spot_img
Wednesday, February 18, 2026
More
    spot_img
    Homeသတင်းဝင်းစိန်တောရကျောင်းဆရာတော် သက်တော် (၁၀၅) နှစ်ပြည့်မွေးနေ့ပွဲ လူပေါင်းသောင်းနှင့်ချီစည်ကားခဲ့

    ဝင်းစိန်တောရကျောင်းဆရာတော် သက်တော် (၁၀၅) နှစ်ပြည့်မွေးနေ့ပွဲ လူပေါင်းသောင်းနှင့်ချီစည်ကားခဲ့

    -

    ပျော်ပွဲရွှင်ပွဲနှင့် ဖျော်ဖြေရေးမပါဝင်ဘဲ ဘာသာရေးအစီအစဉ်ဖြင့်သာ ကျင်းပပြုလုပ်ခဲ့သည့် ဝင်းစိန်တောရကျောင်း ဆရာတော်၏ သက်တော် (၁၀၅) နှစ်ပြည့်မွေးနေ့ပွဲတွင် လူပေါင်းသောင်းကျော်အထိ စည်ကားခဲ့ကြောင်း ကျောင်းတာဝန်ရှိသူများမှ IMNA သို့ ပြောသည်။

    အရှည်အတောင် (၄၀၀) ရှိ ကမ္ဘာ့အရှည်ဆုံး လျောင်းတော်မူဗုဒ္ဓရုပ်ပွားတော်ကို တည်ထားခဲ့သူ ဝင်းစိန်ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက “ဘဒ္ဒန္တကေသရ” ၏ သက်တော် (၁၀၅) နှစ်ပြည့်မွေးနေ့တော်ကို ယမန်နေ့ ပြာသိုလဆုတ် ၁၀ ရက် ဇန်နဝါရီလ ၁၂ ရက်နေ့၌ ကျင်းပခဲ့သည်။

    ဆရာတော်၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ဘာသာရေးအစီစဉ်များကိုသာ အဓိက ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရပ်နီးရပ်ဝေးမှသံဃာတော်အပါး ၇၀၀ ခန့်ကြွရောက်ပြီး လူပေါင်းသောင်းနဲ့ချီ လာရောက်ခဲ့သည်ဟု ဝင်းစိန်ကျောင်းဆရာတော် အရှင်တိက္ခဆရာတော်မှ IMNA သို့ မိန့်ကြားသည်။

    “ ဒီနှစ်ဘုရားပွဲလာတဲ့ဦးရေက မှန်းလို့မရနိုင်အောင်များပါတယ်၊ အရင်နှစ်တွေထက် စည်ကားပါတယ်၊ စတုဒီသာက ပြာသိုလဆုတ် ၁၀ ရက်တစ်ရက်တည်းပဲ၊ ဒီနှစ်ကအလှူအတန်းတစ်ခုတည်းသာ ပြုလုပ်တဲ့ ပွဲတော်တစ်ခုပဲဖြစ်တယ်၊ ရပ်နီးရပ်ဝေးမှ သံဃာတော် ၇၀၀ လောက်ကြွကြတယ် ၊ဖျော်ဖြေရေးပွဲလမ်းသဘင် မရှိပါဘူး၊နေ့ဘက်အလှူအတန်းလောက်ပဲ၊ လာရောက်လှူဒါန်းတဲ့ အလှူရှင်တွေဆို တစ်နှစ်ထက်တစ်နှစ် ပိုများလာပါတယ်”ဟု မိန့်သည်

    ဘုရားဖူးဧည့်သည်များအား ကျွေးမွေးရန် စတုဒီသာမဏ္ဍပ် ၄၆ ခု စီစဉ်ထားပြီး၊ ပင့်ကျောင်း (၁၃၀) ကျောင်းမှ ဆရာတော်များကို ဆွမ်းကပ်လှူခြင်းနှင့် လှူဖွယ်ပစ္စည်းများအပြင် နဝကမ္မဝတ္ထုငွေကို တစ်ကျောင်းလျှင် ၁၇၀၀၀၀ ကပ်လှူခဲ့သည်ဟု အရှင်တိက္ခမှ မိန့်သည်။

    မွန်လူမျိုးတစ်ဦးဖြစ်သူ ဝင်းစိန်တောရဆရာတော်သည် သက်တော် (၅၀) နှစ်တွင် ရဟန်းဝတ်ခဲ့ပြီး သက်တော် ၉၄ နှစ် သိက္ခာတော် ၄၄ ဝါ၊ ကဆုန်လဆုတ် ၉ ရက် ၊ ၂၀၀၅ ခုနှစ် ၄ လပိုင်း၊ ၂၆ ရက်နေ့၌ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။ ယနေ့အထိ သက်ရှိထင်ရှားရှိပါက သက်တော် (၁၀၅) နှစ်သို့ ပြည့်မြောက်မည်ဖြစ်ကြောင်းလည်း သိရသည်။

    ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်ကြီးကိုတည်ထားသူ မွန်သင်္ဃာတော်တစ်ပါးအဖြစ် ပြည်တွင်းပြည်ပအထိ ထင်ရှားသိမြင်သူများပြီး ဆရာတော်ကြီး ပျံလွန်တော်မူပြီးဖြစ်သော်လည်း ရုပ်ကလာဘ်တော်ကို တောရကျောင်းတိုက်အတွင်း၌ စံကျောင်းတော်ဖြင့် ပူဇော်ထားရှိထားကြောင်း သိရသည်။

    ထို့အပြင်ဝင်းစိန်သာသနာ့မြေအတွင်း အတောင် ၇၀ အမြင့်ရှိ ရှင်ဥပဂုတ်မထေရ်မြတ်ရုပ်ပွားတော်တဆူနှင့် ဆရာတော်၏ဇာတိရွာဖြစ်သည့် မုဒုံမြို့နယ် လက်တက်ကျေးရွာအဝင်ဝတွင်လည်း အတောင် ၁၈၀ ရှိ ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကိုလည်း တည်ထားခဲ့သေးသည်။

    ပြာသိုလဆုတ် ၁၀ ရက်နေ့တွင် ကျရောက်သည့် ဝင်းစိန်တောရဆရာတော်၏ မွေးနေ့ပွဲကို  ယခင်က ဇာတ်သဘင်၊ဖျော်ဖြေပွဲအပြင်၊ လက်ဝှေ့ပွဲတို့ဖြင့် ပျော်ပွဲရွှင်ပွဲများ ထည့်သွင်းကျင်းပခဲ့သော်လည်း ကိုဗစ်ကာလ နောက်ပိုင်းတွင် ဘာသာရေးအစီအစဉ်များဖြင့်သာ ပြုလုပ်ခဲ့သည်။

    ပုံ-Soe Min

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks