လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဇန်နဝါရီ ၁၉၊ ၂၀၂၅။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ လှိုင်ရတနာမြို့သစ်စီမံကိန်းအနီးရှိ ငါးကန်ဟောင်းရေအိုင်တွင် ပြင်းထန်ဒဏ်ရာများဖြင့် သေဆုံးနေသူ အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ယမန်နေ့ ဇန်နဝါရီ ၁၈ နံနက်ပိုင်း ၆ နာရီအချိန်ခန့်၌ တွေ့ရှိခဲ့ကြောင်း မြို့ခံများမှသိရသည်။
အဆိုပါ အမျိုးသား၏ အလောင်းတွင် လည်ပင်းပြတ်ရှဒဏ်ရာ၊ ဦးခေါင်း၊ မျက်နှာနှင့် နားထင်တစ်ဝိုက်တွင် ကြေမွဒဏ်ရာများဖြင့် ငါးကန်ဟောင်းရေအိုင်အတွင်း မှောက်လျှက်အနေအထားဖြင့် သေဆုံးနေခဲ့သည်ဟု မျက်မြင်တွေ့ရှိသူ မြို့ခံတစ်ဦးက ဆိုသည်။

“သူ့ကိုတွေ့တုန်းကတော့ ရေကန်ထဲမှာ မှောက်ပြီးတော့ သေနေတယ် ဦးခေါင်း နဲ့မျက်နှာက ဒဏ်ရာတွေ အများကြီး တွေ့ရတယ်၊ လည်ပင်းမှာလဲ ဓားနဲ့လှီးခံရတဲ့ဒဏ်ရာရှိတယ် အလောင်းကို ကြည့်ရတာ မကြာသေးဘူး၊ သူက အနီးအနားကပဲလိုပြောကြတာပဲ ရဲတွေစုံစမ်းနေတုန်းပဲ လူသတ်မှုဖြစ်နိုင်ခြေများတယ် ဒါပေမဲ့ အတိအကျမသိသေးဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။
ငါးကန်ဟောင်းရေအိုင်အတွင်း တွေ့ရှိခဲ့ရသည့် ရုပ်အလောင်းသည် လှိုင်ရပ်ကွက်၊ အုတ်ဖိုမြို့ပတ်လမ်းတွင် နေထိုင်သူ အသက် (၄၂) နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ကြောင်းလည်း ဆိုသည္။
၎င်းရုပ်အလောင်းအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးများ စစ်ဆေးမှုများလုပ်ဆောင်ခဲ့ပြီးနောက် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးရှိရင်ခွဲရုံသို့ ရာမညအရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မော်လမြိုင်မြို့ပေါ်တွင် လူသတ်မှူဖြစ်စဉ်သည် မကြာခဏ ဖြစ်ပေါ်လေ့ရှိပြီး မြို့ခံများ၏ နေ့စဉ်လုံခြုံရေးအတွက် စိုးရိမ်းနေရသည့်အပြင် တရားဥပဒေစိုးမိုးရေး အားနည်းလွန်းနေသဖြင့် လူသတ်မှုကျူးလွန်ခံရသူ အများအပြားတို့ ရဲစခန်း သို့မဟုတ် သက်ဆိုင်ရာတာဝန်ရှိသူများထံ သွားရောက်တိုင်ကြားလိုခြင်းမရှိကြောင်း မြို့ခံအမျိုးသားက ဆက်ပြောသည်။
“ဒီလိုလူသတ်မှူက ခနခနဖြစ်တယ် ဒါပေမဲ့ သတ်တဲ့သူတွေ ဖမ်းဆီးခံရတာနည်းတယ်၊ နေထိုင်ရတာလဲ မလုံခြုံနေဘူး ပြောရရင် အိမ်မှာပဲ နေနေ ဘယ်နေရာပဲနေနေ ကိုယ့်ရဲ့စိတ်မှာ လုံခြုံမှု မရှိနေဘူး တရားဥပဒေစိုးမိုးမှူလဲ အားနည်းနေတာကြောင့်ပေါ့ ဖြစ်တဲ့သူတော်တော်များများက မတိုင်ကြဘူး တိုင်လဲအလကားပဲ ဖြစ်နေတယ် တရားခံကို ဖမ်းလို့မှမရတာ ဒါပေမဲ့ တချို့ပိုက်ဆံရှိတဲ့သူတွေ အမှူဖွင့်လိုက်ရင် မကြာဘူး တရားခံကို မိတော့တာပဲ” ဟု မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလဆန်းပိုင်းကလည်း မော်လမြိုင်မြို့ ၊ အောက်ကျင်းရပ်ကွက်၊ မြို့ရှောင်လမ်းနေ အသက် (၇၀) နှစ်အရွယ်ခန့်ရှိ အငြိမ်းစားကျောင်းဆရာမတစ်ဦးလည်း သတ်ဖြတ်ခံထားရသည့်အပြင် ရွှေထည်ပစ္စည်းများပါ လုယက်ခံထားရပြီး ကျူးလွန်သူများကို ယနေ့အထိ ဖမ်းဆီးရမိခြင်းမရှိသေးပေ။
ပုံ-ရာမည လူမှုကယ်ဆယ်ရေး



