လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဇန်နဝါရီ ၂၈၊ ၂၀၂၆။
မြန်မာပြည်တွင်း၌ နီပါးဗိုင်းရပ်စ်ရောဂါကူးစက်မှုမတွေ့ရှိသေးသော်လည်း ခရီးသွားပြည်သူများအား ထိန်းချုပ်ကာကွယ်သည့်အနေဖြင့် နီပါးရ်ဗိုင်းရပ်စ် ဖြစ်ပွားရာဒေသသို့ မလိုအပ်ဘဲ ခရီးသွားလာခြင်းမပြုရန် စစ်ကော်မရှင် ကျန်းမာရေးဝန်ကြီးဌာနမှ သတိပေးထုတ်ပြန်သည်။
ရောဂါဖြစ်ပွားနေသည့်ဒေသ (အနောက်ဘင်္ဂလားပြည်နယ်)သည် မြန်မာအိမ်နီးချင်းနိုင်ငံဖြစ်ပြီး လက်ခံကောင် လင်းနို့မျိုးစိတ်ဖြစ်သည့် သစ်သီးစားလင်းနို့/လင်းဆွဲများ ပေါများစွာတည်ရှိရာဒေသတွင် ကူးစက်မှုဖြစ်ပွားနေသဖြင့် ရောဂါစောင့်ကြည့်ရေးလုပ်ငန်းများကို လုပ်ဆောင်နေပြီးဖြစ်သည်။
လတ်တလောတွင်လည်း အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ်အဝင်အထွက်နေရာများတွင် သံသယရောဂါလက္ခဏာရှိမရှိ စောင့်ကြပ်ကြည့်ရှု့ရန် ညွှန်ကြားထားပြီး ရောဂါဖြစ်ပွားရာဒေသသို့ မလိုအပ်ဘဲခရီးသွားလာခြင်းမပြုရန် အဆိုပါဒေသရှိ ဆေးရုံများ (သို့မဟုတ်) ဖျားနာသူများပြားသည့်နေရာများသို့ သွားရောက်ခြင်း မပြုရန်လည်း သတိပေးထားသည်။
ရောဂါကာကွယ်ရေးဆိုင်ရာလုပ်ငန်းများကို ပြည်နယ်ကျန်းမာရေးဌာနသို့ သတိပေးညွှန်ကြားခြင်းများလည်းလုပ်ဆောင်နေပြီး ကာကွယ်ကုသရေးဆိုင်ရာ သင်တန်းများကို ကျန်းမာရေးဝန်ထမ်းများတက်ရောက်ရန်ရှိကြောင်းလည်း ချောင်းဆုံမြို့နယ်မှ ကျန်းမာရေးဝန်ထမ်းတစ်ဦးကပြောသည်။

"ညွှန်ကြားချက်တွေစောင့်နေတယ်။ သတိပေးစာတွေလည်းထုတ်နေပြီးပေါ့နော်။ ဒါတွေမလုပ်ဖို့ ဒါတွေသတိထားဖို့ပေါ့နော်။ ဒီရောဂါက နေရာတိုင်းမှာလည်းမဖြစ်သေးဘူးဆိုတော့ ကိုဗစ်ကပ်ရောဂါလောက်တော့ မဖြစ်လောက်သေးဘူးထင်တယ်"ဟု ဆိုသည်။
ပြည်တွင်းနေထိုင်သူများလည်း ကျန်းမာရေးဝန်ကြီးဌာနမှ လမ်းညွှန်ချက်များကို အမြဲမပြတ်စောင့်ကြည့်ရန်လိုအပ်ပြီး၊ ခရီးသွားလာခြင်းများ၊ လင်းနို့စား သစ်သီးများကိုစားသုံးခြင်းမှ ရှောင်ကြည်ရန်လည်း အထက်ပါ ကျန်းမာရေးဝန်ထမ်းက တိုက်တွန်းသည်။
ရောဂါဖြစ်ပွားရာဒေသသို့ မဖြစ်မနေခရီးသွားလာနေရသူများ အနေဖြင့် ၁၄ ရက်အတွင်းသံသယရောဂါလက္ခဏာများဖြစ်သည့် ပြင်းထန်စွာဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်းနှင့်အသက်ရှူရခက်ခဲခြင်း၊ စိတ်ရှုပ်ထွေးခြင်း သို့မဟုတ် အိပ်ငိုက်ခြင်း ခံစားရပါက ချက်ချင်းနီးစပ်ရာကျန်းမာရေးဌာနသို့ဆက်သွယ်ပြီး ခရီးသွားရာဇဝင်ရှိခဲ့ကြောင်းကိုလည်း ဆရာဝန်များထံ ပြောဆိုရန်လည်း ဆိုထားသည်။
မိသားစုတွင် သံသယဖြစ်ပွားးရောဂါလက္ခဏာရှိသူများကိုတွေ့ရှိသော်လည်းကောင်း၊ နေထိုင်ရာပတ်ဝန်းကျင်တွင် တိရစ္ဆာန်များ (ဝက်/လင်းနို့) တို့ထူးထူးခြားခြားသေဆုံးမှုများရှိလျှင် နီးစပ်ရာ ကျန်းမာရေးဌာနသို့အသိပေးအကြောင်းကြားရန်လည်းထုတ်ပြန်ထားသည်။
နီပါးရ်ဗိုင်းရပ်စ် ကူးစက်မှုကို အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်တွင် တွေ့ရှိထားပြီး ကာလကတ္တားမြို့အနီးရှိ ဘာရာဆတ်ဒေသတွင် အတည်ပြုလူနာ (၅) ဦး တွေ့ရှိထားပြီး အဆိုပါဒေသတွင် ရောဂါပိုးတွေ့ရှိခြင်းကို ၁၉ နှစ်အတွင်း ပထမအကြိမ်ပြန်လည်တွေ့ရှိထားခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်များအရ သိရသည်။
မြန်မာနိုင်ငံအပြင် အိန္ဒိယနိုင်ငံနှင့် နီးစပ်သည့် ထိုင်းနိုင်ငံတွင်လည်း ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေကြောင်းလည်း သိရသည်။



