ထိုင်းနိုင်ငံ၊ နခွန်ရာချာစီမားခရိုင် စီခီမြို့နယ် ဘန်သနွန်ခေါ့ကျေးရွာတွင် ဆောက်လုပ်ဆဲ အမြန်နှုန်းမြင့်ရထားလမ်းစီမံကိန်းအတွက် အသုံးပြုနေသည့် ဆောက်လုပ်ရေးကရိန်းတစ်စင်း မောင်းနှင်းလာသည့် ရထားတစ်စင်းပေါ် ပြိုကျပိမိမှုကြောင့် ခရီးသည် ၂၂ ဦးသေဆုံးကာ ၄၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဖော်ပြချက်များအရ သိရသည်။
ဘန်ကောက်မြို့မှ ဥဘွန်ရတ်ချဌာနီမြို့သို့ မောင်းနှင်လာသည့် အမှတ် (၂၁) ခရီးသည်တင်ရထားသည် စီခီယူမြို့နယ်အတွင်း ဖြတ်သန်းမောင်းနှင်နေစဉ် ဘန်သနွန်ခေါ့ကျေးရွာအရောက် ယနေ့နံနက် ၉ နာရီ ၅ မိနစ်တွင် ဆောက်လုပ်ရေးကရိန်းတစ်စင်းမှ မထင်မှတ်ပဲ ရထား၏တတိယတွဲပေါ်သို့ ပြိုကျခဲ့ခြင်းဖြစ်သည်။
ပြိုကျမှုကြောင့် မောင်းနှင်နေဆဲရထားသည် လမ်းချော်ကာ တိမ်းမှောက်သွားခဲ့ပြီး မီးလောင်မှုလည်း ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
ထိုင်းအဏာပိုင်များ၏ ပြောကြားချက်အရ ထိုင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များက အခင်းဖြစ်ပွားရာနေရာသို့ အမြန်ရောက်ရှိကာ ဖြတ်တောက်၊ ဖြန့်ထုတ်စက်ကိရိယာများ အသုံးပြု၍ ပိတ်မိနေသူအချို့ကို ကယ်ထုတ်ခဲ့ကြပြီး ရထားအပျက်အစီးအတွင်းမှ သေဆုံးသူ ၂၂ ဦး၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့သည်ဟု သိရသည်။
ထို့အပြင် ဒဏ်ရာရသူများလည်း ၄၀ ဦးကျော်ရှိပြီး အဆိုဒဏ်ရာရသူများကို စီခီယူဆေးရုံ၊ ဆုန်နိုင်းဆေးရုံနှင့် မဟာရာဇ နခွန်ရာချစီမာဆေးရုံများသို့ ပို့ဆောင်ကုသခဲ့ကြောင်း သိရသည်။
အဆိုပါရထားတွင် ခရီးသည် ၂၀၀ ခန့်ပါရှိပြီး အများစုသည် ကျောင်းသားများနှင့် အလုပ်သမားများကြောင်း သိရသည်။







