spot_img
Sunday, February 1, 2026
More
    spot_img
    Homeဆောင်းပါးမြန်မာ့နိုင်ငံရေးမတည်ငြိမ်မှု နှင့် စီးပွားရေးစိန်ခေါ်မှုများကို ယနေ့ရွေးကောက်ပွဲ ရလဒ်ဖြင့် ထွက်ပေါက်ရှာနိုင်မည်လော ...

    မြန်မာ့နိုင်ငံရေးမတည်ငြိမ်မှု နှင့် စီးပွားရေးစိန်ခေါ်မှုများကို ယနေ့ရွေးကောက်ပွဲ ရလဒ်ဖြင့် ထွက်ပေါက်ရှာနိုင်မည်လော …

    -

    မင်းဟံသာမွန် (နိုင်ငံရေးဘောဂ Political Economy လေ့လာသူတစ်ဦး)

    စစ်ပွဲပဋိပက္ခ၊ ငွေကြေးဖောင်းပွမှုနှင့် မြန်မာ့စီးပွားရေး စိုးရိမ်မှု

    မြန်မာနိုင်ငံစီးပွားရေးနှင့်ပတ်သက်၍ စစ်ပွဲပဋိပက္ခ၊ ကုန်စျေးနှုန်း၊ ငွေကြေးဖောင်းပွမှုနှင့် စီးပွားရေး တုံ့ဆိုင်းနေရခြင်းအပါအဝင် ပြင်းထန်သော စိန်ခေါ်မှုများကို ရင်ဆိုင်နေရပါသည်။ အဓိကကဏ္ဍများကို ထိခိုက်စေပြီး၊ ဆင်းရဲနွမ်းပါးမှု Poverty Rate မြင့်တက်ကာ အနာဂတ်ကာလအတွက် မြန်မာနိုင်ငံ၏ စီးပွားရေး အားပြန်ကောင်းမွန်သည့်အလားအလာများနှင့် မျှော်လင့်ချက်များ ကင်းမဲ့နေဆဲဖြစ်သည်ဟု ကမ္ဘာ့ဘဏ်၏ “မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာမှု – ခြိမ်းခြောက်ခံနေရသော အသက်မွေးဝမ်းကြောင်းများ” အစီရင်ခံစာက ဖော်ပြထားသည်။

    မြန်မာ့စီးပွားရေး၏ အခင်းအကျင်းတချို့

    ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ၅ နှစ်ကျော်ကျော် မြန်မာ့စီးပွားရေး အခင်းအကျင်းကို ပဋိပက္ခ၊ မက်ခရိုစီးပွားရေး Macroeconomic မတည်ငြိမ်မှုနှင့် ငွေကြေးဖောင်းပွမှု ကြုံတွေ့နေရဆဲ ပင်မစိန်ခေါ်မှု များပြားနေသော စီးပွားရေး ဝန်းကျင်ကို ၂၀၂၅ – ၂၀၂၆ စစ်အာဏာရှင် ဦးဆောင်ကျင်းပ နေသည့် ရွေးကောက်သည် ရှေ့ဆက်အဖြေရှာနိုင်မည်လော… တွေးစရာဖြစ်လာပါသည်။ မြန်မာ့ပဋိပက္ခ သည် တရုတ်၊ ထိုင်းနိုင်ငံတို့နှင့် နယ်စပ်ကုန်သွယ်ရေးတို့ကို ထိခိုက်စေခဲ့ပြီးနောက် ပြည်တွင်းကုန်စည် Goods ဖြန့်ချိရေးကွင်းဆက်များကို ပြတ်တောက်စေခဲ့ခြင်းဟာ အလွန်အရေးပါသည့် အတားအဆီးတစ်ခုဖြစ်သည်။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်မှုမထမ်းမနေရဥပဒေ ပြဋ္ဌာန်းခြင်း၏ အကျိုးသက်ရောက်မှုများကတော့ အမျိုးမျိုးသော စက်မှုလုပ်ငန်းများတွင် လုပ်သားအင်အား မလုံ လောက်မှု (Insufficient labor) အခြေအနေကို ပိုမိုဆိုးရွားစေခဲ့သည်။ စစ်အာဏာသိမ်းမှုနောက်ပိုင်း ပြည်တွင်းနေရပ်စွန့်ခွာသူ (Internal Displaced Persons – IDPs) အရေအတွက်လည်း စုစုပေါင်း ၃.၁ သန်းအထိ တိုးလာခဲ့သည်။ ကျပ်ငွေတန်ဖိုး ကျဆင်းခြင်း၊ နိုင်ငံခြားငွေ သုံးစွဲမှုနှင့် အကန့်အသတ်ရှိသော သွင်းကုန်လိုင်စင်တို့လည်း ပေါင်းလိုက်သောအခါ ကြာရှည်သော ငွေကြေးဖောင်းပွမှုနှင့် အဓိကကျသော သွင်းကုန်များကိုလည်း မလုံလောက်မှု များစွာဖြစ်ခဲ့ပါသည်။ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု အပိုင်းမှာလည်း ပိုမိုဆိုးရွားလာပြီး စီးပွားရေးဆိုင်ရာ လုပ်ငန်းများသည် အကုန်အကျများလာသည့် ဒီဇယ်မီးစက်များကို အားကိုးရကာ ကုန်ထုတ်လုပ်မှု ကုန်ကျစရိတ် ပိုမိုတိုးမြင့်လာခဲ့သည်။

    မြန်မာ့စီးပွားရေး လည်ပတ်မှု ရပ်တန့်နေမည်လော

    မြန်မာနိုင်ငံ၏ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု (Gross Domestic Product – GDP) သည် ၂၀၂၅ ခုနှစ်၊ မတ်လကုန်ဆုံးသည့် နိုင်ငံတော်ဘဏ္ဍာရေးနှစ်အတွင်း ၁ ရာခိုင်နှုန်း (1%) ဖြင့်သာ တိုးတက်လာပြီး ကိုဗစ်ကပ်ရောဂါ မတိုင်မီက အခြေအနေ၏ အောက် ၁၀ ရာခိုင်နှုန်းတွင်သာ တည်ရှိနေခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဧပြီလတွင် လုပ်ငန်းများသည် စွမ်းဆောင်နိုင်ရည်၏ ပျမ်းမျှ ၆၅ ရာခိုင်နှုန်းသာသာ လည်ပတ်နေပြီး၊ ယခင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလထက် တိုးတက်လာခဲ့သော်လည်း ယခင်နှစ်များအောက်တွင် ကျန်ရှိနေဆဲဖြစ်သည်။ ဝန်ဆောင်မှုကဏ္ဍ Services Sector အထူးအဖြင့် လက်လီလက်ကားအရောင်း Distribution နှင့် ခရီးသွားလုပ်ငန်း Tourism သည် မြင့်မားနေဆဲသော ငွေကြေးဖောင်းပွမှုနှင့် စားသုံးသူ ဝယ်နိုင်အား ကျဆင်းမှုများကြောင့် အထိနာနေဆဲဖြစ်သည်။ ကုန်ထုတ်လုပ်မှုကဏ္ဍ Product Sector လည်း ဝယ်ယူမှုစီမံခန့်ခွဲမှုများ၏ အညွန်းကိန်း Purchase Management Index – PMI အချက် အလက်များအရ ၂၀၂၅ ခုနှစ် ဧပြီလ နှင့် မေလတွင် တိုးတက်ခဲ့သော်ငြားလည်း ၆ လကြာ ဆုတ်ယုတ်မှုများကို ရင်ဆိုင်နေရဆဲပါ။ သွင်းအားစုများကို တိုးပွားလာခြင်း၊ သီးနှံထွက်နှုန်း တိုးပွားလာခြင်းကြောင့် စိုက်ပျိုးရေးကက္ဍ Agricultural Sector မှာလည်း တောင့်ခံနိုင်သေးကြောင်း အချက်အလက်များအရ အကောင်းဖက်ကို ညွှန်းပြနေပါသည်။ သို့သော် အကန့်အသတ်များ တည်ရှိနေဆဲဖြစ်သော ချေးငွေ Loan နှင့် စစ်ပဋိပက္ခ Conflict နှင့်ပတ်သက်၍ ထိုအတားအဆီးများသည် စိုက်ပျိုးထုတ်လုပ်မှုများ Agricultural Production အပိုင်းကိုလည်း ဆိုးကျိုးများစွာဖြင့် သက်ရောက်မှုရှိနေဆဲဖြစ်သည်။

    မြန်မာ့ လုပ်အားဈေးကွက်အားနည်းချက်တချို့

    မြန်မာ့လုပ်အားဈေးကွက် Labor Market သည် အင်အားချိနဲ့နေကြပြီး ၂၀၂၄ ခုနှစ် နှစ်ကုန်တွင်သာ တစိတ်တပိုင်း ပြန်တိုးတက်လာခဲ့သည်။ အလုပ်အကိုင်နှုန်းသည် ၂၀၂၂ ခုနှစ် နှစ်ကုန်၊ ၂၀၂၃ ခုနှစ် နှစ်ကုန်အကြား ၂ ဒသမ ၃ ရာခိုင်နှုန်း (2.3%) တိုးလာခဲ့သော်လည်း ယခင် ၂၀၁၇ ခုနှစ်တုန်းက အဆင့်ထက် ၇ ဒသမ ၄ ရာခိုင်နှုန်း (7.4%) ဖြင့် ပိုမိုနိမ့်ကျနေဆဲဖြစ်သည်။ အရွယ်ရောက်ပြီးသူ အလုပ်လက်မဲ့နှုန်း Adult Unemployed Rate လည်း အလားတူ နှစ်ကာလအတွင်း ၆ ဒသမ ၇ ရာခိုင်နှုန်း (6.7%) မှ ၈ ဒသမ ၁ ရာခိုင်နှုန်း (8.1%) သို့ ထပ်မံတိုးလာခဲ့သည်။ အလုပ်အကိုင်နေရာ လစ်လပ်မှု Job Vacancy မှာလည်း ၂၀၂၀ ပြည့်နှစ်တုန်းက အဆင့်အောက်တွင် တန်းစီနေပြီး နိုင်ငံအတွင်း လုပ်အားရွှေ့ပြောင်းမှု Migrant Labor များသည်လည်း စစ်ပွဲပဋိပက္ခအခြေအနေများနှင့် အတင်းအကျပ် စစ်သားစုဆောင်းမှုတို့အကြား စိုးရိမ်ပူပန်မှုများကြောင့် တချို့သောဒေသများနှင့် လုပ်ငန်းများတွင် လုပ်အားမလုံလောက်မှု Insufficient labor များစွာ ကြုံတွေ့ခဲ့ရသည်။

    မြန်မာ့ကုန်သွယ်ရေးနှင့် ငွေလဲနှုန်း ဖိအားတချို့

    ၂၀၂၄-၂၀၂၅ နှစ်များအတွင်း ကုန်သွယ်မှုကဏ္ဍမှာ ယခင်နှစ် အလားတူကာလနှင့်ယှဉ်ကြည့်လျှင် သိသိသာသာ ကျဆင်းနေပြီး ပို့ကုန် ၁၃ ရာခိုင်နှုန်း နှင့် သွင်းကုန် ၂၀ ရာခိုင်နှုန်း ဆက်လက်ကျဆင်းနေဆဲ ဖြစ်သည်။ ကုန်းတွင်းနယ်စပ်မှ တင်ပို့မှုနှုန်းသည် ၄၄ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ပြီး ကုန်းတွင်းနယ်စပ်မှ တင်သွင်းမှုနှုန်းသည် သွင်းကုန် ကျဆင်းမှု စုစုပေါင်း ၇၁ ရာခိုင်နှုန်းအထိ ရှိနေဆဲဖြစ်သည်။ တရုတ်၊ ထိုင်း နှင့်ကုန်သွယ်ရေးသည် နယ်စပ်စခန်းများကို ၁၀၂၇ – စစ်ဆင်ရေး အကျိုးသက်ရောက်မှုကြောင့် တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားသဖြင့် အကန့်အသတ်ဖြစ်ခဲ့ရသော်လည်း အခြားကုန်းတွင်း ဂိတ်များနှင့် ပင်လယ်လမ်းကြောင်းမှ ဖြစ်ပေါ်လာခဲ့သည်။ သို့သော် ကျပ်ငွေတန်ဖိုး မြင့်မားစွာ ကျဆင်းခဲ့ရသည်။ ၂၀၂၄-၂၀၂၅ နှစ်အတွင်း တရားဝင်ပုံသေ သတ်မှတ်ဈေးနှုန်း နှင့် အပြိုင်ဈေးကွက်နှုန်း အကြား ကွာဟမှုသည် သုံးဆတိုးလာခဲ့သည်။ ဘဏ်များသို့ နိုင်ငံခြားထံ ရောင်းချရန် စည်းကမ်းချက် များနှင့် သွင်းကုန်လိုင်စင်ကန့်သတ်မှုများသည်လည်း နိုင်ငံခြားငွေရနိုင်မှုကို ထပ်မံ လျော့ကျစေပြီး ငွေတန်ဖိုး ကျဆင်းမှုဖိအားကို ပိုမို ဆိုးရွားလာခဲ့ရသည်။

    မြန်မာ့ကျပ်ငွေကြေးဖောင်းပွခြင်းနှင့် ဆင်းရဲနွမ်းပါးမှု မြင့်မားလာရခြင်း အကျိုးဆက်တချို့

    မြန်မာ့ငွေကြေးဖောင်းပွမှုသည် မြင့်တက်လာသည့် အစားအစာများနှင့် လောင်စာဈေးနှုန်းများကြောင့် ဆက်လက် မြင့်မားနေဆဲဖြစ်သည်။ စားသုံးသူ Demands/Consumer ဈေးနှုန်း အညွှန်းကိန်းအရ ငွေကြေးဖောင်းပွမှုသည် ယခင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် ယခင်နှစ်ကထက် ၃၀ ဒသမ ၄ ရာခိုင်နှုန်း (30.4%) တိုးလာခဲ့သည်။ လောင်စာနှင့် သယ်ယူပို့ဆောင်ရေး ဈေးနှုန်းများသည် ကမ္ဘာ့ရေနံဈေး မြင့်မားခြင်းနှင့် ကျပ်ငွေတန်ဖိုး ထိုးကျဆင်းခြင်းကြောင့် ပိုမိုမြင့်တက်လာခဲ့သည်။ စားသောက်ကုန် ဈေးတက်မှုကို မြင့်မားသော ပို့ကုန်ဈေးနှုန်းများ၊ ကုန်သွယ်ရေး နှင့် သယ်ယူပို့ဆောင်ရေး အကန့်အသတ်များနှင့် ပြည်တွင်းထုတ်လုပ်မှု ပြတ်တောက်ခြင်းက တွန်းအားပေးမှုကဲ့သို့ ဖြစ်လာရ ပါသည်။ ဘဏ္ဍာရေးလိုငွေပြမှုသည် ပိုမိုကျယ်ပြန့်လာမည်ဟု မျှော်လင့်ထားကြပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်း ပြည်တွင်းထုတ်ကုန်၏ ၅ ဒသမ ၇ ရာခိုင်နှုန်း (5.7%)သို့ ရောက်လာကာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်း ပြည်တွင်းထုတ်ကုန်၏ ၆ ဒသမ ၁ ရာခိုင်နှုန်း (6.1%) ရှိမည်ဟု ပညာရှင်တချို့က ခန့်မှန်းထားပါသည်။ ငြိမ်သက်သွားသော စီးပွားရေးလုပ်ငန်းများ၊ မြင့်မားလာသော ကုန်ဈေးနှုန်း နှင့် အင်အား ချိနဲ့သည့် လုပ်အားဈေးကွက်တို့၏ စုစုပေါင်းသက်ရောက်မှုသည် ဆင်းရဲနွမ်းပါး မှုအဆင့်ကို ပိုမိုမြင့်မားလာစေပါသည်ဟု စီးပွားရေးပညာရှင်တချို့က ထောက်ပြထားသည်။ မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုနှုန်းသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ၃၂ ဒသမ ၁ ရာခိုင်နှုန်း (32.1%) ရှိနေမည်ဟု ခန့်မှန်းထားပြီး၊ ၂၀၁၅ ခုနှစ်တုန်းက အဆင့်နှင့် ပြောင်းပြန်ဖြစ်နေရပါသည်။ လွန်ခဲ့သော ခြောက်နှစ်ကာလအတွင်း မြို့ပြဆင်းရဲနွမ်းပါးမှု Urban Poverty Rate နှုန်းသည် ကျေးလက်ဆင်းရဲ နွမ်းပါးမှုနှုန်း Rural Poverty Rate ထက် လျင်မြန်စွာ ပိုမိုမြင့်တက်နေရပါသည်။

    မျှော်လင့်ချက်ကင်းမဲ့သော မြန်မာ့စီးပွားရေးတိုးတက်မှုအလားအလာ နှင့် မြန်မာ့နိုင်ငံရေးတည်ငြိမ်မှု

    မြန်မာ့စီးပွားရေးအလားအလာ ဆက်လက်ပြီး အားနည်းနေဆဲသည်။ စုစုပေါင်း ပြည်တွင်းထုတ်ကုန်သည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ၁ ရာခိုင်နှုန်းဖြင့်သာ ထပ်မံတိုးတက်မည်ဟု မျှော်လင့်ရသောကြောင့် မြန်မာနိုင်ငံတွင် စုစုပေါင်း ပြည်တွင်းထုတ်ကုန်သည် ၂၀၁၈-၂၀၁၉ ခုနှစ်တုန်းက ယှဥ်ကြည့်လျှင် အဆင့်ထက် ၉ ရာခိုင်နှုန်းခန့် ဆက်လက် နိမ့်ကျနေဆဲဖြစ်သည်။ ရှည်လျာနေသည့် ငွေကြေးဖောင်းပွမှု နှင့် လုပ်အား၊ နိုင်ငံခြားငွေနှင့် လျှပ်စစ်ဓာတ်အား ရရှိမှု အကန့်အသတ်များသည် စီးပွားရေး လုပ်ဆောင်မှု များကို ပြင်းထန်သော သက်ရောက်မှုဖြစ်စေရမည့် သဘောမျိုးဖြစ်သည်ဟု စီးပွားရေးပညာရှင်တချို့က ထောက်ပြကြသည်။ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်မှုသည် ပိုမိုများပြားသော ပြည်ပတင်ပို့မှုနှင့် လယ်သမားများထံမှ ဝယ်ယူသည့် ဈေးနှုန်း မြင့်မားလာသောကြောင့် ပိုမိုကျယ်ပြန့်လာမည်ဟု မျှော်လင့်ရသည်။ စားသုံးသူများအတွက် ဈေးနှုန်းငွေကြေးဖောင်းပွမှုသည် ဆက်လက် မြင့်မားနေအုန်းမည်ဟု မျှော်လင့်ရပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ၂၆ ဒသမ ၅ ရာခိုင်နှုန်းမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ၁၈ ရာခိုင်နှုန်းသို့ လျော့ကျလာရမည်။ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး Reduction of Poverty နှင့် အိမ်ထောင်စု လူနေမှု အဆင့်အတန်းမှာလည်း မျှော်လင့်ချက်များ ကင်းမဲ့နေဆဲဖြစ်သည်။ အိမ်ထောင်စုများသည် ဆက်လက်၍ ဖြစ်ပွားနေသည့် စီးပွားရေးဖိအား Economic Burden နှင့် အကန့်အသတ်ရှိသော တိုးတက်မှုအလားအလာကို ဆက်လက်ရင်ဆိုင်နေရပါမည်။

    အနှစ်ချုပ်တင်ပြချက်များ

    စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာ့စီးပွားရေးသည် စစ်ပွဲပဋိပက္ခ၊ ငွေကြေးဖောင်းပွမှု နှင့် စီးပွားရေး တုံ့ဆိုင်းမှု အမျိုးအစုံ ဖိအားမှုအောက်တွင် ရုန်းကန်နေရဆဲ ဖြစ်ပါလိမ့်မည်ဟု ကမ္ဘာ့ဘဏ် အစီရင်ခံစာ နှင့် စီးပွားရေးပညာရှင်များက ထောက်ပြထားပါသည်။ ဤကဲ့သို့ များပြားသောစိန်ခေါ်မှုများနှင့်ကြုံတွေ့နေရသည့် မြန်မာ့စီးပွားရေးပတ်ဝန်းကျင်နှင့် စီးပွားရေး မျှော်လင့်ချက်ကို ကင်းမဲ့နေဆဲ အလားအလာများနှင့်အတူ ပြန်လည်နာလန်ထူနိုင်စေရန် အလားအလာမှာလည်း မသေချာမရေရာမှု များစွာဖြင့် ကျန်ရှိနေဆဲဖြစ်သည်။ ထိုကြောင့် ကမ္ဘာ့ဘဏ် World Bank ၏ အထက်ဖော်ပြပါ အစီရင်ခံစာတွင် ဘက်စုံစိန်ခေါ်မှုများ Multi-Sector Challenges ကို ဖြေရှင်းနိုင်ရန်အတွက် ကျယ်ပြန့်သော စီးပွားရေးနှင့် လူမှုရေး မူဝါဒများ Macro-economic and Social Policy အရေးပေါ်လိုအပ်နေကြောင်း အကြံပြုထားပြီး ၂၀၂၅-၂၀၂၆ ခုနှစ် စစ်အာဏာရှင် ဦးဆောင်ကျင်းပနေ သည့် ရွေးကောက်ပွဲရလဒ်အရ ယနေ့ကြုံတွေ့နေရသည့် ဘက်စုံစီးပွားရေးအကျပ် အတည်းများကို ဆွဲခေါ်သွားနိုင်မည်လော …၊ မြန်မာ့နိုင်ငံရေးကိုလည်း တည်ငြိမ်လာစေရန် ထွက်ပေါက် ပေါ်လာနိုင်မည်လော …၊ စစ်ပွဲပဋိပက္ခကိုလည်း ငြိမ်သက်စေနိုင်မည်လော စာဖတ်သူများအားလုံး ဝေဖန်ပိုင်းခြားနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks