spot_img
Tuesday, February 17, 2026
More
    spot_img
    Homeသတင်းမွန်ဒေသခံပြည်သူများ၏ စစ်ကော်မရှင် ရွေးကောက်ပွဲအတွေ့အကြုံနှင့် သဘောထားများ

    မွန်ဒေသခံပြည်သူများ၏ စစ်ကော်မရှင် ရွေးကောက်ပွဲအတွေ့အကြုံနှင့် သဘောထားများ

    -

    စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပိုင်း (၁) ကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့က မွန်ပြည်နယ်ရှိ (၅)မြို့နယ်တွင် စတင်ကျင်းပခဲ့ပြီး အပိုင်း (၂) ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့က မွန်ပြည်နယ်ရှိ (၅) မြို့နယ်တွင် ထပ်မံကျင်းပခဲ့သဖြင့် စစ်ကော်မရှင်၏ မွန်ပြည်နယ်ရွေးကောက်ပွဲ အောင်မြင်ပြီးစီးခဲ့သည်ဟု ဆိုနိုင်ပေသည်။

    ပေါက်ကွဲမှုနှင့် ပစ်ခတ်မှုများကြား အတင်းအကြပ်ဆောင်ရွက်ခဲ့သည့် စစ်ကော်မရှင်ရွေးကောက်ပွဲ အပိုင်း(၁) နှင့် အပိုင်း (၂) နှစ်ခုလုံးတွင် မဲပေးသူရာခိုင်နှုန်း (၃၉) ရာခိုင်နှုန်းဝန်းကျင်သာ ရှိခဲ့ကြောင်းလည်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

    မွန်ဒေသခံပြည်သူများသည် ပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်များကို အားပေးထောက်ခံလို၍ မိမိသဘောဆန္ဒအလျောက် သွားရောက်မဲပေးသူများရှိသလို လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် အတင်းအကြပ် မဲပေးခဲ့ရသူများလည်းရှိကြောင်း IMNA သတင်းအရင်းမြစ်များက ပြောသည်။

    စစ်ကော်မရှင်၏ ရွေးကောက်ပွဲသို့ ဆန္ဒမဲသွားရောက်ပြုခဲ့သူများ၏ အတွေ့အကြုံစကားသံများနှင့်အတူ ဆန္ဒမဲမပြုသူ မွန်ဒေသခံပြည်သူများ၏ သဘောထားများကိုလည်း လွတ်လပ်သောမွန်သတင်းအေဂျင်စီ(IMNA )မှ စုစည်းတင်ဆက်လိုက်သည်။

    သံဖြူဇရပ်မြို့မှ ဆန္ဒမဲပေးသူ အမျိုးသမီးတစ်ဦး

    မဲမထည့်ခင်တစ်ရက်အလိုကတည်းက အိမ်ထဲကနေ အပြင်ကို မပေးထွက်ဘူး။ မဲထည့်တဲ့ရက်ရောက်တာနဲ့ သူကြေငြာတယ် မဲရုံဖွင့်ပြီး မဲလာထည့်လို့ရပြီးဖြစ်တဲ့ကြောင်း အဲ့ခါကျမှ အိမ်အပြင်ထွက်လို့ရတာ၊ ပြီးတော့ မဲပေးဖို့နေရာလုပ် ထားတာကလည်း ရှုပ်နေတာပဲ၊ အချို့ကျတော့လည်း နားမလည်ကြဘူးလေ။ တွေ့သမျှခလုတ်နှိပ် ထည့်တာပဲ။ သေးသေးလေးတွေစီထားတာ့ နှိပ်ချင်တာပဲ နှိပ်လိုက်တယ်။ ပါတီစုံရဲ့နာမည်ဘေးနားမှာ ခလုတ်ထားထားပေးတာ။ နောက်တစ်ခုက မဲသွားထည့်တဲ့အချိန် တစ်ခုခုဖြစ်မှာလည်း စိတ်ပူရတယ်။ မဲသွားထည့်တာကလည်း ထည့်ချင်လို့မဟုတ်ဘူး။ ကိုယ်က သွားမထည့်ရင်လည်း ဒလံတွေကကိုယ့်ကို ဓာတ်ပုံရိုက်ပြီး သွားတိုင်မှာလည်းကြောက်ရတယ်။ ပြဿနာရှာမှာကြောက်လို့ မဖြစ်မနေသွား ရတာပေါ့ကွယ်။

    မော်လမြိုင်မြို့မှ ဆန္ဒမဲပေးသူ အမျိုးသားတစ်ဦး

    မဲရုံထဲဝင်သွားပြီးဆိုရင် အရင်ကလုပ်ငန်းစဉ်အတိုင်းပဲ၊ မှတ်ပုံတင်ပြရတယ်၊ မဲစာရင်းထုတ်ရတယ်၊ ပြီးရင်မဲစာရင်းနံပါတ်တိုက်ရတယ်။ မဲပေးတဲ့ချိန်မှာ ကိုယ်မဲပေးတဲ့ ပါတီရဲ့ခလုတ်ကို နှိပ်လိုက်ရင်ရပြီး။ ၂၀၂၀တုန်းကဆို ရေးယူရတယ်လေ၊ ဘောင်ကျော်သွားတာတို့ ဘာတို့ဆို ပယ်မဲဖြစ်သွားတာများတယ်။ ဒေါင်းပုံနဲ့ ဟင်္သာပုံလည်း မသဲကွဲကြတော့ မှားကြတယ်။ ခုပုံစံက ပိုပြီးအဆင်ပြေသေးတယ်။ အချို့ကျတော့ အခက်အခဲရှိကြတယ်။ ပုံစံအသစ်ဆိုတော့လေ ဘယ်လိုလုပ်ရမလဲ၊ ဘယ်လိုနှိပ်ရမလဲ၊ ဘာနှိပ်မိမှန်း လည်းမသိတဲ့သူတွေရှိတယ်။ မော်လမြိုင်မှာတော့ နယ်မှာထက် မဲလာပေးကြတဲ့သူတွေများတယ်။ ရပ်ကွက်တွေလှည့်ကြည့်ရသလောက်တော့မဲရုံးတိုင်းကလူပြည့်နေကြတယ်။ နောက်တစ်ခုက Digital System နဲ့ မဲပေးတာက ကောင်းတယ်ဆိုပေမယ့် ဒီမဲတွေကို ဘယ်လို ပြန်စစ်ဆေးရမလဲ၊ ဘယ်လိုပြန် ကြည့်ရမလဲဆိုတာ ကျနော်တို့ပြည်သူအနေနဲ့ရော ကိုယ်စားလှယ် လောင်းအနေနဲ့ရောသိခွင့်မရှိဘူး။ ဒါတွေက စဉ်းစားရမယ့်အချက်တစ်ခုပေါ့နော်။

    ရေးမြို့နယ်မှ ဆန္ဒမဲမပေးသူ ဒေသခံအမျိုးသမီးတစ်ဦး

    ကျမက မဲသွားမထည့်ထားဘူး။ ဘာလို့သွားမပေးလဲဆိုရင် မကြိုက်လို့ အယုံအကြည်မရှိလို့ကို သွားမထည့်တာ၊ အရင် ၂၀၂၀ ခုနှစ်တုန်းက မဲပေးခဲ့တယ်။ ဒါမဲ့ သူတို့နေရာမပေးခဲ့ဘူး။ အခြားပါတီတွေနိုင်တော့ သူတို့အတွက်နေရာမရှိလို့ မဲမသမာမှုနဲ့အာဏာသိမ်းလိုက်တယ်။ ခုတခါထပ်ပေးလည်း သူတို့အတွက်ပဲ ဖြစ်သွားမှာလေ ဘာထူးလာမှာမို့လို့လဲ၊ ဒီရွေးကောက်ပွဲကလည်း သူတို့ နေရာရဖို့အတွက် မဖြစ်မနေကျင်းပနေရတာလေ၊ ပေးလည်းမထူး၊ မပေးလည်းမထူးဘူး။ သူ့ကို မကြိုက်လို့ အကုန်လုံးတော်လှန်နေကြတာ။ အဲ့တာကို သူကျင်းပတဲ့ရွေးကောက်ပွဲကို မဲသွားထည့် စရာလား၊ အကုန်လုံးက အတုအယောင်တွေချည်းပဲလေ၊ တရားမျှတမှုမရှိတဲ့ အယုံအကြည်မရှိတဲ့ ရွေးကောက်ပွဲမို့လို့ သွားမပေးတာ။

    မုဒုံမြို့နယ်မှ ဆန္ဒမဲပေးသူအမျိုးသားတစ်ဦး

    ကျနော်တို့ ပြည်သူရဲ့ အနာဂတ်အတွက်ကြည့်ရင်တော့ ထည့်သင့်တယ်လို့ မြင်တယ်။ မဲထည့်လိုက်ပေမဲ့လည်း နေရာပေးတာမပေးတာက သူတို့(စစ်ကော်မရှင်)နဲ့ပဲ သက်ဆိုင်တယ်။ အကယ်လို့ နေရာရလာပြီး သူတို့လည်း အခွင့်အရေး ပေးမယ်ဆိုရင် ခရီးမရောက်ဒေသတွေမှာ ခရီးရောက်သွားအောင် အဲ့အဓိပ္ပာယ်ပေါ့၊ ခရီးရောက်တယ် ဆိုတာက လမ်း၊တံတား အစရှိသဖြင့်ပေါ့လေ၊ ရည်မှန်းချက်ကတော့ ဟိုလိုဒီလို မရှိပါဘူး။ လက်နက်ကိုင်ပြီးမတော်လှန်ရင် ဘာမှမဖြစ်လာဘူးဆိုတာလည်း ကောင်းကောင်းသိတယ်။ ဒါပေမဲ့ ကျနော့် အမြင်ကတော့ နေရာနည်းနည်းရှိရင် နည်းနည်းကောင်းလာမလားလို့လေ၊ ဒါမဲ့ သူ့အမြင် ကိုယ့်အမြင် လည်းရှိသေးတော့ သဘောထားတွေတော့ ကွဲလွဲနိုင်ပါတယ်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks