spot_img
Tuesday, February 17, 2026
More
    spot_img
    Homeသတင်းတစ်ပတ်အတွင်း  အယုတောင်ကျေးရွာဒေသခံနှစ်ဦး မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရ

    တစ်ပတ်အတွင်း  အယုတောင်ကျေးရွာဒေသခံနှစ်ဦး မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရ

    -

    လွတ်‌လပ်သောမွန်သတင်းအေဂျင်စီ၊ ဇန်နဝါရီ ၁၆၊ ၂၀၂၅။

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာတွင် ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း ကျေးရွာဒေသခံ နှစ်ဦး မြေမြှုပ်မိုင်းကြောင်း ထိခိုက်ဒဏ်ရရှိမှု ဖြစ်ပွားခဲ့ကြောင့် ရေးဒေသခံများ၏ ပြောပြချက်အရ သိရသည်။

     ဇန်နဝါရီ ၁၃ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်တွင် အသက် ၅၀ ဝန်းကျင်အရွယ် ဒေသခံအမျိုးသားတစ်ဦး အာယုတောင်အခြေစိုက် ခမရ- ၃၄၃ တပ်ရင်းအနီးသို့ ဝါးပင်များခုတ်လှဲနေစဉ် အနီးတစ်ဝိုက်မြှပ်နှံထားသည့် မြေမြှပ်မိုင်းအပေါ် အပင်လဲကျသဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ခန္ဓာကိုယ်အနှံ့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

    အလားတူ အသက် ၃၅ နှစ်ဝန်းကျင်ရှိ အာယုတောင်ဒေသခံခြံလုပ်သားတစ်ဦးသည် ဇန်နဝါရီ ၁၅ ရက်နေ့ နေ့လည် ၁ နာရီခွဲဝန်းကျင်တွင်  ခံသင်းတံတားအနီးရှိ ဥယျာဉ်ခြံသို့ မြက်ရိတ်သွားစဉ် မြေမြှပ်မိုင်းကို ဆိုင်ကယ်ဖြင့်တက်နင်းမိခဲ့ကြောင်း အာယုတောင် ဒေသခံတစ်ဦးက ဆိုသည်။

    “သူက သူများခြံမှာမြက်သွားခုတ်တာ ခြံပိုင်ရှင်ကသူ့ကို ငှားထားတာ။ အဲ့ကြောင့် မနေ့က သူသွားတာ ခြံသွားတဲ့လမ်းမှာ ဆိုင်ကယ်နဲ့ မြေမြှပ်မိုင်းကို နင်မိသွားတာ ခြေထောက်မှာထိများသွားတယ်။ လက်လဲ ထိသွားတယ် နဂိုကတည်းက အဲ့ဘက်မှာ သူများမသွားရဲကြဘူး။ ခြံသမားတွေက တစ်ခါတလေမှ သွားတာ။” ဟု ပြောသည်။

    မိုင်းစများ ပေါက်ကွဲလွှင့်စင်လာမှုကြောင်း လက်နှင့် ခြေထောက်တို့တွင် ထိမှန်ဒဏ်ရာရရှိခဲ့သော်လည်း ခံသင်းတပ်စခန်းမှ တပ်သားများက အဆိုပါ ဒေသခံအမျိုးသားကို တခြားနေရာသို့ ဆေးကုသခံယူခွင့်မပြုဘဲ ခံသင်းတပ်စခန်းတွင်သာ ဆေးကုသမှုခံယူစေခဲ့ကြောင်းလည်း သိရသည်။

    အာယုတောင် အခြေစိုက်တပ်ရင်းနှင့် တပ်စခန်းအနီးတစ်ဝိုက်တွင် စစ်ကော်မရှင်အဖွဲ့မှ ၎င်းတို့မြှုပ်နှံထားသည့် မြေမြှပ်မိုင်းများရှိသဖြင့် ခြံလုပ်သားများကို သွားလာခြင်း၊ ကျူးကျော်ခြင်းမပြုရန် သတိပေး ပြောဆိုထားသည်။

    သို့သော် မြေမြှုပ်မိုင်း မြှုပ်နှံထားသည့်နေရာများသည် ဒေသခံခြံလုပ်သားများ၏  ဥယျာဉ်ခြံနှင့် လုပ်ငန်း လုပ်ကိုင်ရာနေအတွင်းဖြစ်သဖြင့် လက်မခံနိုင်ကြောင်းလည်း ရေးဒေသခံတစ်ဦးက ဆိုသည်။

    “ ‌အခုဖြစ်သွားတဲ့နေရာတွေက သူတို့တပ်စခန်းမြေမဟုတ်ဘဲ ဒေသခံတွေရဲ့ခြံမှာ မြေမြှပ်မိုင်းထောင်ထားတာဆိုတော့ ဒါတွေက မဖြစ်သင့်ဘူးလေ တပ်စခန်းအနီးကတံတားအနီးမှာ မိုင်းထောင်ထားတာကို စာကပ်ပြီးတော့ ဒေသခံတွေရဲ့ ခြံမှာ ထောင်တော့ ဘာမှလဲ မပြော စာလဲမကပ်ထားဘူး သူတို့က တော်လှန်ရေးလာမှာကို ကြောက်ပြီးတော့ ဒေသခံတွေရဲ့ခြံမှာ မိုင်းလာထောင်တာ” ဟု ပြောသည်။

    ရေးမြို့နယ်သည် တော်လှန်ရေးတပ်ဖွဲ့များ လှုပ်ရှားမှုးအားကောင်းသည့် နယ်မြေဖြစ်ပြီး တပ်ရင်းအနီးတစ်ဝိုက်ကို တော်လှန်ရေးအဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခြင်း မလုပ်ဆောင်နိုင်ရန် စစ်ကော်မရှင် တပ်သားများက မြေမြှုပ်မိုင်းထောင်ထားခြင်း ဖြစ်သည်။

    ရေးမြို့နယ်တွင် စစ်ကော်မရှင်တပ်ရင်း သို့မဟုတ် တပ်စွဲနေထိုင်လေ့ထိုင်ထားသည့် နေရာအနီးတစ်ဝိုက်တွင် ဒေသခံများ မြေမြှပ်မိုင်း နင်းမိမှု မကြာခဏဖြစ်ပွားနေသည်။

    လွတ်လပ်သော မွန်သတင်းအေဂျင်စီမှ အချက်အလက်အရ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်တွင် မွန်ပြည်နယ်အတွင်း မြေမြှပ်မိုင်းနင်းမိ ပေါက်ကွဲမှုဖြစ်စဉ် ၃ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး အမျိုးသား ၁ ဦး သေဆုံးကာ အမျိုးသား ၁ ဦးနှင့် မျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာပြင်းထန်ရရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks