spot_img
Tuesday, January 27, 2026
More
    spot_img
    Homeသတင်းရန်ကုန်မြို့နေမွန်လူမျိုးများ (၇၉) ကြိမ်မြောက်မွန်အမျိုးသားနေ့အခမ်းအနားသို့ ပူးပေါင်းပါဝင်ရန် ကျင်းပရေးကော်မတီမှတိုက်တွန်း

    ရန်ကုန်မြို့နေမွန်လူမျိုးများ (၇၉) ကြိမ်မြောက်မွန်အမျိုးသားနေ့အခမ်းအနားသို့ ပူးပေါင်းပါဝင်ရန် ကျင်းပရေးကော်မတီမှတိုက်တွန်း

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ၂၇ ဇန်နဝါရီ ၂၀၂၅။

    လာမည့် ဖေဖော်ဝါရီ ၂ ရက်နေ့  (၇၉) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ရန်ကုန်မြို့ မွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ဦးဆောင်၍ စည်းကားသိုက်မြိုက်စွာ ကျင်းပရန်ရှိသဖြင့် မြို့ပေါ်နေမွန်လူမျိုးများ  ပူးပေါင်းပါဝင်ရန် IMNA မှတစ်ဆင့် တိုက်တွန်းပြောဆိုသည်။

    ရန်ကုန်မြို့ပေါ်တွင် မွန်လူမျိုးအများအပြားနေထိုင်ကြသော်လည်း လူမျိုးနှင့်ဆိုင်သည့် အခမ်းအနားများ၊ စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စများတွင် ပူးပေါင်းပါဝင်သူ တဖြည်းဖြည်းနည်းပါးလာနေပြီး မွန်စာပေနှင့်ယဉ်ကျေးမှု (ရန်ကုန်) အဖွဲ့မှသာ တာဝန်ယူ ထိန်းသိမ်းလုပ်ဆောင်နေရကြောင်း သိရသည်။

    ထို့ကြောင့် မွန်လူမျိုးများ၏ နေ့ထူးနေ့မြတ်ဖြစ်သည့် (၇၉) ကြိမ်မြောက်မွန်အမျိုးသားနေ့(ရန်ကုန်) အခမ်းအနားတွင် အလံတင်အလေးပြုအစီအစဉ်များအပြင် ရိုးရာယဉ်ကျေးမှုဆိုင်ရာ အဆို၊အကနှင့် စာပေကဏ္ဍများကို ဦးစားပေးထည့်သွင်းထားသဖြင့် လာရောက်ဝန်းရံရန်လည်း တိုက်တွန်းထားသည်။

    “ရန်ကုန်ကမြို့သာကြီးတယ်မွန်လူမျိုးများပေမဲ့ အရင်လိုမျိုးပါဝင်ကြတာတော့မဟုတ်တော့ဘူး အခုက နည်းပါးသွားတယ်။ မွန်စာပေနဲ့ယဉ်ကျေးမှု အဖွဲ့ကထိန်းသိမ်းလုပ်ဆောင်ရတယ်၊ အမျိုးသားရေးကိုချစ်မြတ်နိုးတဲ့စိတ်နဲ့ တက်တက်ကြွကြွ လာရောက်ပါဝင်သွားဖို့ပဲ ပြောချင်တယ် အဲ့နေ့တစ်နေ့ဆို အလုပ်ရှုပ်အလုပ်ရှိနေသော်လည်း ခွင့်ရက်တစ်ရက်အနေနဲ့ ကိုယ့်ဟာကိုယ် အားအောင်လုပ်ပြီး ဇာတ်ရုံအရောက်လာပေးကြဖို့တိုက်တွန်းချင်ပါတယ်"အခမ်းအနားကျင်းပရေးကော်မတီ တာဝန်ရှိသူက တိုက်တွန်းသည်။

    မွန်သံဃာတော် (၇၉) ပါးပင့်ဖိတ်ကာ ဆွမ်းကျွေးအလှူပြုလုပ်ခြင်း၊ ၈ နာရီတွင် အလံတင်အခမ်းအနား၊ မွန်ရိုရားအကအလှများအပြင်၊ မွန်အနုပညာရှင်များ၏ ဖျော်ဖြေရေးကဏ္ဍများဖြင့် ညနေ ၅ နာရီအထိ  အမျိုးသားဇာတ်ရုံတွင် ကျင်းပသွားမည် ဖြစ်သည်။

    ယခင်တွင် မွန်အမျိုးသားနေ့အခမ်းအနားကို ပြည်သူ့ရင်ပြင်၌ စည်ကားစွာကျင်းပလေ့ရှိသော်လည်း ကိုဗစ်ရောဂါကာလနှင့် နိုင်ငံရေးအခြေအနေများကြောင့် အမျိုးသားဇာတ်ရုံတွင် ၃ နှစ်ဆက်တိုက် ကျင်းပပြုလုပ်ခဲ့ရသည်။

    မွန်လူမျိုးရေးကိစ္စများတွင် ရန်ကုန်မြို့ပေါ်နေမွန်များ ငွေကြေးပိုင်းဆိုင် ကူညီထောက်ပံ့မှုများသော်လည်း ပူးပေါင်းပါဝင်သူလူငယ်များ၊ မျိုးချစ်ပုဂ္ဂိုလ်များ မရှိသလောက်ရှားပါးလာပြီး နောင်လာမည့်မွန်မျိုးဆက်များအတွက် ရင်လေးစရာဖြစ်ကြောင်းလည်း သူကဆိုသည်။

    " လူငယ်အင်အားဆို မရှိတော့ ဘူး၊ ဂျပန်၊ မလေးရှား၊ ထိုင်း၊ ကိုးရီးယားရောက်ကုန်တယ် သူတို့မျိုးဆက်အတွက် လက်ကမ်းဖို့ကမရှိတော့ဘူး၊ လမ်းပြပေးဖို့အတွက် ရှိတဲ့လူငယ်တွေကို လမ်းပြလက်တွဲရတယ်။ မဟုတ်ရင် အဆက်ပြတ်ကုန်မယ်။ ပျောက်ကွယ်ဖို့အထိတော့မဖြစ်ပေမဲ့အားမရဘူး၊ ရန်ကုန်က မွန်တွေအိမ်မှာဆိုလိုက်မေးရင် မွန်လူမျိုးနဲ့ ဆိုင်တဲ့ အခမ်းအနားတစ်ခုခုမှာပါဝင်ဖို့မေးရင် မရှိကြတာများတယ် ပြည်ပရောက်ကုန်တယ်"ဟု ပြောသည်။

    အမျိုးသားနေ့အခမ်းအနားကို မွန်လူမျိုးနေထိုင်သည့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ယခုနှစ်တွင်နေပြည်တော်တို့တွင်လည်းလုပ်ဆောင်သွားရန်ရှိပြီး မန္တလေးတိုင်းရှိ မွန်ဘုန်းကြီးကျောင်းတွင်လည်း အကျဉ်းချုံးလုပ်ဆောင်သွားရန်ရှိသည်ဟု သိရသည်။

    မွန်ပြည်နယ်မှ ရန်ကုန်မြို့သို့ ပြောင်းရွှေ့နေထိုင်ကြသည့် မွန်လူမျိုးအများစုသည် မွန်စကားနှင့်စာပေ တတ်မြောက်မှု နည်းပါးလာကြသလို ရိုးရာဓလေ့ထုံးတမ်းများကိုလည်း ထိန်းသိမ်းစောင့်ရှောက်မှု လျော့နည်းလာနေသည်ဟု  မွန်တိုင်းရင်း သားရေးရာ အဖွဲ့အစည်းများက ပြောကြသည်။

    ရန်ကုန်တိုင်းဒေသကြီးတွင် မွန်လူဦးရေစုစုပေါင်း သိန်းနှင့်ချီရှိသော်လည်း ရန်ကုန်၊ ပဲခူးနှင့် တနင်္သာရီတိုင်းဒေသကြီးအသီးသီး၌ မွန်တိုင်းရင်းသားဦးရေ ခြောက်သောင်းမပြည့်ဟု ဆိုကာ ၂၀၁၀ ရွေးကောက်ပွဲတွင် မွန်တိုင်းရင်းသားရေးရာအမတ်နေရာ ရွေးချယ်ခွင့်မရခဲ့ကြောင်းလည်းသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks