ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူ ပြည်သူ့ဆေးရုံအနီးတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဝန်ထမ်းအိမ်ရာအချို့ ပျက်စီးမှုဖြစ်ပွားခဲ့သည်ဟု ဒေသခံများက IMNA သို့ပြောသည်။
ယနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့၊ နံနက် ၇ နာရီအချိန်တွင် မြိုင်ကြီးငူအထူးဒေသ၊ ပြည်သူ့ဆေးရုံအနီးရှိ ဝန်ထမ်းအိမ်ရာဝင်းတွင် လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲမှုကြောင့် အိမ်ရာဝင်းအတွင်း နေထိုင်သူ ကလေးငယ်တစ်ဦး ကျည်စထိမှန်ဒဏ်ရာရခဲ့သည်။
အဆိုပါလက်နက်ကြီးသည် မည်သည့်အဖွဲ့မှ ပစ်ခတ်သည်ကို မသိရသော်လည်း ယခုရက်ပိုင်းအတွင်း မြိုင်ကြီးငူမှ သံလွင်မြစ်တစ်ဖက်ကမ်းရှိ ကမမောင်းမြို့ဘက်တွင် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားနေဟု သိရသည်။

ကမမောင်းဒေသရှိ တော်လှန်ရေးရဲဘော်တစ်ဦးက “မြိုင်ကြီးငူမှာတော့ တိုက်ပွဲတော့ မရှိဘူး။ မြိုင်ကြီးငူတစ်ဖက်ကမ်းက ကမမောင်းအထက်ဘက်က ကတိုင်ထိနဲ့ ဝါးဒူးတို့ဘက်မှာတော့ တိုက်ပွဲဖြစ်နေတယ်။ အဲဘက်က အခုတလော နေ့တိုင်းတိုက်ပွဲ ဖြစ်နေတယ်။ ဒီမြိုင်ကြီးငူဘက်ကို ပစ်ခတ်တာကလည်း မှားယွင်းပစ်ခတ်တာလား၊ တစ်ခုခုတင်းမားမှုတွေ ရှိနေလားတော့ မသိဘူး” ဟု တော်လှန်ရေးရဲဘော်က ပြောသည်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ပြည်သူ့ဆေးရုံနှင့် ဝန်ထမ်းအိမ်ယာအတွင်းရှိ ဆရာဝန်၊ သူနာပြုအပါအဝင် ဆေးရုံရှိ လူနာများကို ဘေးကင်းလုံခြုံသည့် နေရာများတွင် ပြောင်းရွှေ့ထားရကြောင်းလည်း ဆိုသည်။
လက်ရှိအခြေအနေအရ ကမမောင်းဒေသရှိတိုက်ပွဲအတွင်း KNU တပ်မဟာ ၅ လက်အောက်ရှိ တပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ပါဝင်နေပြီး စစ်ကော်မရှင်အဖွဲ့မှ လေယာဉ်နှင့် လက်နက်ကြီးများဖြင့်လည်း ပစ်ကူပေးလျှက်ရှိသည်။
ယခု လက်နက်ကြီးကျရောက်ပေါက်ကွဲမှုသည် ဒုတိယအကြိမ်ဖြစ်ပြီး ယခင်ကလည်း မြိုင်ကြီးငူဒေသအတွင်း လက်နက်ကြီးကျရောက်မှုဖြစ်ခဲ့ပြီး ပေါက်ကွဲမှုမဖြစ်ခဲ့ကြောင်း သိရသည်။


