဲပြောကြတယ်။ မွန်စာကိုတော့ ကျမလည်း မတတ်ဘူး။ ပြောရုံလောက်ပဲ ရတော့တယ်။ သူမဆိုရင် အဆိုပညာပိုင်းကျွမ်းကျင်သူဖြစ်ပြီး နောင်သားမြေးမြစ်အထိ သူမရဲ့ပညာကို ဆက်လက်တည်ရှိစေလိုပေမဲ့ ဘာသာစကားအခက်အခဲကြောင့် မိသားစုအတွင်း လက်ဆင့်ကမ်းသင်ကြားပေးနိုင်တာ မရှိဘူး”လို့လည်း ဆက်ပြောပါတယ်။ဘာသာစကားနဲ့ စာပေမှာ အားနည်းတယ်ဆိုပေမဲ့ နတ်ကိုးကွယ်တဲ့ မွန်တွေရဲ့ ဓလေ့ထုံးတမ်းတွေ ဆက်ရှိနေတာကို ဆူဖန်ဘူရီရဲ့ နေအိမ်ရှေ့မှာ ဆောက်ထားတဲ့ နတ်စင်တွေကို မြင်မိတာနဲ့ သိနိုင်ပါတယ်။
အခုချိန်ထိ မွန်နတ်တွေကို မွန်မိသားစုတွေက ကိုးကွယ်နေတယ်လို့လည်း အထက်ပါ မွန်အမျိုးသမီးက ဆက်ပြောပါတယ်။
"ကျမတို့မွန်မှာ နတ်ကိုးကွယ်တယ်လေ။ နတ်ပွဲတွေလည်း လုပ်နေတုန်းပဲ။ ဒီအိမ်မှာ ဒီနတ်ဆိုပြီးတော့ ရှိကြပါတယ်။ အများစုက ကဆုန်လမှာ လုပ်ကြတယ်။ လိပ်နတ်(ခေါ်) လိပ်ပုတ် ကိုးကွယ်တဲ့ မိသားစုကျတော့ အခြားနတ်တွေကို မကိုးကွယ်ဘူးပေါ့"
စိုက်ပျိုးရေးလုပ်ငန်း အဓိက လုပ်ကိုင်ကြတာကြောင့် လယ်တွေ၊ ခြံတွေမှာရှိတဲ့ သဘာဝနတ်တွေကို ပူဇော်ကိုးကွယ်တဲ့ မွန်အလေ့အထတွေလည်း ရှိနေဆဲပါ။
ပြည်နယ်လူဝင်မှုကြီးကြပ်ရေးအဖွဲ့ရဲ့ စာရင်းတွေအရ ဆူဖန်ဘူရီမှာ လူဦးရေ ၈၄၈၀၀၀ ဝန်းကျင်ရှိပြီး ထိုင်းအပါအဝင် မွန်၊ လာအို၊ တရုတ်နဲ့ ခမာ စတဲ့ လူနည်းစုတွေလည်း နေထိုင်ကြပါတယ်။
ဆူဖန်ဘူရီပြည်နယ်နဲ့ မွန်လူမျိုးဆက်စပ်မှုဟာ အလွန်နက်ရှိုင်းတယ်လို့လည်း သမိုင်းမှတ်တမ်းတွေမှာ ဖော်ပြကြပါတယ်။ ရှေးခေတ် ဒွါရဝတီ (Dvaravati) ယဉ်ကျေးမှုရဲ့ အဓိက နေရာတစ်ခု ဖြစ်ခဲ့ပြီး အဲဒီယဉ်ကျေးမှုကို မွန်လူမျိုးတွေ အဓိက တည်ဆောက်ခဲ့တာကို သမိုင်းမှတ်တမ်းတွေမှာ တွေ့မြင်နိုင်ပါတယ်။ ဆူဖန်ဘူရီ နာမည်ကိုက “Suphannabhum” သို့မဟုတ် “Suvarnabhumi” (ရွှေမြေ) လို့လည်း ဆိုနိုင်ပြီး ဒွါရဝတီခေတ်က မွန်လူမျိုးတွေ နေထိုင်ခဲ့တဲ့ အရေးပါဆုံး ဒေသတွေမှာ ပါဝင်ပါတယ်။
ဒါပေမဲ့ ယနေ့မှာ မွန်မျိုးနွယ်စုတွေဟာ ထိုင်းလူ့အဖွဲ့အစည်းမှာ အပြည့်အဝ ရောနှောသွားကြပြီး အများစုဟာ ထိုင်းလူမျိုတွေအဖြစ်ခံယူထားကြပါတယ်။။
အားနည်းလာတဲ့ စာပေနဲ့ ဘာသာစကား ထိန်းသိမ်းခြင်းကိစ္စတွေအပြင် အနာဂတ် မွန်လူမျိုးရေးကိစ္စတွေ အရှိန်မြှင့် ပူးပေါင်းဆောင်ရွက်နိင်ဖို့ ထိုင်းနိုင်ငံရှိမွန်လူမျိုးနဲ့ ဟံသာဝတီမွန်ဒေသအတွင်းရှိ မွန်လူမျိုးတွေကြား တွေ့ဆုံပြီး နှစ်နိုင်ငံမွန်ပေါင်းကူးရေးအဖွဲ့ကို (၇၉) ကြိမ်မြောက် မွန်အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် ကျမတို့သွားရောက်ခဲ့တဲ့ ဆူဖန်ဘူရီမြို့ပေါ်က မွန်ဘုန်းကြီးကျောင်းမှာ ဖွဲ့စည်းခဲ့ပါတယ်။
ဒါ့ကြောင့် ကျယ်ပြန့်တဲ့ မွန်လူမျိုးရေးကိစ္စတွေကို နှစ်နိုင်ငံရှိ မွန်လူမျိုးအချင်းချင်း အရှိန်မြှင့်ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ (၇၉) ကြိမ်မြောက် မွန်အမျိုးသားနေ့ဟာဆိုရင် နှစ်စဉ်ပုံမှန်ကျင်းပခဲ့တဲ့ မွန်အမျိုးသားနေ့နဲ့ မတူဘဲ လူမျိုးရေးအတွက် အရေးပါတဲ အပြုသဘောဆောင် ကိစ္စတွေကို မွန်ဒေသအတွင်းရှိ မွန်လူမျိုးတွေအပြင် ထိုင်းမွန်လူမျိုးတွေလည်း ဆောင်ရွက်လာတာကြောင့် မျက်မြင်တွေ့ခဲ့ပြီး တစ်စိတ်တစ်ပိုင်း ပါဝင်ခွင့်ရတဲ့အတွက် ဘုရားလည်းဖူး လိပ်ဥလည်းတူးခွင့်ရတဲ့ ခရီးစဉ်တစ်ခုဖြစ်ခဲ့ပါတယ်။
ခရီးစဉ်အတွင်းတွေ့ခဲ့ရတဲ့ ထိုင်းမွန်မျိုးနွယ်စုတွေနဲ့ ဆူဖန်ဘူရီပြည်နယ်မှာ ကျန်ရစ်နေတဲ့ မွန်သမိုင်း၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အခြေအနေများကို တွေ့မြင်ခွင့်ရသလောက် ဆောင်းပါးအဖြစ် တင်ဆက်လိုက်ရပါတယ်။


