spot_img
Wednesday, February 11, 2026
More
    spot_img
    Homeဆောင်းပါးစစ်တပ်ဖော်ဆောင်သည့် အစိုးရသစ် နိုင်ငံတကာတွင် ဝင်ဆံ့မည်လား

    စစ်တပ်ဖော်ဆောင်သည့် အစိုးရသစ် နိုင်ငံတကာတွင် ဝင်ဆံ့မည်လား

    -

    အာဏာသိမ်းစစ်တပ်က နိုင်ငံတကာနှင့် အာဆီယံတွင် တရားဝင်မှု ဆုံးရှုံးနေကြောင်းကို စစ်ကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင်က ဝန်ခံထားသည်။

    မကြာခင်က အာဏာသိမ်းစစ်တပ် ဦးဆောင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲကနေ အနိုင်ရခဲ့သည့် စစ်တပ်ကျောထောက်နောက်ခံ ပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP က လာမည့် မတ်လတွင် အစိုးရတစ်ရပ် ဖွဲ့စည်းတော့မည်ဖြစ်သည်။

    စစ်ဗိုလ်ချုပ်ကြီးများ အရပ်ဝတ်ပြောင်းနေရာယူထားသည့် USDP ပါတီက ဖွဲ့စည်းမည့် အစိုးရသစ်ကို နိုင်ငံတကာနှင့် အာဆီယံ နိုင်ငံများက တရားဝင်မှု ပေးခြင်း၊ မပေးခြင်းအပေါ် စောင့်ကြည့်ရမည့် အခြေအနေဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုသည်။

    “တရားဝင်မှုပေးဖို့ကတော့ နိုင်ငံတကာအနေနဲ့ ခက်တယ်လို့ နားလည်တယ်။ ဒီလောက်တောင် ရွေးကောက်ပွဲတစ်ခုလုံးက ရုပ်ပျက် ဆင်းပျက် ဖြစ်နေပြီးတော့ စစ်ကော်မရှင်ဆိုတာကလည်း တကယ့် နိုင်ငံတကာအသိ ရာဇဝတ်ကောင်တွေ ဖြစ်နေတဲ့အခါကျတော့ တရားဝင်ပေးဖို့ဆိုတာကတော့ အခုလောလောဆယ်အနေနဲ့ ဥရောပသမဂ္ဂက ဗြောင်ထောက်ပြထားပြီ။ တရားမဝင်တဲ့ ရွေးကောက်ပွဲအဖြစ်လည်း သတ်မှတ်ထားပြီ။ အာဆီယံကလည်း တဘက်ကလည်း နိုင်ငံရေးအရ သူတို့ကြည့်တယ်ဗျ။ နိုင်ငံရေးအရ သူတို့ချမှတ်ထားတဲ့ တိုးတက်မှုအခြေအနေတွေ ရှိတယ်လေ။ ဆွေးနွေးပွဲ ဖြစ်စေချင်တယ်။ ဆွေးနွေးပွဲဖြစ်စေချင်တဲ့အတွက် ဆွေးနွေးပွဲဖြစ်အောင် လုပ်ပေးမယ်ဆိုရင် ဥပမာဆိုကြပါစို့ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းထားတဲ့ NLD ခေါင်းဆောင်တွေကို လွှတ်ပေးမလား လွှတ်ပေးမယ်ဆိုရင်တော့ ဆရာ့အနေနဲ့ မြင်တာကတော့ တရားဝင်ရွေးကောက်ပွဲလို့ ဗြောင် အာဆီယံက အသိအမှတ်ပြုတာထက်စာရင် အခုရှိနေတဲ့ ဆက်ဆံရေးကို တိုးပြီးတော့ ဆက်ဆံတာတွေ ဖြစ်သွားနိုင်တယ်။” ဟု ဥပဒေ အထောက်အကူပြုကွန်ရက် တည်ထောင်သူ နိုင်ငံတကာဥပဒေပညာရှင် ဦးအောင်ထူးက သုံးသပ်သည်။

    စစ်ကော်မရှင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ စောင့်ကြည့်လေ့လာသူများ မစေလွှတ်သလို ရွေးကောက်ပွဲ ရလဒ်ကိုလည်း လက်မခံဟု အာဆီယံအလှည့်ကျ ဥက္ကဌဟောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးကလည်း အတိအလင်း ပြောဆိုထားသည်။

    ၎င်းပြင် ၂၀၂၆ တွင် အာဆီယံအလှည့်ကျ ဥက္ကဌ တာဝန်ယူသွားမည့် ဖိလစ်ပိုင်နိုင်ငံကလည်း အလားတူသဘောထားရှိကြောင်း ထုတ်ပြောထားပြီး နေပြည်တော်နှင့်သာမက တော်လှန်ရေးအင်အားစုများနှင့်ပါ ထိတွေ့ဆက်ဆံလျက်ရှိသည်။

    ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH)၏ နိုင်ငံတကာဆက် ဆံရေးကော်မတီဝင် ဦးအာကာမျိုးထက်ကတော့ “နိုင်ငံတကာက သတ်မှတ်ထားတဲ့ ရွေးကောက်ပွဲက စည်းမျဉ်းစည်းကမ်းတွေနဲ့ မကိုက်ညီတဲ့အတွက်ကြောင့်မလို့ ဘယ်အာဏာရှင်လုပ်လုပ် ရွေးကောက်ပွဲက ပေါ်လာတဲ့အစိုးရက ဘာမှ အသိအမှတ်ပြုစရာ စည်းမျဉ်းစည်းကမ်းတွေ ရှိနေတာမဟုတ်ဘူးပေါ့နော်။ အခုရွေးကောက်ပွဲကလည်း နိုင်ငံတကာရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းတွေနဲ့ မကိုက်ညီတဲ့အတွက်ကြောင့်မလို့ နိုင်ငံတကာအနေနဲ့ အခုပေါ်လာမယ့် အစိုးရသစ်ကိုသော်လည်းကောင်း၊ လွှတ်တော်အသစ်ကိုသော်လည်းကောင်း ဘာမှ အသိအမှတ်ပြုဖို့ ရှိမှာမဟုတ်ဘူးပေါ့နော်။” ဟု ဆိုသည်။

    အာဆီယံ၊ ဥရောပသမဂ္ဂ၊ ကုလသမဂ္ဂနှင့် မလေးရှားနိုင်ငံတို့က ရွေးကောက်ပွဲကို အသိအမှတ်မပြုကြသော်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပေါ်ပေါက်လာမည့် အစိုးရသစ်ကို လက်တွဲကူညီ ဆောင်ရွက်သွားမည်ဟု သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုလာသည်။

    ထို့နည်းတူ ရုရှားကလည်း အသိအမှတ်ပြုကြောင်း ထွက်ပြောထားသည်။

    တရုတ်၊ ရုရှား စသဖြင့် စစ်တပ် အသိအမှတ်ပြုနေသည့် နိုင်ငံများသည် အာဏာသိမ်းကာလအတွင်း စစ်တပ်ကို စစ်ရေး၊ နိုင်ငံရေးအရ ကူညီပေးသည့် နိုင်ငံများဖြစ်သလို စစ်တပ်ဖော်ဆောင်သည့် အစိုးရအတွက်လည်း ထိုနိုင်ငံများနှင့်သာ ကောင်းမွန်သည့် ဆက်ဆံရေးဆက်ရှိနေမည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက သုံးသပ်သည်။

    “ရွေးကောက်ပွဲမလုပ်ခင်ကတည်းက ခင်ရီက တရုတ်ကို သွားလာနေတာ။ သူတို့က ဟိုအရင်ထဲက လမ်းပေါက်တယ် ဒီနိုင်ငံတွေနဲ့။ တရုတ်အနေနဲ့ကျတော့လည်း စစ်တပ်နဲ့ ဆက်ဆံနေတယ်ဆိုတာထက် အစိုးရနဲ့ ဆက်ဆံပါတယ်ဆိုတဲ့ လမ်းကို ဖောက်ဖို့ ဒီရွေးကောက်ပွဲကို စပွန်ဆာပေးလိုက်တာ။ ဒီတော့ ဒီနိုင်ငံတွေနဲ့က ပိုနေမြဲ ကျားနေမြဲ ဖြစ်မယ်။ အာဆီယံကတော့ စောင့်ကြည့်ရမယ့် သူ့အချင်းချင်း နိုင်ငံတွေကြားထဲတောင် သဘောထားက တူနေတာမဟုတ်ဘူး၊ အနောက်နဲ့ ဥရောပကတော့ ဒီစစ်တပ်အစိုးရနဲ့ ဆက်ဆံချင်ရင်တောင် အကန့်အသတ်ရှိတာကို သူတို့ သိတယ်။ ရင်းနှီးမြှုပ်နှံတာဖြစ်ဖြစ် ကုန်သွယ်တာဖြစ်ဖြစ် စစ်တပ်နဲ့ စာချုပ်ချုပ်ပြီးမှ နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်လာရင် နောက်ဆက်တွဲကို သူတို့ကြည့်တယ်။ ဒါက ယုတ်ဆွအဆုံး ပြောတာပါ” ဟု ထောက်ပြသည်။

    မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး အမေရိကန်က သတ်မှတ်ထားသည့် အမျိုးသားအရေးပေါ်အခြေအနေ (National Emergency) ကို သမ္မတဒေါ်နယ်ထရမ့်က နောက်ထပ်တနှစ် သက်တမ်းတိုးရန် လက်မှတ်ရေးထိုးလိုက်သည့်အတွက် အာဏာသိမ်းစစ်တပ်အပေါ် ပိတ်ဆို့အရေးယူမှုများ ပြေလျော့လာနိုင်ချေ မရှိပေ။

    သို့သော်လည်း ရွေးကောက်ပွဲမတိုင်မီ ကာလများထဲမှ အမေရိကန်နှင့် ဆက်ဆံရေး ပြန်လည်တည်ဆောက်နိုင်ရန် နိုင်ငံတကာလော်ဘီများကို ငှားရမ်းကြိုးစားနေသလို နိုင်ငံတကာမီဒီယာ စာမျက်နှာများကို အသုံးချ၍လည်း ကြိုးပမ်းနေကြောင်း လေ့လာစောင့်ကြည့်သူများကဆိုသည်။

    စစ်တပ်အနေဖြင့် နိုင်ငံရေးထွက်ပေါက်ရရန် ရွေးကောက်ပွဲတစ်ရပ်ကို ဖော်ဆောင်ခဲ့သော်လည်း ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲရလဒ်များကို နိုင်ငံတကာနှင့် အာဆီယံနိုင်ငံများသာမက ပြည်သူများက စိတ်ဝင်စားမှုမရှိခဲ့ကြပေ။

    “အတုအယောင်အစိုးရအနေနဲ့လည်း အစိုးရဖွဲ့ပြီးချိန် လွှတ်တော်ခေါ်ပြီး အစိုးရဖွဲ့ပြီးပြီဟေ့ဆိုလို့ရှိရင်တော့ အတုအယောင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖိတ်ခေါ်မယ်။ သူဖိတ်ခေါ်ချင်တဲ့အဖွဲ့တွေကိုပဲခေါ်မှာ သူ့အလိုလိုက်ပြီး လက်မှတ်ထိုးမယ့်အဖွဲ့တွေကိုပဲ ဖိတ်ခေါ်မှာ သူ့အလိုမလိုက်ဘဲ ဆက်ပြီးတော့ တိုက်ပွဲဝင်နေမယ့်အဖွဲ့တွေကို ဆက်ပြီးတော့ နှိပ်ကွပ်မယ်။ ရက်ရက်စက်စက် ဗုံးကြဲမယ်။ ပြည်သူရောဘာရော သူနားမလည်ဘူး သူဆက်ပြီးတော့ စစ်ဆင်ရေးဆင်နွှဲမယ်။” ဟု ကိုအာကာမျိုးထက်က ထောက်ပြသည်။

    ပေါ်ပေါက်လာမည့် အစိုးရသစ်က နိုင်ငံအနှံ့ ပျံ့ကြဲနေသည့် တိုက်ပွဲများ၊ စစ်တပ်၏ အကြမ်းဖက်မှုများကို ရပ်တန့်နိုင်မည်မဟုတ်၊ အဘက်ဘက်က ကျဆင်းနေသည့် တိုင်းပြည်၏ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် တရားစီရင်ရေးကိုပင် ထိန်းကျောင်းနိုင်မည့် အခြေအနေ မရှိဟု ရှုမြင်နေကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks