spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းစနစ်သစ်ပညာရေးဟုဆိုသော်လည်း အလွတ်ကျက်စနစ်မှ ရုန်းမထွက်နိုင်သေး

    စနစ်သစ်ပညာရေးဟုဆိုသော်လည်း အလွတ်ကျက်စနစ်မှ ရုန်းမထွက်နိုင်သေး

    -

    အခြေခံပညာကျောင်းများအတွင်း သင်ရိုးညွှန်းတမ်းအသစ်များဖြင့် လက်တွေ့သင်ကြားလေ့လာမှုကို ပိုမိုအားပေးထားသည့် စနစ်သစ်ပညာရေးကို အသုံးပြုသင်ကြားနေသည်ဆိုသော်လည်း စာမေးပွဲအောင်မှတ်ရရှိရေး အလွတ်ကျက်မှတ်နေရသည့်ပုံစံမှ ရုန်းမထွက်နိုင်သေးသဖြင့် ကျောင်းသားများ ဝန်ပိနေရကြောင်း ကျောင်းသားမိဘနှင့် ကျောင်းသားအချို့က ဆိုသည်။

    ၂ဝ၁၆-၂၀၁၇ ပညာသင်နှစ်မှစ၍ ပညာရေးဝန်ကြီးဌာနမှ KG+12 စနစ်ကို အတန်းစဉ်အလိုက် အဆင့်ဆင့် စတင်အသုံးပြုလာရာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများအတွင်းရှိ အတန်းအားလုံးကို သင်ရိုးညွှန်းတမ်းပုံစံအသစ်သို့ သင်ကြားပေးနိုင်ခဲ့ကြောင်း သိရသည်။

    သို့သော် လက်တွေ့သင်ကြားရေးပုံစံသည် ရမှတ်အခြေပြုသည့် စာမေးပွဲစနစ်ကို အလေးထားခြင်း၊ ဘာသာရပ်များပြားပြီး အလွတ်ကျက်မှတ်ရသည့် သင်ကြားရေးပုံစံသာ ဆက်လက်အသုံးပြုနေခြင်းနှင့် လက်တွေ့အသုံးချနိုင်မှု နည်းပါးခြင်းတို့ကြောင့် ကျောင်းသားများအပေါ် ဝန်ပိနေရကြောင်း ယမန်နှစ်တက္ကသိုလ်စာမေးပွဲအောင်မြင်ထားသူ ကျောင်းသားတစ်ဦးကဆိုသည်။

    “ စနစ်သစ်မှာ အဓိကဖြင့် Grade-12 ဆိုရင် စာအများကြီးကျက်ရတယ်။ ဘာသာရပ်တွေကတော့ အရင်အတိုင်းပဲ ၆ ဘာသာသင်ရတယ်။ ကျူရှင်တက်တယ် အကုန်လုံးကို အလွတ်ကျက်ပြီးတော့ စာမေးပွဲဖြေရတယ်။ ကိုယ်က ကျက်နိုင်ရင် အောင်မယ် မကျက်နိုင်ရင် မအောင်ဘူး ဒီလောက်ပါပဲ ” သူက ဆိုသည်။

    အထူးသဖြင့် Grade-10, Grade-11, Grade-12 အထက်တန်း ကျောင်းသားများ ဘော်ဒါဆောင်အတွင်း နေထိုင်ရခြင်း၊ ကျူရှင်တက်ရောက်ရခြင်းနှင့် ကိုယ်ပိုင်စာသင်ဂိုက် ငှါးရမ်းခြင်းဖြင့်  အတန်းတင်စာမေးပွဲအောင်မြင်ရေး ကျောင်းသားမိဘများက ငွေကြေးအမြောက်အများအသုံးပြုနေရသည်။

     Grade-12  ဘာသာရပ်များ၏ သင်ခန်းစာများစွာကို အချိန်တိုအတွင်း သင်ကြားရခြင်း၊ သင်ရိုးများ ပိုမိုကျယ်ပြန့်လာခြင်းအပြင် ဆရာ၊ ဆရာမလိုအပ်ချက်၊ သင်ထောက်ကူလိုအပ်ချက်များကြောင်းလည်း စနစ်သစ်ပညာရေး နှစ်ကြာသည်အထိ မထိရောက်နိင်သေးကြောင်း အထက်တန်းကျောင်းဆရာတစ်ဦးက IMNA သို့ ပြောသည်။

     “ စာအလွတ်ကျက်ရတဲ့ ပုံစံက အဓိကနေရာမှာ ရှိနေဆဲပါ။ သင်ခန်းစာကို နားလည်အောင် သင်ချင်ပေမယ့် အချိန်မလုံလောက်ဘူး၊ သင်ရိုးတွေ ပိုကျယ်ပြီး အသစ်ဖြစ်တယ်။ အတွေ့အကြုံရှိတဲ့ ဆရာ၊ ဆရာမတွေလည်း နည်းတယ်။ ဒါကြောင့် ဆရာတွေဘက်ကလည်း စာမေးပွဲအတွက် အဓိကထားပြီး သင်ပေးနေရတဲ့ အခြေအနေ ဖြစ်နေပါတယ်။ လက်တွေ့သင်ကြားနိုင်မည့် ပစ္စည်းတွေလဲ မရှိတော့ စာတွေ့ကိုသာအဓိက သင်ကြားပေးရတယ်” ဟု ရေးမြို့နယ်မှ အထက်တန်းကျောင်းဆရာတစ်ဦးက ဆိုသည်။

    ထိုကြောင့် စနစ်သစ်ပညာရေး၏ အရည်အသွေးမလျော့နည်းစေရန် သင်ရိုးညွှန်းတမ်းအပြင် သင်ကြားနည်းစနစ်နှင့် စာမေးပွဲအကဲဖြတ်စနစ်သာ ပြန်လည်ပြုပြင်မှသာ ပြဿနာဖြေရှင်းနိုင်မည်ဟုလည်း ဆိုသည်။

    လာမည့် ၂၀၂၆ ခုနှစ် ပညာသင်နှစ် ဇွန်လမှစတင်၍ (Grade-12) သင်ရိုးညွှန်းတမ်းများကို ပြန်လည်ရေးဆွဲသွားမည်ဖြစ်ပြီး အထက်တန်းနှင့် အလယ်တန်းသင်ရိုးညွှန်းတမ်းများတွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ ရေးဘာသာရပ်များကို ဦးစားပေးထည့်သွင်းသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂ ရက်နေ့မှာ နေပြည်တော်တွင် ကျင်းပသည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်များ သင်ကြားရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် ညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောက ပြောကြားခဲ့သည်။

    အချိန်နှင့်အညီ ဘာသာရပ်အသစ်ထပ်မံ ထည့်သွင်းခြင်း၊ ပြင်ဆင်ခြင်းများ လုပ်ဆောင်နေသော်လည်း အခြေခံပညာကျောင်းများတွင် လက်ရှိအချိန်အထိ အလွတ်ကျက်စနစ်ဖြင့်သာ လည်ပတ်နေဆဲဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks