spot_img
Friday, January 23, 2026
More
    spot_img
    Homeသတင်းကျိုက္ခမီပင်လယ်ကမ်းခြေရှိ မီးပြတိုက်အနီးတွင် သင်္ဘောများဖြင့် စက်သုံးဆီဖြန့်ဖြူးခြင်းများ စတင်လုပ်ဆောင်

    ကျိုက္ခမီပင်လယ်ကမ်းခြေရှိ မီးပြတိုက်အနီးတွင် သင်္ဘောများဖြင့် စက်သုံးဆီဖြန့်ဖြူးခြင်းများ စတင်လုပ်ဆောင်

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဇန်နဝါရီ ၂၀၊ ၂၀၂၆။

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့ ပင်လယ်ကမ်းခြေရှိ မီးပြတိုက်အနီးတွင် သင်္ဘောကြီးများဖြင့် စက်သုံးဆီဖြန့်ဖြူးခြင်းလုပ်ငန်းများကို လက်ရှိတွင် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ဒေသခံများ၏ အတည်ပြုပြောကြားချက်အရ သိရသည်။

    ယခင်က ပြည်ပသင်္ဘောကြီးများမှတစ်ဆင့် သင်္ဘောငယ်များဖြင့် စက်သုံးဆီဖြန့်ဖြူးခြင်းကို  မုဒုံမြို့နယ် ကတုံးပေါ်ကျေးရွာရှိ Puma International Port Terminal ဆိပ်ကမ်းတွင် ဖြန့်ဖြူးလေ့ရှိသော်လည်း ပြီးခဲ့သည့် ၂၀၂၅ ဒီဇင်ဘာ ၁၂ ရက်နေ့မှစ၍ ၂၀၂၅ မေလ ၁၈ အထိ ကျိုက္ခမီမြို့ ပင်လယ်ကမ်းခြေရှိ မီးပြတိုက်အနီးကို ယာယီအပြည်ပြည်ဆိုင်ရာ စက်သုံးဆီတင်ချဆိပ်ကမ်းအဖြစ် အသုံးပြုသွားမည်ဖြစ်သည်ဟု စစ်ကော်မရှင်အဖွဲ့မှ ကြေညာထားသည်။

    ဇန်နဝါရီလ အစပိုင်းမှစ၍ ကျိုက္ခမီမြို့ရှိ မီးပြတိုက်အနီးတွင် သင်္ဘောငယ်များဖြင့် စက်သုံးဆီများကို ပြန်လည်တင်ဆောင်ကာ မုဒုံမြို့နယ် ကတုံးပေါ်ကျေးရွာရှိ Puma International Port Terminal ဆိပ်ကမ်းသို့ ဆက်လက်ပို့ဆောင်နေကြောင်းလည်း သိရသည်။

    “အဲနေရာက မြို့ရဲ့အစွန်းဖျားပေါ့ ပင်လယ်နဲ့ပိုနီးတယ်။ မီးပြတိုက်အနီးဆိုတော့ ပင်လယ်ရေကြောင်းပိုအဆင်ပြေတာပေါ့။ လောလောဆယ်တော့ဆီသင်္ဘောတွေ ဝင်နေ ထွက်နေတာပဲ။ ဆီလာပို့တဲ့သင်္ဘောကြီးဝင်လာရင် ရပ်ထားပြီး၊ သင်္ဘောငယ်တွေနဲ့ လာသယ်နေကြတာပဲ။ မုဒုံ ကတုန်းပေါ်ဆိပ်ကမ်းဆီတွေက ဒီကနေလာယူတာ ” ကျိုက္ခမီမြို့ ပင်လယ်ကမ်းခြေအနီးတွင် နေထိုင်သူတစ်ဦးက ပြောသည်။

    ယင်းကဲ့သို့ စက်သုံးဆီဖြန့်ဖြူးခြင်းလုပ်ငန်းကို ပင်လယ်ကမ်းခြေအနီးတွင် ဆောင်ရွက်နေခြင်းကြောင့် ပင်လယ်ရေညစ်ညမ်းမှု၊ စက်သုံးဆီယိုစိမ့်မှုများ ဖြစ်ပေါ်လာနိုင်ခြေအပေါ် ဒေသခံများက စိုးရိမ်နေကြောင်း သိရသည်။

    ဒေသခံ ငါးဖမ်းသမားများအဆိုအရ စက်သုံးဆီဖြန့်ဖြူးခြင်းလုပ်ဆောင်စဉ် မတော်တဆမှုများ ဖြစ်ပေါ်လာပါက ပင်လယ်အတွင်းသို့ စက်သုံးဆီ ယိုစိမ့်မှုဖြစ်နိုင်ပြီး ငါးဖမ်းလုပ်ငန်းများနှင့် ပင်လယ်သယံဇာတများကို ထိခိုက်စေနိုင်ကြောင်း ဆိုသည်။

    ထို့အပြင် ကျိုက္ခမီမြို့ ပင်လယ်ကမ်းခြေသည် ဒေသခံများ၏ အခြေခံအသက်မွေးဝမ်းကျောင်းဖြစ်သော ငါးဖမ်းလုပ်ငန်းနှင့် ခရီးသွားလည်ပတ်ရေးအတွက် အရေးပါသည့် နေရာဖြစ်သဖြင့် စက်သုံးဆီတင်ချ လုပ်ငန်းများကြောင့် ပတ်ဝန်းကျင်ပျက်စီးမှု ဖြစ်ပေါ်လာပါက ဒေသခံလူနေမှုဘဝအပေါ် ထိခိုက်လာနိုင်ကြောင်းလည်း ဆိုသည်။

    “ပင်လယ်ကမ်းခြေအနီးမှာ ဆီတင်ချနေတာဖြစ်တဲ့အတွက် အနည်းငယ်ပဲ ယိုစိမ့်သွားရင်တောင် ပင်လယ်ရေနဲ့ ငါးဖမ်းလုပ်ငန်းတွေကို ထိခိုက်လာနိုင်ပါတယ်။ ဒီနေရာက ဒေသခံတွေ အားလုံးရဲ့ အသက်မွေးဝမ်းကျောင်းနဲ့ ဆက်စပ်နေတဲ့ နေရာဖြစ်လို့ ပတ်ဝန်းကျင်ကာကွယ်ရေးကို ပိုပြီး ဂရုစိုက်စေချင်ပါတယ်” ဟု ကျိုက္ခမီမြို့ ပင်လယ်ကမ်းခြေတွင် ငါးဖမ်းနေသည့် အမျိုးသားတစ်ဦးက ပြောသည်။

    ထို့ကြောင့်  ပတ်ဝန်းကျင်ကာကွယ်ရေး အစီအမံများကို တင်းကြပ်စွာ ဆောင်ရွက်ပေးရန်နှင့် မတော်တဆမှုများ ဖြစ်ပေါ်လာပါက ချက်ချင်းတုံ့ပြန်နိုင်ရေး စီမံချက်များကို ပြည်သူလူထုအား ရှင်းလင်းထုတ်ပြန်ပေးရန် လိုအပ်ကြောင်း ဒေသခံများက တောင်းဆိုနေကြသည်။

    သက်ဆိုင်ရာ စစ်ကော်မရှင်၏ ပြည်ထောင်စုအဆင့် ဌာနဆိုင်ရာမှခွင့်ပြုထားသည့် အဆိုပါ အပြည်ပြည်ဆိုင်ရာ စက်သုံးဆီယာယီဆိပ်ကမ်းကို ကျိုက္ခမီမြို့အနီး ပင်လယ်ပြင်ရှိ မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၃ ဒသမ ၀၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၃၁ ဒသမ ၁၈၇ မိနစ်ရှိ တည်နေရာကို သတ်မှတ်ထားခြင်းဖြစ်သည်။

    မွန်ပြည်နယ်တွင် စက်သုံးဆီ ဖြန့်ဖြူးရေးစနစ် နည်းမမှန်မှုကြောင့်  ဆီပြတ်လပ်မှုများ မကြာခဏဖြစ်ပွားနေပြီး အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များထက် ဈေးနှုန်းကြီးမြင့်၍ ဝယ်ယူအသုံးပြုနေရကြောင်းလည်း သိရသည်။

    ပုံ-IMNA

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts