Wednesday, March 11, 2026
More
    spot_img
    Homeသတင်းမုဒုံ- ရေလယ် -ဘုရားသုံးဆူလမ်းပိုင်းကို ညပိုင်းသွားလာခြင်းကန့်သတ်

    မုဒုံ- ရေလယ် -ဘုရားသုံးဆူလမ်းပိုင်းကို ညပိုင်းသွားလာခြင်းကန့်သတ်

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ၊ ဇန်နဝါရီလ ၁၉၊ ၂၀၂၆။

    မွန်နှင့်ကရင်ပြည်နယ်ကို ဆက်သွယ်ထားသည့် မုဒုံ-ရေလယ်-ဘုရားသုံးဆူလမ်းပိုင်းကို ည ၇ နာရီမှ နံနက် ၆ နာရီအထိ ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များက ကန့်သတ်ထားကြောင်း ဒေသခံနှင့် ယာဉ်မောင်းများက IMNA သို့ ပြောသည်။

    လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် ဇန်နဝါရီလ ၁၈ ရက်နေ့မှစတင်ပြီး ည ၇ နာရီမှ နံနက် ၆ နာရီအထိ ဖြတ်သန်းသွားလာခွင့် ကန့်သတ်ထားခြင်းဖြစ်ပြီး စစ်ဆေးရေးဂိတ်နေရာများတွင် သတိပေးကြေညာစာများကပ်ထားသည့်အပြင် ခရီးသွားပြည်သူများကိုလည်း အသိပေးပြောဆိုထားသည်။

    Screenshot

    လာမည့် ဇန်နဝါရီ ၂၅ ရက်နေ့ ရွေးကောက်ပွဲအပိုင်း (၃) တွင် ကျင်းပရန်ပါဝင်သည့် ကြာအင်းဆိပ်ကြီးမြို့နယ်ကို ဒေသတွင်းရှိ မွန်၊ ကရင် တော်လှန်ရေးတပ်ဖွဲ့များမှ စစ်ဆေးရေးတင်းကြပ်ထားပြီး အသွားအလာကန့်သတ်ထားခြင်းကြောင့် လမ်းခရီးကြန့်ကြာနိုင်ကြောင်းလည်း ဘုရားသုံးဆူယာဉ်မောင်းတစ်ဦးက ပြောသည်။

    "အရင်ကတော့ ည ၈ နာရီ၊ ၉ နာရီအထိလည်း ကားတွေက ဘုရားသုံးဆူမြို့ဘက်ကို ဝင်ထွက်သွားလာနိုင်တယ်လေ။ အခုက သူတို့သတ်မှတ်ထားတဲ့အချိန်မှ မဟုတ်ရင်၊ တစ်နေရာရာမှာ နောက်ကျခဲ့ရင် ဂိတ်ဖြတ်မရတော့ဘဲနဲ့ လမ်းမှာပဲ အိပ်ကြရမယ်” ဟု မုဒုံ-ရေလဲ-ဘုရားသုံးဆူလမ်းပိုင်းတွင် ပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။

    လိုင်းကားများ၊ အိမ်စီးကားများအနေဖြင့် အမိုးအကာဖုံးအုပ်၍မောင်းနှင်ခြင်း၊ မှန်ပိတ်မောင်းနှင်ခြင်းများနှင့် အရှိန်ပြင်းစွာ မောင်းနှင်ခြင်းများ မပြုလုပ်ရန်၊ လုံခြုံရေးအရတားဆီး၍ စစ်ဆေးမေးမြန်းမှုများကို ကြည်ဖြူစွာ လက်ခံပေးရန်လည်း အသိပေးထားသည်။

    လက်ရှိအနေအထားအရ ဘုရားသုံးဆူမြို့ပြင်နှင့် အနီးတစ်ဝိုက်ဒေသများသည် ကရင်အမျိုးသားအစည်းအရုံး KNU ၏ ထိန်းချုပ်မှုဖြင့် အုပ်ချုပ်ရေးယန္တရားလည်ပတ်နေပြီး မြို့ပေါ်နေရာများကို ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA အဖွဲ့၏ ထိန်းချုပ်မှုအောက်တွင်ရှိနေကြောင်း သိရသည်။

    Screenshot

    ရွေးကောက်ပွဲကျင်းပပြီးနောက် ဘုရားသုံးဆူဒေသတွင်း အုပ်ချုပ်ရေးယန္တရားများ ပြန်လည်လည်ပတ်နိုင်ရေး စစ်ကော်မရှင်က ကြိုးပမ်းလာနိုင်သဖြင့် ကရင်အမျိုးသားအစည်းအရုံး KNU ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ကြိုတင်ပြင်ဆင်သည့်အနေဖြင့် လုံခြုံရေးတင်းကြပ်ထားခြင်းဖြစ်နိုင်ကြောင်း ဘုရားသုံးဆူမြို့မှ သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

    “ရွေးကောက်ပွဲပြီးရင်တော့ စစ်ကော်မရှင်ကနေ ဘုရားသုံးဆူဒေသကို အရင်လိုအုပ်ချုပ်ရေးယန္တရားနဲ့ ပြန်လည်ပတ်နိုင်ဖို့ ကြိုးပမ်းလာနိုင်တယ်။ ပြီးတော့ စစ်ကြောင်းတွေလည်း ဝင်ရောက်လာနိုင်တဲ့ အရိပ်အယောင်ရှိနေတယ်။ အဲကြောင့် KNU ကတော့ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ လုံခြုံရေးတိုးမြှင့်ပြီး လမ်းပိုင်းတွေကို ဖြတ်သန်းသွားလာခွင့် ကန့်သတ်လာတာ ဖြစ်တယ်"ဟု အထက်ပါ သတင်းအရင်းအမြစ်က ပြောသည်။

    ထို့အပြင် ပြည်သူများအနေဖြင့်လည်း ညပိုင်းအချိန်တွင် အရေးပေါ်ကိစ္စသွားလာရန်လိုအပ်ပါက ဒေသတွင်လုံခြုံရေးယူထားသည့် သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူများထံ အကြောင်းကြားရမည် ဖြစ်ပြီး အကြောင်းကြားခြင်းမရှိဘဲ ကန့်သတ်ချိန်အတွင်း မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များဖြင့် ဖြတ်သန်းသွားလာနေသည်ကို တွေ့ရှိပါက အရေးယူခံရနိုင်ကြောင်းလည်း သူက ဆိုသည်။

    မွန်ပြည်နယ်မှ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ကို ဆက်သွယ်သွားလာနိုင်သည့် သံဖြူဇရပ်-ဘုရားသုံးဆူ၊ ကျိုက်မရော-ဘုရားသုံးဆူ၊ မုဒုံ-ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းပိုင်းများရှိသော်လည်း လုံခြုံရေးအခြေအနေနှင့် နယ်မြေမတည်ငြိမ်မှုများကြောင့် မုဒုံ-အဘစ်-ရေလဲ-ဘုရားသုံးဆူလမ်းပိုင်းကိုသာ ခရီးသွားပြည်သူများက လက်ရှိအဓိက အသုံးပြုသွားလာနေကြရသည်။

    အဘစ်- ကြာအင်းဆိပ်ကြီးလမ်းပိုင်းတွင် ပြီးခဲ့သည့် ဇန်နဝါရီ ၁၁ ရက်နေ့ ရွေးကောက်ပွဲနေ့က မဲပေးထားသူ မုဒုံဒေသခံနှစ်ဦးကို ကရင်အမျိုးသားအစည်းအရုံး KNU မှ ဖမ်းဆီးမှု လုပ်ဆောင်ခဲ့သေးကြောင်း သိရသည်။

    ပုံ-IMNA

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks