spot_img
Friday, January 23, 2026
More
    spot_img
    Homeသတင်းမဲပေးထားသူ မုဒုံဒေသခံနှစ်ဦး နေအိမ်မရောက်ရှိဘဲ ပျောက်ဆုံးနေ

    မဲပေးထားသူ မုဒုံဒေသခံနှစ်ဦး နေအိမ်မရောက်ရှိဘဲ ပျောက်ဆုံးနေ

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဇန်နဝါရီလ ၁၉၊ ၂၀၂၆။

    မွန်နှင့် ကရင်ပြည်နယ်ကို ဆက်သွယ်ထားသည့် အဘစ်- ကြာအင်းဆိပ်ကြီးလမ်းပိုင်းတွင် ပြီးခဲ့သည့် ဇန်နဝါရီ ၁၁ ရက်နေ့ ရွေးကောက်ပွဲနေ့တွင် မဲပေးထားသူ မုဒုံဒေသခံနှစ်ဦး နေအိမ်သို့မရောက်ရှိဘဲ ပျောက်ဆုံးနေကြောင်း မုဒုံသတင်းအရင်းမြစ်များမှ သိရသည်။

    ဇန်နဝါရီ (၁၁) ရက်နေ့ ရွေးကောက်ပွဲနေ့တွင် မုဒုံမြို့နယ် ကော့ပီထော်ရွာမှ ဒေသခံအမျိုးသားတစ်ဦး အဘစ်-ကြာအင်းဆိပ်ကြီးလမ်းပိုင်းရှိ ၎င်း၏ ဥယျာဉ်ခြံသို့ သွားရောက်စဉ် ပျောက်ဆုံးနေခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်နှင့် နီးစပ်သူများက ပြောသည်။

    ရွေးကောက်ပွဲအပိုင်း (၂) ပြုလုပ်နေသည့် ဇန်နဝါရီ ၁၁ ရက်နေ့တွင် အဘစ်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းတစ်လျှောက်ကို  ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များက စစ်ဆေးရေးတင်းကြပ်ထားပြီး လက်သန်းမှင်တို့ရာကျန်နေသည့် အဆိုပါ မဲပေးထားသူ ကော့ပီထော်ဒေသခံကို ပုလိန်-အဘစ်-တောင်ဒီးရွာအကြားရှိ ကရင်အမျိုးသားအစည်းအရုံး KNU စစ်ဆေးရေးဂိတ်တစ်ခုမှ ဖမ်းဆီးထားပြီး မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP-AD ထံ အပ်နှံထားသည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။

    ဖမ်းဆီးခံရသူ ကော့ပီထော်ဒေသခံနှင့် နီးစပ်သူတစ်ဦးက “မရောက်လာသေးဘူး၊ သူကမဲပေးပြီးတော့ ခြံသွားတယ်။ လက်မှာမှင်ပေနေလို့ပဲ KNU က ခေါ်ထားတယ်၊ မွန်ဒေသခံဖြစ်နေတော့ AD ကို အပ်ထားတယ်လို့ကြားတယ်” ဟု ဆိုသည်။

    အလားတူ ထိုနေ့တွင် မုဒုံမြို့နယ်မှ ကြာအင်းဆိပ်ကြီးဘက်သို့ ပြန်လာသည့်  နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးလည်း မဲပေးထားသည့် အကြောင်းပြချက်ဖြင့် ဖမ်းဆီးခံထားရပြီး  ပျောက်ဆုံးနေကြောင်းလည်း အထက်ပါဒေသခံက ဆက်ပြောသည်။

    “နောက်တစ်ယောက်က ပေါလောကုန်းရွာခံ သူ့အဖေအိမ်က မုဒုံမှာ။ သူ့အဖေ နေမကောင်းလို့သွားကြည့်ရင်းနဲ့ မဲထည့်လာတာ ကြာအင်းအပြန်ပဲ အဖမ်းခံလိုက်ရတယ် သူတို့လည်းသာမန်အရပ်သားဆိုတော့ ဒီလိုအရေးယူခံရမှန်းမသိဘူး” ဟုပြောသည်။

     မွန်ဒေသခံဖြစ်သည့်အတွက် KNU မှ မွန်ပြည်သစ်ပါတီ NMSP-AD ထံလွှဲပြောင်းထားကြောင်း သတင်းထွက်ပေါ်နေသည့်အပေါ် NMSP-AD ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကားကို ဆက်သွယ်ရာတွင် ၎င်းတို့သိရှိထားခြင်းမရှိသေးဟု IMNA သို့ ပြောသည်။

    "အဲဒီကိစ္စ ကျနော် မသိရှိရသေးပါဘူး။ ခေါ်ထားသလား။ မခေါ်ထားသလားဆိုတာလည်း မသိရှိရသေးဘူး"ဟု ဆိုသည်။

    အဆိုပါဒေသခံနှစ်ဦးသည် သာမန်ဒေသခံများဖြစ်ကြပြီး ရက်သတ္တပတ်ကြာသည်အထိ တစ်စုံတစ်ရာ အဆက်အသွယ်မရရှိသဖြင့် မိသားစုဝင်များမှ စိုးရိမ်ပူပန်နေကြောင်းလည်း သိရသည်။

    ပြီးခဲ့သည့်ဇန်နဝါရီ ၃ ရက်နေ့တွင်လည်း ရေးမြို့နယ် အ.ထ.က(ကျောင်းရွာ)မှ ကျောင်းအုပ်ဆရာကြီး ဦးသူရထွန်းကို ရွေးကောက်ပွဲဆန့်ကျင်ရေးဥပဒေနှင့်ငြိစွန်းသည်ဟုဆိုကာ ဒေသတွင်းတော်လှန်ရေး လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်ထားသေးသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts