မဲရုံဖွင့်လှစ်ထားသည့် ရေးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများသို့ လုံခြုံရေးအင်အား အဆမတန် တိုးမြှင့်ချထားမှုကြောင့် ရေးဒေသခံများ စိုးရိမ်ထိန့်လန့်ပြီး ယာယီတိမ်းရှောင်နေသူများလည်းရှိကြောင်း ရေးသတင်းအရင်းမြစ်များမှ သိရသည်။
မနက်ဖြန်(ဇန်နဝါရီ ၁၁ ) ရက်နေ့ ရွေးကောက်ပွဲအပိုင်း(၂)ကျင်းပမည့် ရေးမြို့နယ်တွင် ရေးမြို့ပေါ်၊ လမိုင်းမြို့၊ ခေါဇာမြို့နှင့် ကုလားကုတ်ကျွန်း စသည့် ရပ်ကွက်နှင့် ကျေးရွာများအတွင်း မဲရုံ (၂၉) ရုံ ဖွင့်လှစ်ထားရှိပြီး မဲပေးခွင့်ရှိသူ ၄၇၆၃၇ ဦးရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်မှ အချက်အလက်များအရ သိရသည်။
နှစ်သစ်ကူးရက်မှစ၍ အဆိုပါမဲရုံဖွင့်လှစ်ထားသည့်ကျေးရွာတစ်ရွာလျှင် စစ်တပ်နှင့် ရဲများပါဝင်သည့် လုံခြုံရေးအဖွဲ့ ၃၀၀ ထက်မနည်းဖြင့် လုံခြုံရေးတင်းကြပ်ထားပြီး ရေးမြို့နယ်အမြှောက်တပ်ရင်းများမှလည်း လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး ခြောက်လှန့်ပစ်ခတ်မှုများ လုပ်ဆောင်နေခြင်း ဖြစ်သည်။
ရွာအတွင်းအပြင်နေရာများတွင် အဆိုပါ လုံခြုံရေးအဖွဲ့များ ကင်းလှည့်ပတ်ရှာဖွေစစ်ဆေးခြင်း၊ ကင်းပုန်းများလည်း ချထားပြီး ပစ်ခတ်တိုက်ခိုက်ရန် အသင့်အနေအထားတွင်း ရှိနေခြင်းကြောင့် မဲရုံအနီးတစ်ဝိုက်နေထိုင်သူအချို့ ရွာမှထွက်ပြေးတိမ်ရှောင်နေသူများလည်းရှိကြောင်း ရေးဒေသခံတစ်ဦးက ပြောသည်။

“ မဲရုံးရှိတဲ့နေရာတွေမှာ သူတို့အင်အားအများကြီးနဲ့ ရွာပတ်ပတ်လည်ကို သူတို့လုံခြုံရေးအထူးတင်းကြပ်ထားတာ စစ်သားတွေ အများကြီးချထားတယ်၊ နေ့ဘက်ဆို ရွာအဝင်အထွက်စစ်တယ်၊ အရမ်းရစ်တယ်၊ ညဘက်ဆို ကင်းလှည်တယ်၊ ကင်းပုန်းလဲချထားတာရှိတယ် အဲ့ကြောင့် ဒေသခံတွေက ကြောက်နေကြတယ် ရှောင်တဲ့သူကလဲရှောင်နေကြပြီး ” ဟု ရေးဒေသံအမျိုးသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ စစ်ကော်မရှင် ရွေးကောက်ပွဲအပိုင်း (၁) ပြုလုပ်သွားသည့်နေ့တွင် လမိုင်းမြို့၊ မြို့မ (၂ ) ရပ်ကွက်ရှိ မဲစာရင်းကပ်ထားသည့် အုပ်ချုပ်ရေးမှူးရုံးတွင် မိုင်းခွဲခံရပြီး ထိုပေါက်ကွဲမှုကြောင့် ရုံးအဆောက်အအုံး၊ ရုံးအတွင်း ပရိဘောဂနှင့် မဲစာရင်းစာရွက်စာတမ်းများလည်း ပျက်စီးခဲ့သည်။
မဲရုံအနီးတစ်ဝိုက် သွားလာခြင်းသည် လုံခြုံရေးအတွက် စိုးရိမ်ရသည့်အပြင် စစ်အုပ်စုရွေးကောက်ပွဲကို မထောက်ခံလိုခြင်းကြောင့် ဆန္ဒမဲသွားရောက်ပြုမည်မဟုတ်ကြောင်းနှင့် စစ်ကော်မရှင်ဘက်မှ မဲပေးရန် နေအိမ်အထိ အတင်းအကြပ် လာရောက်ခေါ်ဆောင်မည်ကိုလည်း စိုးရိမ်ရကြောင်း အထက်ပါဒေသခံက ဆက်ပြောသည်။
“ဒီရွေးကောက်ပွဲအပိုင်း (၂ ) က ဒေသခံတွေ အကုန် စိုးရိမ်နေကြတယ် မဲသွားပေးတော့ မဲရုံးမှာ တစ်ခုခုဖြစ်သွားမှာလဲကြောက်တယ်၊ တော်လှန်ရေးတွေကလဲ မဲမပေးဖို့ အကြိမ်ကြိမ်သတိပေးထားတယ်၊ မပေးတော့လဲ စစ်တပ်က နေအိမ်အထိ အတင်းလာခေါ်မှာလဲ ကြောက်ရတယ် အခုက ဘယ်လိုလုပ်ရမှန်းလဲ မသိတော့ဘူး” ရေးဒေသခံ တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း ခေါဇာဒေသခံအချို့ မွန်ဘာသာ လက်ရေးဖြင့်ရေးသားထားသည့် "မိမိမဲတစ်မဲကြောင့် အသက်မဆုံးရှုံးစေနဲ့"ဟု ရေးသားထားသည့် စာရွက်များကို လက်ခံရရှိထားသဖြင့် နှစ်ဖက်ဖိအားပေးခံနေရသည့်အခြေအနေနှင့်လည်း ရင်ဆိုင်နေရသည်။
ရေးမြို့နယ်တွင် အစင်၊ ဇီးဖြူသောင်၊ အဘော်၊ အံဒင်၊ ကျောက်မိချောင်း၊ ချောင်းတောင်၊ ဒူးယား၊ သင်္ဃန်းကျွန်း၊ ဟံဂံ၊ ဒုံဖိ၊ ကော့ဒွတ်၊ ဘေးလမိုင်း၊ သောင်ပြင်၊ နှစ်ကရင်၊ ဘဲလမု၊ ကနင်ကမော့၊ နှင်းစုံ၊ တောင်ဘုံ၊ ကော့လှိုင်၊ ကဗျာ၊ မကျီး၊ ရင်းရယ်၊ ကျုံညဲ စသည့်ကျေးရွာအုပ်စုများတွင် စစ်ကော်မရှင်မှ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နေရာအဖြစ် သတ်မှတ်ထားသည်။
မွန်ပြည်နယ်အတွင်း ရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပပြုလုပ်မည့် မြို့နယ် (၅) မြို့နယ်မှ ရေးမြို့နယ်နှင့် ဘီးလင်းမြို့နယ်တို့တွင် တော်လှန်ရေးတပ်ဖွဲ့တို့ စစ်ရေးလှုပ်ရှားမှုအားကောင်းသည့် နေရာများဖြစ်သည့်အတွက် ရွေးကောက်ပွဲကာလအတွင်း တော်လှန်ရေးတပ်ဖွဲ့တို့ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်သွားရန်ရှိသည်ဟုလည်း ဒေသခံအချို့ သုံးသပ်ပြောဆိုနေကြသည်။


