အမြင်သုံးသပ်ချက်၊ မာံသဟာဲ (မင်းစဟိုင်း)
ယနေ့ကျရောက်သည့် (၇၈) ကြိမ်မြောက် ကရင်အမျိုးသားနေ့သည် ကရင်တစ်မျိုးသားလုံးအတွက် နိုင်ငံရေးလိုအင်ဆန္ဒများကို ထုတ်ဖော်သည့် နေ့ထူးနေ့မြတ် ဖြစ်ရုံသာမက၊ ဖက်ဒရယ်ပြည်ထောင်စုသစ်ကို ဦးတည်နေသည့် တော်လှန်ရေးခရီးတွင် လူငယ်ထု၏ အခန်းကဏ္ဍကို အလေးအနက် မီးမောင်းထိုးပြလိုက်သည့် နေ့တစ်နေ့လည်း ဖြစ်သည်။
ကရင်လူငယ်အစည်းအရုံး (KYO) မှ ထုတ်ပြန်သည့် သဝဏ်လွှာတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အမြစ်ပြတ်ချေမှုန်းပြီး၊ ပြည်သူ့အကျိုးစီးပွားကို အာမခံနိုင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ရပ်ဖြင့် အစားထိုးရေးဆွဲရန် တိကျသော နိုင်ငံရေးရည်မှန်းချက်ကို ချမှတ်ထားသည်။
ဤသည်မှာ လက်နက်ကိုင်တော်လှန်ရေးသက်သက်မဟုတ်ဘဲ၊ ခိုင်မာသော နိုင်ငံရေးမူဘောင်ဖြင့် နိုင်ငံတည်ဆောက်ရေး (State Building) ကို စနစ်တကျ ပြင်ဆင်နေခြင်းပင် ဖြစ်သည်။

“ကော်သူးလေချာတာ” နှင့် လူငယ်တို့၏ အဆုံးအဖြတ်ပေးနိုင်မှု
မြန်မာနိုင်ငံ ကျောင်းသားလူငယ်များကွန်ရက် (SYCB) ၏ (၁၁) ကြိမ်မြောက် ညီလာခံ သတင်းစာရှင်းလင်းပွဲတွင် ကရင်လူငယ်ခေါင်းဆောင်တစ်ဦးက ကေအဲန်ယူ (KNU) ၏ “ကော်သူးလေချာတာ” (Kawthoolei Charter) ကို အကောင်အထည်ဖော်ရာတွင် လူငယ်များသည် ဘေးထွက်ကြည့်နေသူများမဟုတ်ဘဲ အဓိက အဆုံးအဖြတ်ပေးရမည့် အစုအဖွဲ့အဖြစ် ပါဝင်နေကြောင်း ယခုကဲ့သို့ အခိုင်အမာ ပြောကြားခဲ့သည်။
“ကျွန်တော် သိသလောက်ဆိုရင်တော့ KNU ရဲ့ ဒီကော်သူးလေ ချာတာမှာ ပါဝင်သင့် ပါဝင်ထိုက်၊ မဖြစ်မနေ ပါဝင်ရမယ့် Stakeholder ရှိတယ်ပေါ့နော်။ အဲဒီမှာဆိုရင် လူငယ်၊ ‘ကော်သူးလေYouth’ လို့ ခေါ်တဲ့ လူငယ်ရဲ့ အခန်းကဏ္ဍက Stakeholder တစ်ခုအနေနဲ့ ဒီ Stakeholder ၅ ဖွဲ့ထဲမှာ Stakeholder တစ်ခုအနေနဲ့ ပါဝင်ပြီးသားဖြစ်နေတာ တွေ့ရတယ်ပေါ့နော်”
၎င်း၏ အဆိုအရ ဤစီမံချက်တွင် လူငယ်များသာမက အမျိုးသမီးများ၊ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမတ်များ၊ KNU ခေါင်းဆောင်များနှင့်အတူ ဒေသတွင်းရှိ မွန်နှင့် ပအိုဝ်း တိုင်းရင်းသားကိုယ်စားလှယ်များပါဝင်သည့် အစုအဖွဲ့ ၅ ခုဖြင့် စနစ်တကျ ဖွဲ့စည်းထားကြောင်း သိရသည်။
ဤသည်မှာ ကရင်အမျိုးသားများသည် ၎င်းတို့၏ ပြည်နယ်ကို တည်ဆောက်ရာတွင် လူငယ်ထု၏ ဆုံးဖြတ်နိုင်စွမ်းကို ဥပဒေအရ အတည်ပြု ပြဋ္ဌာန်းပေးထားခြင်းပင် ဖြစ်သည်။
အိမ်နီးချင်း မွန်လူငယ်များအတွက် သင်ခန်းစာနှင့် သတိပေးချက်
ကရင်လူငယ်များသည် ၎င်းတို့၏ မိခင်အစည်းအရုံးဖြစ်သော KNU ၏ လမ်းညွှန်မှုအောက်တွင် တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် လက်တွေ့ကျကျ ခြေလှမ်းပြင်နေကြပြီ ဖြစ်သည်။ KYO ၏ သဝဏ်လွှာအရ ကရင်လူငယ်များသည် ဖိနှိပ်မှုအဝဝမှ ကင်းလွတ်ရန်နှင့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြင့် အောင်ပွဲရသည်အထိ ဆက်လက်တိုက်ပွဲဝင်ရန် သန္နိဋ္ဌာန်ချထားကြသည်။
ဤနေရာတွင် အဓိကကျသည်မှာ အိမ်နီးချင်း မွန်လူငယ်များ၏ အခြေအနေပင် ဖြစ်သည်။ ကရင်လူငယ်များသည် စနစ်တကျ စုဖွဲ့မှု၊ ခိုင်မာသော မူဝါဒနှင့် နိုင်ငံရေးအရ အဆုံးအဖြတ်ပေးနိုင်သည့် ကဏ္ဍများသို့ တက်လှမ်းနေချိန်တွင်၊ မွန်လူငယ်များအနေဖြင့် မိမိတို့၏ အမျိုးသားရေး ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးနိုင်ရန် မည်မျှပြင်ဆင်ထားပြီးပြီနည်း။
ရာမညမွန်ပြည်ချာတာ သို့မဟုတ် မွန်လူငယ်တို့အတွက် သမိုင်းပေးတာဝန်
ကရင်အမျိုးသားရေး လှုပ်ရှားမှုကို လေ့လာကြည့်လျှင် ၎င်းတို့အတွင်း၌လည်း မတူညီသော လမ်းစဉ်များ၊ ကွဲပြားသော လက်နက်ကိုင်တပ်ဖွဲ့များနှင့် နိုင်ငံရေးအဖွဲ့အစည်းများစွာ ရှိနေသည်ကို တွေ့ရမည်။ KNU, KNLA/PC, DKBA မှသည် ယနေ့ခေတ် KNA (ယခင် BGF) နှင့် အခြားသော နိုင်ငံရေးပါတီများအထိ အသွင်သဏ္ဌာန် အမျိုးမျိုး ကွဲပြားနေကြသော်လည်း၊ ၎င်းတို့အားလုံးကို စုစည်းပေးထားသည့် ဘုံဗဟိုချက်မှာ “ကော်သူးလေပြည် ထူထောင်ရေး” ဟူသည့် အမျိုးသားရေး ရည်မှန်းချက်ပင် ဖြစ်သည်။ ထိုရည်မှန်းချက်အောက်တွင် မတူကွဲပြားမှုများကို ဘေးဖယ်ကာ “ကော်သူးလေချာတာ” ဖြင့် အင်အားစုအားလုံးကို စနစ်တကျ စုစည်းနိုင်ခဲ့ကြသည်။
ကရင်နှင့် အိမ်နီးချင်းဖြစ်သည့် မွန်အမျိုးသားရေး အခင်းအကျင်းကို ပြန်ကြည့်လျှင်လည်း မွန်ပြည်သစ်ပါတီ (NMSP)၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD နှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) အပါအဝင် မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီ (MSCC)တို့အပြင် ပြည်တွင်းနိုင်ငံရေးပါတီဖြစ်သော မွန်ညီညွတ်ရေးပါတီ(MUP) စသဖြင့် အဖွဲ့အစည်းပေါင်းစုံ၊ လမ်းစဉ်ပေါင်းစုံ ရှိနေကြသည်မှာ အမှန်ပင်ဖြစ်သည်။
သို့သော် ယခုအချိန်တွင် မွန်အမျိုးသားထုအတွက် အရေးတကြီး လိုအပ်နေသည်မှာ “ရာမညမွန်ပြည် ဖွဲ့စည်းပုံ” ကို အတည်ပြုမရေးဆွဲနိုင်မီ၊ အဖွဲ့အစည်းအားလုံးကို ဘုံနိုင်ငံရေး မူဘောင်တစ်ခုအောက်သို့ ခေါ်ဆောင်လာနိုင်မည့် “ရာမညမွန်ပြည်ချာတာ” တစ်ရပ်ပင် ဖြစ်သည်။ အဖွဲ့အစည်း အသီးသီးသည် မိမိတို့၏ လမ်းစဉ်များကို ဆွဲကိုင်ထားနိုင်သော်လည်း၊ မွန်ပြည်၏ အနာဂတ်အတွက် “ဘုံသဘောတူညီချက်” (Charter) တစ်ခုအောက်တွင် မဖြစ်မနေ စုစည်းကြရန် လိုအပ်နေပြီဖြစ်သည်။
ဤအရွေ့သည် တစ်ဆို့နေသော ခေါင်းဆောင်ပိုင်းတို့၏ လမ်းညွှန်မှုကိုသာ စောင့်ဆိုင်းနေ၍ မရတော့ပေ။ မွန်လူငယ်ထုကိုယ်တိုင်က ဤ “ရာမညမွန်ပြည်ချာတာ” ပေါ်ပေါက်လာစေရန်နှင့် မတူကွဲပြားသော မွန်အင်အားစုများကို စုစည်းပေးရန် တက်ကြွစွာ တွန်းအားပေးရမည့် သမိုင်းပေးတာဝန် ရှိနေပါသည်။ ကရင်လူငယ်များက “ကော်သူးလေ” အိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်ရန် မိမိတို့ခေါင်းဆောင်ပိုင်းကို တွန်းအားပေးနိုင်ခဲ့လျှင်၊ မွန်လူငယ်များကလည်း အကွဲအပြဲများကို ကျော်လွှားကာ “ရာမညမွန်ပြည်” အနာဂတ်အတွက် လက်တွေ့ကျသော ခြေလှမ်းကို စတင်ရမည်ဖြစ်သည်။


