မွန်ပြည်နယ် မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် ရွေးကောက်ပွဲကာလမှစ၍ လျှပ်စစ်မီးပြတ်တောက်မှုနည်းလာပြီး လက်ရှိတွင်၂၄ နာရီနီးပါး မီးရရှိနေကြောင်း လျှပ်စစ်ဓါတ်အား အသုံးပြုသူများက ပြောသည်။
၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းအထိ လျှပ်စစ်မီးကို အလှည့်ကျစနစ်ဖြင့် ရပ်ကွက်နှင့်ကျေးရွာများသို့ ဖြန့်ဖြူးပေးနေရာမှ ယခုတွင် အချိန်ပြည့်နီးပါး ရရှိလာခြင်းဖြစ်ပြီး ဆိုလာအသုံးပြု၍ လည်ပတ်နေရသည့်လုပ်ငန်းများ လွယ်ကူအဆင်ပြေလာသည်ဟု ဆန်စက်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“မီးက ၄ နာရီခြား၊ ၆ နာရီခြားကနေ အခုပျက်ချိန်တောင်မရှိဘူးမှန်နေတယ်၊ မနှစ်ကဆိုအလုပ် နားလိုက်ပြန်လုပ်လိုက်ပဲ၊ ဆိုလာနဲ့သုံးနေရတယ်။ မနှစ်ကဆိုရင် နွေရာသီမှာရေကလည်း ခမ်းသွားတဲ့အတွက် မီးကအလှည့်ကျပေးတယ် ဒီနှစ်ကအဲ့လိုမဟုတ်ပဲနဲ့ထူးထူးခြားခြားပဲ စက်မှုလုပ်ငန်းက မီတာသီးခြား၊ လုပ်ငန်းသုံးမီတာဖြစ်သွားတာ ” ဟု ပြောသည်။
IMNA မှ မေးမြန်းချက်အရ ပေါင်၊ မော်လမြိုင်၊ မုဒုံနှင့် သံဖြူဇရပ် စသည့် မြို့နယ်များတွင် လျှပ်စစ်မီးရရှိချိန် တိုးလာနေသည်ဟု ဆိုသည်။
လျှပ်စစ်ဓါတ်အား အလှည့်ကျစနစ်ပေးခြင်းကို ရပ်ဆိုင်း၍ အချိန်ပြည့် ဓါတ်အားဖြန့်ဖြူးခြင်းကို အတတ်နိုင်ဆုံးဆောင်ရွက်နေကြောင်း စစ်ကော်မရှင် လျှပ်စစ်စွမ်းအင်ဝန်ကြီးက ဦးညာဏ်ထွန်းက ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေရှင်း(YESC) တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
ယခုအခါ LNG ဓာတ်အားပေးစက်ရုံ စီမံကိန်းကို တည်ဆောက်နိုင်ခဲ့ပြီး တစ်ရက်လျှင် လျှပ်စစ်ဓါတ်အား စုစုပေါင်း ၃၄၀၀ မဂ္ဂါဝပ် အတိ ထုတ်လုပ်ရရှိနေပြီးဖြစ်သဖြင့် အချိန်ပြည့် ဓာတ်အားဖြန့်ဖြူးခြင်းကို ဆောင်ရွက်ပေးနေကြောင်းလည်း ဆိုသည်။
သို့သော် LNG နှင့် ဖြန့်ဖြူးပေးနေသည့် လျှပ်စစ်ဓါတ်အားများကို သုံးစွဲမည့် စက်မှုဇုန်များအပြင် အိမ်ရာစီမံကိန်းများ၊ ကွန်ဒိုနှင့် ဟော်တယ်လုပ်ငန်းများကို လျှပ်စစ်မီတာခ တစ်ယူနစ် ၇၀၀ ကျပ်မှ ၉၀၀ ကျပ်ကြား ပြောင်းလဲကောက်ခံသွားမည်ဟုလည်း သိရသည်။
လျှပ်စစ်မီးရရှိချိန်တိုးလာသည့်အပေါ် အိမ်သုံးမီတာခများ တိုးမြှင့်ကောက်ခံမည်ကိုလည်း လျှပ်စစ်ဓါတ်အား သုံးစွဲသူအချို့ စိုးရိမ်နေကြသည်။
မုဒုံဒသေခံတစ်ဦးက “စက်မသုံးထိတော့ ကုန်ကျစရိတ်လည်းအများကြီးသက်သာတယ်၊ ဒီတိုင်းဆိုပိုကောင်းတာပေါ့နော်၊ မီးမလာတာနဲ့လုပ်ချင်တာတွေလည်းမလုပ်ဖြစ်လို့ရပ်ထားလိုက်ရတဲ့အခြေအနေရှိတယ်၊ အခုဆို ကိုယ်စီစဉ်ထားတာ၊ တွေးထားတွေ လုပ်လို့ရတယ်၊ မီးလည်းလင်းနေတော့ ညဘက်သွားတာလာတာကအစ ပိုပြီး လုံခြုံစေတာ” ဟု ဆိုသည်။
အိမ်သုံးလျှပ်စစ်ဓါတ်အားခများကို ယခင်နှုန်းထားအတိုင်း သတ်မှတ်ထားပြီး လာမည့်နွေရာသီတွင်လည်း လျှပ်စစ်မီးပုံမှန်ရရှိရေးဆောင်ရွက်သွားမည်ဟု လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေရှင်း(YESC) မှ ဆိုသည်။
စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလအတွင်း မွန်ပြည်နယ်တွင် လျှပ်စစ်မီးပြတ်တောက်မှု အဆိုးရွားဆုံးဖြစ်ခဲ့ပြီး နေ့စဉ်လူမှုဘဝကိစ္စများအတွက် အမျိုးမျိုးဖြေရှင်းနေရသည်။


