Homeသတင်းသတင်းထောက်များကို ပစ်မှတ်ထားဖမ်းဆီးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းနှင့် ထောင်ဒဏ်ချမှတ်ခြင်းများ ရပ်တန့်ပေးရေး IPCM တိုက်တွန်းတောင်းဆို

သတင်းထောက်များကို ပစ်မှတ်ထားဖမ်းဆီးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းနှင့် ထောင်ဒဏ်ချမှတ်ခြင်းများ ရပ်တန့်ပေးရေး IPCM တိုက်တွန်းတောင်းဆို

-

လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဇန်နဝါရီ ၂၀၊ ၂၀၂၆။

မြန်မာနိုင်ငံအတွင်းရှိ သတင်းထောက်များအား ပစ်မှတ်ထားဖမ်းဆီးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းနှင့် ထောင်ဒဏ်ချမှတ်ခြင်းများကို ရပ်တန့်ပေးရေး လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (Independent Press Council Myanmar –IPCM) မှ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ထုတ်ပြန်တောင်းဆိုလိုက်သည်။

ပြီးခဲ့သည့်ဇန်နဝါရီ ၁၇ နှင့် ၁၈ ရက်နေ့ နှစ်ရက်တာတွင် အွန်လိုင်းမှတဆင့် IPCM ၏ ဒုတိယအကြိမ်မြောက် အထွေထွေညီလာခံကိုကျင်းပခဲ့ပြီး၊ ထိုညီလာခံမှတစ်ဆင့် ကိုယ်စားလှယ်များက မြန်မာသတင်းမီဒီယာများနှင့်ဆိုင်ရာ တိုက်တွန်းတောင်ဆိုချက် ၅ ချက်ကို တောင်းဆိုခဲ့သည်။

လက်ရှိကာလအတွင်း သတင်းသမားများ ဖမ်းဆီးခံရမှု၊ ဖိနှိပ်ခံရမှု၊ ထောင်ချခံရမှုအဆိုးရွားဆုံးဖြစ်နေပြီး၊ တရုတ်နိုင်ငံပြီးလျှင် မြန်မာနိုင်ငံသည် သတင်းသမားများအား ဖမ်းဆီးထောင်ချမှု ဒုတိယအများဆုံးဖြစ်နေသည်ဟု IPCM ၏ အတွင်းရေးမှူး ဦးတိုးဇော်လတ်မှ IMNA ကိုပြောသည်။

“ စစ်တပ်အောက်မှာသတင်းရယူခွင့် မရှိတာက သိပ်မထူးဆန်းပါဘူး။ အခုလွတ်မြောက်နယ်မြေ တော်လှန်ရေးအုပ်ချုပ်နယ်မြေမှာလည်း သတင်းရယူခွင့်နဲ့ ပတ်သက်ရင် ပြဿနာတွေအများကြီးကြုံနေရပါတယ်၊ လောလောဆယ် မြန်မာပြည်က ၉၂ မြို့ နယ်မြေဒေသ တော်တော်များများမှာ သတင်းရယူခွင့်နဲ့ ပတ်သက်ပြီး သိပ်လွယ်လွယ်ကူကူရှိမနေပါဘူး”ဟု ပြောသည်။

သတင်းထောက်များ စစ်တပ်လက်အောက်တွင် သတင်းရယူခွင့်လုံးဝမရှိသလို၊ လွတ်မြောက်နယ်မြေနှင့် တော်လှန်ရေးအုပ်ချုပ်နယ်မြေတို့တွင်လည်း လုံခြုံရေးအကြောင်းပြချက်နှင့် သတင်းရယူခွင့်ပြဿနာ ရှိနေသည်ဟု ၎င်းကဆက်ပြောသည်။

ထို့အပြင် အကျဉ်းထောင်အသီးသီးတွင် ဖမ်းဆီးခံထားရသည့်မီဒီယာ ၂၇ ဦးကိုခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးရန်၊ လက်နက်ကိုင် ပဋိပက္ခများအကြား သတင်းရယူခွင့်ကို လေးစားရန်နှင့် အာဏာပိုင်များအနေဖြင့် သတင်းသမားများ၏ ဘေးကင်းလုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်၊ လွတ်လပ်သော မီဒီယာများ ရေရှည်ရပ်တည်နိုင်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများကကူညီရန် စသည့်အချက်များ ပါဝင်သည်။

တော်လှန်ရေးနယ်မြေတို့တွင် သက်ဆိုင်ရာ state holder များနှင့်ဆွေးနွေးပြီး သတင်းရယူနိုင်ခွင့်နှင့် လုံခြုံရေးအတွက် သဘောတူညီမှုစာချုပ်များစွာလုပ်ဆောင်နိုင်ခဲ့ပြီး၊ စစ်အစိုးရအုပ်ချုပ်ရေးအောက်တွင် ရုန်းကန်နေရသည့်သတင်းသမားများကိုလည်း သတင်းထောက်၏ သတင်းရယူခွင့်အလုပ်သည် မည်သည့် ရာဇဝတ်မှုမှမမြောက်ကြောင်း နိုင်ငံတကာအသုံးအဝိုင်းများထံ တင်ပြပြောဆိုရန် အတတ်နိုင်ဆုံး ကြိုးစားနေသည်ဟုဆိုသည်။

ရွေးကောက်ပွဲကာလအလွန်တွင် သတင်းထောက်များ၏သတင်းရယူခွင့်နှင့် လုံခြုံရေးပိုမိုဆိုးလာနိုင်သဖြင့် ပူးပေါင်းကျော်ဖြတ်ရမည်ဖြစ်ကြောင်းလည်း IPCM မှတာဝန်ရှိသူက ပြောသည်။

အဆိုပါ နှစ်ရက်တာညီလာခံအတွင်း တာဝန်ထမ်းဆောင်မည့် အလုပ်အမှုဆောင်ကော်မတီဝင်များအဖြစ် သတင်းဌာနကိုယ်စားပြု ၉ ဦး၊ အလွတ်တန်းသတင်းထောက် ၃ ဦးနှင့် သတင်းမီဒီယာကျွမ်းကျင်သူ ၂ ဦး စုစုပေါင်း ၁၄ ဦးတို့ တက်ရောက်သည့် IPCM အဖွဲ့ဝင်များမှ မဲပေးရွေးချယ်ခဲ့ကြသည်။

၂၀၂၃ ခုနှစ်အတွင်း စတင်ဖွဲ့စည်းခဲ့သည့် IPCM သည် မြန်မာ့မီဒီယာလွတ်လပ်ခွင့်နှင့် ကျင့်ဝတ်ဆိုင်ရာ ကိစ္စရပ်များကိုအဓိကဆောင်ရွက်နေပြီး၊ လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှု တားဆီးရေးမူဝါဒနှင့် ဌာနတိုင်းရင်းသားဘာသာစကားမီဒီယာများကိုလည်း အတည်ပြုခဲ့ကြသည်။

ပုံ-Frontier Myanmar 

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts