Home သတင်း တပ်မှထွက်ပြေးခဲ့သူ ရဲဘော် ၁၄ ဦး တပ်ရင်းနှင့်မသက်ဆိုင်တော့ကြောင်း MSRF အသိပေးထုတ်ပြန်

တပ်မှထွက်ပြေးခဲ့သူ ရဲဘော် ၁၄ ဦး တပ်ရင်းနှင့်မသက်ဆိုင်တော့ကြောင်း MSRF အသိပေးထုတ်ပြန်

လွတ်လပ်သော မွန်သတင်းအေဂျင်စီ၊ ဇန်နဝါရီလ ၂၁၊ ၂၀၂၆။

၂၀၂၄ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ ၂ နှစ်တာကာလအတွင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF) တွင် တာဝန်ထမ်းဆောင်နေသည့် ရဲဘော် ၁၄ ဦး တပ်မှထွက်ပြေးခဲ့သဖြင့်  အဆိုပါ ရဲဘော်များသည့် မိခင်တပ်ရင်းဖြစ်သည့်  MSRF နှင့် သက်ဆိုင်မှုမရှိတော့ကြောင်း ယမန်နေ့ ဇန်နဝါရီ ၂၀ ရက်နေ့က အသိပေး ထုတ်ပြန်သည်။

တပ်ပြေးအဖြစ် သတ်မှတ်ခံရသူများသည် ရှေ့တန်းနှင့် အနောက်တန်းတွင် တာဝန်ထမ်းဆောင်နေစဉ် ခွင့်ရက်ယူပြီး သတ်မှတ်ခွင့်ရက်အတွင်း တပ်ရင်းသို့ ပြန်လာခြင်း မရှိတော့ဘဲ ထွက်ပြေးသွားခဲ့ကြသည်ဟု  ထုတ်ပြန်ချက်တွင်ဆိုထားသည်။

ထိုအခြေအနေနှင့် ပတ်သက်ပြီး မွန်ပြည်တော်လှန်ရေးတပ် (MSRF) ပြောရေးဆိုခွင့်ရှိသူကို လွတ်လပ်သော မွန်သတင်းအေဂျင်စီမှ ဆက်သွယ်မေးမြန်းသော်လည်း အကြောင်းပြန်ခြင်း မရှိသေးပေ။

မိခင်တပ်ရင်းထံ ခွင့်ပြုချက်မရှိဘဲ မိမိတို့ဆန္ဒဖြင့် ထွက်ပြေးသူများသည် စည်းမျဉ်းစည်းကမ်းအတိုင်းအရေးယူခံရနိုင်ကြောင်းနှင့်  အဆိုပါ ရဲဘော်များသည်  အကြောင်းအမျိုးမျိုးကြောင့် ထွက်ပြေးခဲ့ခြင်းဖြစ်နိုင်ကြောင်း  (MSRF) နှင့် နီးစပ်သည့် တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုသည်။

“တပ်တစ်ခုမှာ တပ်ပြေးရှိတာက မထူးဆန်းပါဘူး။ တပ်တိုင်းက ဖြစ်နေကျပဲ၊ အခုလဲ တပ်ပြေးအားလုံးက တစ်ခါတည်း ထွက်ပြေးသွားတာလဲ မဟုတ်ဘူး ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပဲ တစ်ဦးတည်း ထွက်ပြေးတာလဲရှိတယ် နှစ်ဦးလဲရှိတယ် အဲ့လိုပေါ့ အကြောင်းရင်းက အများကြီးရှိတယ်ပေါ့နော် သူတို့ရဲ့ personal ကိစ္စတွေ ဖြစ်နိုင်တယ်၊ မနေနိုင်တော့တာလဲ ဖြစ်နိုင်တယ်ပေါ့နော် တော်လှန်ရေးက ၁နှစ်နဲ့၂နှစ်နဲ့ပြီးမယ်လို့ထင်ထားတာလေ အခု ၄ နှစ်တောင်ကျော်နေပြီးဆိုတော့ အချိန်တော်တော်ကြာနေပြီးလေ” ဟု သူက ဆိုသည်။

မွန်ပြည်တော်လှန်ရေးတပ် (MSRF) တွင် စစ်သင်တန်းတက်ရောက်ပြီးပါက ၄ နှစ်အထိ တာဝန်ထမ်းဆောင်ရမည်ဟု သတ်မှတ်ထားပြီး လိုက်နာခြင်းမရှိဘဲ တပ်မှထွက်ပြေးသူ ရဲဘော်များကို ဖမ်းဆီးရမိပါက အရေးယူခံရမည်ဟု စည်းကမ်းသတ်မှတ်ထားသည်ဟု သိရသည်။

ထုတ်ပြန်ချက်အရ ရဲဘော် နိုင်ဇွဲအောင်၊ နိုင်ထွီး (ခေါ်) အပေါ၊ နိုင်သိုက်ထော၊ နိုင်ထွန်းအေး၊ နိုင်စန်းအေး၊ နိုင်ဗညာ၊ နိုင်အောင်ချမ်း၊ နိုင်ခါရ၊ နိုင်ဉာဏ်သိုက်၊ နိုင်အောင်းနွန်၊ နိုင်းမင်းထွန်း၊ နိုင်အောင်းဇန၊ နိုင်ဟောင်းချမ်း (ခေါ်) မင်္ဂလွမ် နှင့် နိုင်ဒင်တို့ တပ်ပြေးများဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

တပ်မှ ထွက်ပြေးသူများသည် ရန်သူဘက်တွင် ဘက်ပြောင်းခိုလှုံသူများ မရှိသည့်အတွက် မိခင်တပ်ရင်း၏ လုံခြုံရေးအခြေအနေ ပေါက်ကြားမည်ကို စိုးရိမ်းဖွယ်ရာမရှိကြောင်း၊ တပ်ပြေးရဲဘော် အများစုတို့သည် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက် အလုပ်လုပ်ကိုင်နေကြသည်ဟုလည်း အခြားတော်လှန်ရေး သတင်းအရင်းမြစ်တစ်ဦးက ဆိုသည်။

“ထွက်ပြေးသွားတဲ့လူတွေကို ကျနော်တို့ လိုက်လံစုံစမ်းကြည့်သလောက်တော့ ရန်သူဘက်ကို ရောက်သွားတဲ့လူတွေတော့ တစ်ယောက်မှ မရှိပါဘူး။ အဲအတွက် စိုးရိမ်းစရာတော့ မရှိပါဘူး။ သို့ပေမဲ့လည်း ကိုယ်တွေဆီကနေ ထွက်ပြေးသွားတဲ့လူတွေဖြစ်တော့ စိုးရိမ်စိတ်တော့ အနည်းအကျဉ်းတော့ ရှိပါတယ်။ သိထားသလောက်တော့ တစ်ချို့က ရွာမှာ အလုပ်လုပ်နေကြတယ်။ တစ်ချို့ကလည်း ထိုင်းတက်ပြီး အလုပ်လုပ်နေကြတယ်ပေါ့နော်”  အထက်ပါ သတင်းအရင်းမြစ်က ပြောသည်။

မွန်ပြည်တော်လှန်ရေးတပ် (MSRF) သည် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ၏ ကာကွယ်ရေးဌာနအောက်ရှိ တပ်ဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ရာ ယနေ့အထိ စစ်အာဏာရှင်အဖွဲ့နှင့် တော်လှန်တိုက်ပွဲဝင်လျှက်ရှိသည်။

ပုံ-MSRF