ဟံသာရွှေ (အတွေးအမြင်ဆောင်းပါး)
မြန်မာနိုင်ငံ၏ သမိုင်းဖြစ်စဉ်တစ်လျှောက်တွင် လူမျိုးစုအချင်းချင်း အထင်အမြင်သေးမှု၊ ရှုံ့ချမှုနှင့် ခွဲခြားဆက်ဆံမှုများသည် နိုင်ငံရေးစနစ်၏ အားနည်းချက်၊ စစ်မီး၏ အရှိန်အဝါနှင့် သမိုင်းအသိ အားနည်းမှုများကြောင့် အမြစ်တွယ်ခဲ့သည်မှာ ငြင်းမရသော အမှန်တရားတစ်ခုဖြစ်ပြီး ယင်းကို ရှမ်းလူမျိုးတို့အား “ရှမ်းပဲပုတ်” နှင့် မွန်လူမျိုးတို့အပေါ် သုံးနှုန်းသည့် “ထွန်းကြိုင်” သို့မဟုတ် “ထိုင်းကျွန်” ဟူသော ဝေါဟာရများက သက်သေခံနေပါသည်။
ထို့အပြင် ဗမာလူမျိုးတို့သည် ၎င်းတို့ကိုယ်တိုင်ကို “ရွှေ” ဟု ခေါ်ဝေါသုံးနှုန်းပြီး ရခိုင်လူမျိုးတို့အား “ရခီး”၊ ထိုင်းယိုးဒယား လူမျိုးတို့အား “ယပက်လက်”၊ ဗီယက်နမ်လူမျိုးတို့အား “ငံပြာရည်” ဟုလည်း သုံးနှုန်းကြသည်။
စာရေးသူကိုယ်တိုင် ဥရောပနိုင်ငံတခု ရောက်ရှိခိုက် ဗမာမိတ်ဆွေသုံးဦးနှင့်အတူ တခြားမိတ်ဆွေ ဗမာလူမျိုး မိသာစုတစု၏ အိမ်တွင် ထမင်းလိုက်စားကြပါသည်။ အိမ်ရှင်လင်မယား အပါအဝင် စုစုပေါင်းလူခြောက်ယောက်ထဲတွင် တိုင်းရင်းသား မွန်လူမျိုးဆိုက စာရေးသူတဦးမျှသာ ရှိသည်။ သောက်ရင်းစားရင်း စကားပြောရင်း၊ တိုင်းရင်းသားဟာသတွေအကြောင်း ပါလာသည်။ ဗမာလူမျိုးစု အများစုပါဝင်သော စကားပြောဝိုင်းမှာတော့ တိုင်းရင်းသားတွေရဲ့ အကြောင်းဟာ ဟာသမြောက် ရယ်ရွှင်ဖွယ် ရိုးအမိုက်မဲခြင်းများ၊ သနားချင်စဖွယ် ညာဏ်နှုံထုံထိုင်းခြင်းများဖြင့် ပြည့်နှက်နေသည်။ ထိုစကားပြောဝိုင်းထဲတွင် ဟာသညာဏ်ရွှင်သူတဦးက ဦးဆောင်ပြောကြားနေသည့်အတွက် ဝိုင်းထဲရှိလူတို့က ပြုံးပျော်ဖီးလျက် ဟီးဟီးဟားဟား ရယ်မောနေကြသည်။

ဤသည်မှာ တိုင်းရင်းသားဖြစ်သူ စာရေးသူက ဗမာလူမျိုးတွေက တိုင်းရင်းသားတို့အား ဟာသပုံပြင်တွင် ထည့်သွင်းပြောကြားကြသလိုမျိုး မွန်လူမျိုးတို့ကလည်း ဗမာလူမျိုးတို့အား ဟာသပုံပြင်တွင် ထည့်သွင်းပြောကြားကြကြောင်း ဥပမာတခု ပြောပြသည်။
“ဗမာလူမျိုးကို မွန်တို့က “ဟကောင်းဟမယ် (ဂကောင်းဗမယ်)” လို့ ခေါ်ကြတယ်။ “ဟကောင်း” ဆိုတာက “လူမျိုး”၊ “ဟမယ်” ဆိုတာက “တွားသွားသည်” ဟု အဓိပ္ပါယ်ပေါက်တယ်။ ဒါကြောင့် မွန်ဘာသာမှာ “ဟကောင်းဟမယ်” ဟုဆိုရာမှာ “တွားသွားတတ်တဲ့လူမျိုး” (သို့မဟုတ်) “တွားသွားသတ္တဝါ” ဟု ဆိုလိုချင်ကြောင်း ဤသို့ဖြင့် စာရေးသူ ပြောချလိုက်ရာ၊ ဗမာလူမျိုးမိတ်ဆွေတို့က မရယ်နိုင်ဘဲ ဖြစ်ကုန်ကြသည်။
လွန်ခဲ့သော ဆယ်စုနှစ်များစွာက ရှမ်းလူမျိုးတို့၏ ရိုးရာအစားအစာဖြစ်သော “ပဲပုတ်” ကို အကြောင်းပြု၍ ဗမာတိုင်းရင်းသားအချို့က ရှမ်းလူမျိုးများအား “ရှမ်းပဲပုတ်” ဟု ခေါ်ဝေါသုံးနှုန်း နှိမ့်ချရှုံ့ချခဲ့ဖူးသော်လည်း ဂီတအနုပညာရှင် စိုင်းဆိုင်မောဝ်နှင့် စိုင်းထီဆိုင်တို့က ထိုရှုံ့ချမှုကို သီချင်းဂီတပုံစံဖြင့် သီကုံးစပ်ဆို တုံ့ပြန်ပြောင်းလဲခဲ့ရာ ယနေ့တွင် “ရှမ်းပဲပုတ်” ဟူသော အခေါ်အဝေါသည် ရှမ်းလူမျိုးများအတွက် ဂုဏ်ငယ် သေးသိမ်စရာမလိုတော့ဘဲ၊ ဗမာလူမျိုးတို့ရဲ့ ပါးစပ်ဖျားမှာလည်း ပေါ့ပါးပျော်ရွှင်ဖွယ် “ရှမ်းပဲပုတ်လေး… ကျွန်တော်” နိုင်ငံကျော် ကလေးလူကြီးကြိုက်တဲ့ သီချင်းတစ်ပုဒ် ဖြစ်လို့နေပါပြီး။
“ရှမ်းပဲပုတ်” ဟူသော အစားစာမှာလည်း အထင်သေးစရာမဟုတ်တော့ဘဲ လူမျိုးပေါင်းစုံ ခေတ်အဆက်ဆက် ခုံမင်စွာ စားသုံးရသည့် ရှမ်းတို့၏ အထင်ကရ ပင်ကိုယ်အမှတ်တံဆိပ် အစားစာတစ်မျိုးအဖြစ် ကမ္ဘာတည်သရွေ့ ဂုဏ်ယူဝံ့ကြွားစရာ ဖြစ်လာခဲ့သကဲ့သို့ပင် ယခုအခါ မွန်လူမျိုးတို့အပေါ် သုံးနှုန်းနေသော “ထိုင်းကျွန်” ဟူသည့် အသုံးအနှုန်းကိုလည်း သမိုင်းကြောင်းနှင့် ယနေ့ခေတ် ပကတိအခြေအနေများအပေါ် မူတည်၍ ပြန်လည်ဆန်းစစ်ရန် အချိန်တန်ပြီ ဖြစ်ပါသည်။
အမှန်စင်စစ် မွန်လူမျိုးများ ထိုင်းနိုင်ငံသို့ အစုလိုက်အပြုံလိုက် အကြိမ်ကြိမ် ပြောင်းရွှေ့ခဲ့ရခြင်းမှာ မိမိတို့၏ ဆန္ဒအလျောက် သွားရောက်ခြင်းထက် သမိုင်းတစ်လျှောက် ဗမာဘုရင် ဦးအောင်ဇေယျခေတ်မှစ၍ ကျူးလွန်ခဲ့သော လူမျိုးတုံးသတ်ဖြတ်မှုများ၊ ကျွန်ပြုမှုများနှင့် စစ်ဘေးစစ်ဒဏ်များကြောင့် အသက်ဘေးမှ လွတ်မြောက်ရာ လမ်းရှာခဲ့ရခြင်းသာ ဖြစ်ပြီး၊ ဦးနေဝင်းခေတ် “ဖြတ်လေးဖြတ်” စစ်ဆင်ရေးကာလများတွင်လည်း မွန်ဒေသများ၌ တပ်မတော်သားများ၏ တိုင်းရင်းသား လူထုများပေါ် “မမေးခင်သုံးချက်၊ မေးပြီးသုံးချက် ပါးရိုက်တတ်သည်” ဟူသော စစ်တပ်၏ ရက်စက်ကြမ်းကြုတ်ခဲ့သည့် ဖိနှိပ်မှုများကြောင့် မိမိတို့၏ နေရပ်ကို စွန့်ခွာကာ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် အလုပ်ကြမ်းသမားများအဖြစ် အခြေချခဲ့ရခြင်း ဖြစ်သည်။
ထိုသို့ သမိုင်းပေးအခြေအနေ၊ စစ်ရေးကာလအရ ရောက်ရှိသွားသော မွန်လုပ်သားများအား မြို့ပြနေ ဗမာလူငယ်အချို့နှင့် ကျောင်းသားလူငယ်များက “ထွန်းကြိုင်” ဟု ခေါ်ဝေါနှိမ့်ချခြင်း၊ ထိုင်းနိုင်ငံ ခေတ်ကာလသားတို့၏ ယဉ်ကျေးမှုအကနှင့် ရောယှက်နေသော ခြေချင်းယှက်၊ လက်ကားယားအကအလှုပ်များကို “အကြိုင်အက” ဟု လှောင်ပြောင်ခြင်းများသည် မိမိတို့၏ ဌာနေ တိုင်းရင်းသား ညီအစ်ကိုများအပေါ် ထားရှိသည့် စာနာမှုကင်းမဲ့ခြင်းနှင့် သမိုင်းဗဟုသုတ နည်းပါးခြင်းကို ဖော်ပြနေရုံမျှမက၊ စာရေးသူကိုယ်တိုင် မော်လမြိုင်မြို့၊ Super Ocean Center ဈေးဝယ်ကုန်တိုက်တွင် မွန်ပုဆိုးဝတ်ထားရုံမျှဖြင့် “ထွန်းကြိုင်” ဟု အနီးကပ် ခေါ်ပြောရှုံ့ချခံရခြင်းက လူမျိုးစုအချင်းချင်းကြားရှိ အမုန်းတရားအညှိုးအတေးများကို ပိုမိုနက်ရှိုင်းစေခဲ့ပါသည်။
ယခုနှစ် အကယ်ဒမီ ရွှေကြိုဝင်ပြိုင်သူ မိုးကုတ်မြို့မှ အမျိုးသမီးငယ်တစ်ဦး၏ ထိုင်းခေတ်ကာလသား အကတမျိုးကို စွမ်းရည်ပြ ကပြရာမှသည် “အကြိုင်” ဟု ခေါ်ဝေါသုံးနှုန်းကြသည်မှာ မျက်မြင်လက်တွေ့ပင် ဖြစ်သည်။
သို့သော် ယနေ့ခေတ်ကာလတွင် မြန်မာနိုင်ငံ၏ အခြေအနေမှာ အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီဖြစ်ရာ ဗမာစစ်တပ်၏ အာဏာသိမ်းမှုနှင့် စစ်မှုထမ်းဥပဒေ ပြဌာန်းမှုများကြောင့် မွန်လူမျိုးများသာမက ဗမာ၊ ကရင်၊ ရှမ်း၊ ချင်း၊ ရခိုင် အစရှိသည့် လူမျိုးပေါင်းစုံမှ လူငယ်များသည် ထိုင်းနိုင်ငံသို့ အလုံးအရင်းနှင့် ထွက်ပြေးတိမ်းရှောင်နေကြရပြီး လက်ရှိတွင် ထိုင်းနိုင်ငံ၌ မြန်မာပြည်သား (၇) သန်းခန့် ရောက်ရှိနေသည့်အနက် ခြောက်သန်းကျော်မှာ ရွှေ့ပြောင်းလုပ်သား အလုပ်ကြမ်းသမားများအဖြစ် ရပ်တည်နေကြရပြီဟု ခန့်မှန်း ပြောဆိုကြသည်။ ယခင်က မွန်လူမျိုးများကိုသာ “ထိုင်းကျွန်” ဟု ကင်ပွန်းတပ်ခဲ့သူများသည် ယနေ့တွင် မိမိတို့ကိုယ်တိုင် သို့မဟုတ် မိမိတို့၏ ဆွေမျိုးသားချင်းများက ထိုင်းနိုင်ငံ၏ စက်ရုံ၊ အလုပ်ရုံများနှင့် ရာဘာခြံများထဲတွင် ရွှေ့ပြောင်းလုပ်သားအဖြစ် အသက်မွေးနေရသည့် အခြေအနေသို့ ဆိုက်ရောက်လာခြင်းကြောင့် မည်သူ့ကိုမျှ “ကျွန်” ဟု ခေါ်ဆို၍ မရတော့ဘဲ အားလုံးမှာ စစ်အာဏာရှင်စနစ်၏ ဆိုးမွေကို တပြေးညီ ခံစားနေရသော ဘဝတူများသာ ဖြစ်ကြောင်း ထင်ရှားလာပါသည်။
ထို့ကြောင့် “ရှမ်းပဲပုတ်” ကို သီချင်းဖြင့် ဂုဏ်ဖော်ကာ ရှုံ့ချခံရမှုမှသည်၊ ဂုဏ်ယူမှုအဖြစ် ပြောင်းလဲနိုင်ခဲ့သကဲ့သို့ပင်၊ မွန်လူမျိုးများနှင့် တိုင်းရင်းသားပေါင်းစုံအပေါ် ထားရှိသည့် အမုန်းစကားများနှင့် “ထွန်းကြိုင်” ကဲ့သို့သော ဝေါဟာရများကိုလည်း စာပေ၊ အနုပညာ၊ ပြဇာတ်များဖြင့် ပြန်လည်ရှင်းပြရင်း ခေတ်အဆက်ဆက် ဗမာစစ်ဘုရင်များနှင့် စစ်တပ်၏ ရက်စက်မှုများကို သင်ခန်းစာယူကြရမည် ဖြစ်သည်။
ကျွန်ုပ်တို့ လူ့အဖွဲ့အစည်းအတွင်း အမြစ်တွယ်နေဆဲဖြစ်သော အနုတ်လက္ခဏာဆောင်သည့် အတွေးအခေါ်များကို ဖော်ပြနေခြင်းဖြစ်ရာ၊ နောင်တစ်ချိန်တွင် လူထုအပေါ် ကြင်နာမှုရှိပြီး စည်းကမ်းလိုက်နာကာ လူမျိုးစုအားလုံးကို တန်းတူရည်တူ တန်ဖိုးထားတတ်သော ဖက်ဒရယ်တပ်မတော်နှင့် နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်ရန်အတွက် အတိတ်က သမိုင်းခြေရာဆိုးများကို ဖျက်ဆီးကာ အချင်းချင်း နားလည်စာနာမှုဖြင့် ညီညွတ်မှုကို တည်ဆောက်ကြရမည် ဖြစ်ပါသည်။


