ထိုင်းနိုင်ငံ၏ ၂၀၂၆ ရွေးကောက်ပွဲရလဒ်အရ ဖုန်ကျိုင်ထိုင်းပါတီမှ မဲအပြတ်အသတ်အနိုင်ရရှိထားပြီး အစိုးရအာဏာရှိ လက်ရှိဝန်ကြီးချုပ် အနုတင် ချန်ဝီရကူလ်မှ အုပ်ချုပ်ရေးနေရာအတွက် ဆက်လက်တာဝန်ယူ သွားမည်ဖြစ်သည်။
နိုင်ငံခြားလုပ်သားများအပါအဝင် ထိုင်းလူထုအများစု ပြည်သူ့ပါတီ people’s party မှ အနိုင်ရမည်ဟု မျှော်လင့်ထားသော်လည်း နိုင်ငံ၏စီးပွားရေး ပြန်လည်ကောင်းမွန်ရေးနှင့် နိုင်ငံတည်ငြိမ်ရေးကို လိုလားသူမဲဆန္ဒရှင်များကြောင့် ဖုန်ကျိုင်ထိုင်းပါတီအတွက် အားသာချက်တစ်ခုဖြစ်စေခဲ့သည်ဟုလည်း ထိုင်းသတင်းများတွင် သုံးသပ်ထားသည်။
အာဏာဆက်လက်ဆုပ်ကိုင်မည့် ဖုန်ကျိုင်ထိုင်းပါတီသည် အမျိုးသားအရေးကို ဦးစားပေးဆောင်ရွက်သည့် ပါတီဖြစ်သည့်အပြင် နိုင်ငံခြားသားရွေ့ပြောင်းလုပ်သားရေးနှင့်ပတ်သက်၍ ပါတီမူဝါဒတွင် ထည့်သွင်းစဉ်းစားထားခြင်းမရှိသဖြင့် မြန်မာလုပ်သားများအတွက် ကောင်းမွန်သည့်ပြောင်းလဲခြင်းမျိုး ရှိမည်မဟုတ်ဟု ဘန်ကောက်အခြေစိုက် ထိုင်း-မြန်မာအရေး အကဲခတ်သူတစ်ဦးက ဆိုသည်။

“ဒါက မီဒီယာအနေနဲ့လည်းသိတယ်။ ပြည်သူတွေလည်းသိတယ်။ အဲ့တာကတော့ people’s party ပေါ့။ သူ့ရဲ့ မူဝါဒမှာကိုက နိုင်ငံခြားသားရွေ့ပြောင်းအလုပ်သမားတွေရဲ့ဘဝကို ဥပဒေဘောင်တွေနဲ့ ကာကွယ်စောင့်ရှောက်မှုတွေပေးထားတယ်ဆိုတာကို ပြောပြထားတာတွေ့ရတယ်။ ကျန်တဲ့ပါတီတွေကျတော့ ရွေ့ပြောင်းအလုပ်သမားအရေးနဲ့ ပတ်သတ်ပြီး ပါတီမှာ ထည့်သွင်းဖော်ပြထားတာ မတွေ့ရပါဘူး။ ထိုင်းပြည်သူတွေအနေနဲ့လည်း people’s party အနိုင်ရပြီးတော့ အစိုးရဖွဲ့နိုင်ပါစေလို့ ဝိုင်းဆုတောင်းနေကြတဲ့သူတွေအများကြီးပဲ။ ဒါမဲ့ ဖုန်ဂျိုင်ထိုင်းကပဲ ဆက်လက်အုပ်ချုပ်မှာဆိုတော့ အရမ်းထူးခြားတဲ့လက္ခဏာတွေ ဖြစ်လာမယ်လို မသုံးသပ်မိပါဘူး။ ” ဟု ဆိုသည်။
၎င်းအပြင် ဖုန်ကျိုင်ထိုင်းပါတီသည် “ထိုင်းနိုင်ငံသားတိုင်း အလုပ်အကိုင် ရှိရမည်၊ ဆင်းရဲနွမ်းပါးမှုပပျောက်ရမည်” ဟူသည့် ပါတီ၏မူဝါဒကြောင့် သွယ်ဝိုက်သောနည်းဖြင့် ရွေ့ပြောင်းလုပ်သားများ၏ အလုပ်အကိုင်အခွင့်လမ်းအပေါ် သက်ရောက်မှုရှိလာမည်ကို စိုးရိမ်ရကြောင်းလည်း ဆိုသည်။
ရွေးကောက်ပွဲမတိုင်မီ ဇန်နဝါရီလအတွင်း ဖုန်ကျိုင်ထိုင်းပါတီ၏ အရိပ်အောက်ရှိ အမျိုးသားရေးလှုပ်ရှားနေသည့် ထိုင်းနှုတ်ခမ်းမွှေးခေါ် Toon Ratchapakdi အဖွဲ့နှင့် မြန်မာရွေ့ပြောင်းလုပ်သားများကြား လူမျိုးရေး ပြဿနာများဖြစ်ခဲ့သေးသည်။
ဖုန်ကျိုင်ထိုင်းပါတီမှ ယာယီအစိုးရအနေဖြင့် တာဝန်ယူဆောင်ရွက်နေသည့်ကာလတစ်လျှောက်တွင်လည်း ထိုင်းရောက်မြန်မာရွေ့ပြောင်းလုပ်သားများ၏ အလုပ်လုပ်ခွင့်ကဒ်သက်တမ်းတိုးရေးကိစ္စ အချိန်ကြန့်ကြာစေရေး နည်းလမ်းအမျိုးမျိုးဖြင့် တားဆီးဆောင်ရွက်ခဲ့သည်ဟုလည်း မြန်မာရွေ့ပြောင်းလုပ်သားအရေး ဆောင်ရွက်နေသူ ဦးအောင်ကျော်က ဆိုသည်။
“၂၀၂၅ ဖေဖော် သက်တမ်းကုန်သွားတဲ့ နိုင်ငံခြားသားတွေကိုသက်တမ်းတိုးပေးဖို့ကိစ္စ အခု ၂၀၂၆ ဖေဖော်ဝါရီလအထိ တစ်ချို့တွေက မပြီးဆုံးသေးတဲ့ ကဏ္ဍမှာရှိနေသေးတယ်။ ပြောချင်တာက သူ့ရဲ့ယာယီအုပ်ချုပ်နေတဲ့အချိန်မှာတောင် အရမ်းကြီးကောင်းမွန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ မလုပ်ပေးနိုင်ဘူး။ ဒီသက်တမ်းမှာ ဝန်ကြီးချုပ်အနေနဲ့ ဆက်ပြီး အုပ်ချုပ်မှာဆိုတော့ ထူးခြားတဲ့ ပြောင်းလဲမှုလည်း ရှိမှာမဟုတ်ဘူး ” ဟု ဆိုသည်။
ပြည်တွင်း နိုင်ငံရေးနှင့် စီးပွားရေးအခြေအနေ မတည်ငြိမ်မှုများကြောင့် ထိုင်းနိုင်ငံသို့အလုပ်လုပ်ကိုင်လိုသူ မြန်မာရွှေ့ပြောင်းလုပ်သားများ ဆက်လက်မြင့်တက်နေသဖြင့် ထိုင်းနိုင်ငံ၏ ရွေးကောက်ပွဲအခြေအနေနှင့် အစိုးရမူဝါဒများသည် မြန်မာရွေ့ပြောင်းလုပ်သားများ၏ ဘဝလုံခြုံမှုနှင့် အနာဂတ်အတွက် အရေးပါသော အချက်တစ်ခု ဖြစ်နေသည်။
ယာယီဝန်ကြီးချုပ် အနုတင် ဦးဆောင်သည့် ဖုန်ဂျိုင်ထိုင်းပါတီက အမတ်နေရာ ၁၉၃ နေရာ၊ မဲနိုင်မည်ဟု အများထင်ထားသည့် ပြည်သူ့ပါတီက ၁၁၈ နေရာ၊ သက်ဆင်မိသားစု၏ ဖွေထိုင်းပါတီက ၇၄ နေရာ၊ ကလာသမ်ပါတီက ၅၈ နေရာ၊ ဒီမိုကရက်ပါတီက ၂၂ နေရာရရှိထားသည်ဟု ထိုင်းရွှေးကောက်ပွဲကော်မရှင် စာရင်းများအရ သိရသည်။
သို့သော် ရွေးကောက်ပွဲတွင် မဲသမာမှုဖြစ်စဉ်များစွာရှိခြင်း၊ မဲပေးပြည်သူများကို ဝေဖန်ပြောဆိုမှုများကြောင့် မဲပြန်လည်ရေတွက်ရန် ပြည်သူ့ပါတီနှင့် ဖွေထိုင်းပါတီက တောင်းဆိုထားကြောင်း သိရသည်။



