လွတ်လပ်သော မွန်သတင်းအေဂျင်စီ
ဇန်နဝါရီ ၃၁၊ ၂၀၂၆
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဖိုးဝသိမ်ကျေးရွာ မူလတန်းစာသင်ကျောင်း စစ်အာဏာရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ် ဘီးလင်းနှင့် ကျိုက်ထိုမြို့နယ်အစပ် သံတံတား စစ်ဆေးရေးဂိတ်ရှိ စစ်ကော်မရှင်တပ်တို့မှ ဇန်နဝါရီလ ၂၉ ရက်နေ့ နေ့လယ်ခန့်က ဖိုးဝသိမ်ကျေးရွာရှိ မူလတန်းစာသင်ကျောင်းကို ဒရုန်းဖြင့် ဗုံးသုံးလုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

စစ်ကော်မရှင်တပ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဖိုးဝသိမ်ကျေးရွာ စာသင်ကျောင်းသည် ပိတ်ထားရသည့်အတွက် လူထိခိုက်မှုမရှိကြောင်း သို့သော် ကျောင်းဆောင်များ ထိခိုက်ပျက်စီးမှု ရှိကြောင်း ဒေသခံတို့က ပြောသည်။
“ဒရုန်းနဲ့ ဗုံးသုံးလုံး ကြဲတာ။ နှစ်လုံးက ကျောင်းခေါင်မိုးပေါ်တည့်တည့်ကျတယ်။ ကျောင်းက အာဏာသိမ်းပြီးနောက်ပိုင်း ပိတ်ထားတော့ လူထိခိုက်တာတော့မရှိဘူး” ဟု ဘီးလင်းဒေသခံတစ်ဦးက ပြောသည်။
ဘီးလင်းမြို့နယ်အခြေစိုက် စစ်ကော်မရှင် တပ်ရင်း၊ တပ်စခန်းတို့မှ ဘီးလင်းမြို့နယ်အတွင်းရှိ အလူး၊ ဖိုးဝသိမ်၊ ဒေါက်ရပ် အစရှိသည့် ကျေးရွာအုပ်စုများအတွင်းသို့ လက်နက်ကြီးများဖြင့် နေ့စဉ် ဆက်တိုက်ပစ်ခတ်နေသည့်အပြင် ဒရုန်း၊ လေယာဉ်ဖြင့်လည်း မကြာခဏတိုက်ခိုက်နေသည်။
စစ်ကော်မရှင်တပ်မှ ထိုသို့ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ လနှင့်ချီကာ စစ်ဘေးတိမ်းရှောင်နေကြရပြီး တောင်ယာနှင့် ဥယျာဉ်ခြံလုပ်ငန်းများလည်း လုပ်ဆောင်နိုင်ခြင်းမရှိကြောင်း စစ်ဘေးရှောင်ပြည်သူများ၏ ပြောကြားချက်များအရ သိရသည်။

“လက်နက်ကြီးတွေ ခဏခဏကျနေတော့ ရွာထဲမှာ ဘယ်သူမှ မနေရဲကြတော့ဘူး။ ထွက်ပြေးနေရတော့ တောင်ယာတွေ ဥယျာဉ်ခြံတွေကိုလည်း ပစ်ထားရတာ သုံးလေးနှစ်လောက် ရှိနေပြီး။ ဝင်ငွေမရှိတော့ စားဝတ်နေရေး အရမ်းဒုက္ခရောက်နေကြတယ်” ဟု ဒေါက်ရပ်ကျေးရွာမှ ဒေသခံပြည်သူ တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၆ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် အလူးကြီးကျေးရွာ နှင့် ဖိုးဝသိမ်ကျေးရွာအတွင်းသို့ စစ်ကော်မရှင်တပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှု ရှိခဲ့သည့်အပြင် စိုက်ခင်းများလည်း မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။



