spot_img
Sunday, March 1, 2026
More
    spot_img
    Homeသတင်းရွေးကောက်ပွဲထိခိုက်မှုမရှိစေရေး မြန်မာပြည်တောင်ပိုင်းဒေသရှိ တော်လှန်ရေးစိုးမိုးနယ်မြေများသို့ လေကြောင်းဖြင့် ဆက်လက်တိုက်ခိုက်

    ရွေးကောက်ပွဲထိခိုက်မှုမရှိစေရေး မြန်မာပြည်တောင်ပိုင်းဒေသရှိ တော်လှန်ရေးစိုးမိုးနယ်မြေများသို့ လေကြောင်းဖြင့် ဆက်လက်တိုက်ခိုက်

    -

    စစ်ကော်မရှင်မှ ၎င်းတို့ဦးဆောင်ကျင်းပနေသည့် ရွေးကောက်ပွဲထိခိုက်မှုမရှိစေရေး မြန်မာပြည်တောင်ပိုင်းဒေသရှိ တော်လှန်ရေးစိုးမိုးနယ်မြေများသို့ ပစ်မှတ်ထားပြီး လေကြောင်းနှင့်လက်နက်ကြီးတိုက်ခိုက်မှုများကို ဆက်လက်ကျူးလွန်နေဆဲဖြစ်ကြောင်း လေကြောင်းတိုက်ခိုက်မှုအရေး စောင့်ကြည့်လေ့လာနေသူနှင့် ဒေသခံများက ပြောသည်။

    တော်လှန်ရေးစိုးမိုးနယ်မြေများအတွင်း ပါဝင်သည့် မွန်ပြည်နယ် ဘီးလင်းနှင့် ကျိုက်ထိုမြို့နယ်၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်၊ ဖာပွန်၊ လှိုင်းဘွဲ့မြို့နယ်၊ တနင်္သာရီတိုင်း ရေဖြူ၊ ထားဝယ်အရှေ့ဘက် ဒေသ၊လောင်းလုံး၊ မြိတ်ဒေသ၊ ကျွန်းစုမြို့တို့တွင် လက်ရှိရွေးကောက်ပွဲအပိုင်း(၁)နှင့်(၂) ကြားကာလ၌ လေကြောင်းတိုက်ခိုက်မှုအပြင် အင်တာနက်လိုင်းများလည်း ဖြတ်တောက်ခံထားရသည်။

    ဇန်နဝါရီလ ၆ ရက်နေ့က KNU ထိန်းချုပ်နယ်မြေ၊ ဒူပလာယာခရိုင်၊ ထီးခိုင်ကျေးရွာဘက်သို့ စစ်ကော်မရှင်မှလေယာဉ်ဖြင့်  ၆ ကြိမ်ဝန်းကျင် ဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်ခဲ့သဖြင့် ဒေသခံများ ထိခိုက်ဒဏ်ရာ ရရှိမှုရှိခဲ့ကြောင်း အဆိုပါကျေးရွာအနီး နေထိုင်သူတစ်ဦးက ဆိုသည်။

    “၆ ရက်နေ့နေ့လည်ပိုင်းလောက်မှာ ထီးခိုင် KNU နယ်မြေ ဒူးပလာယာခရိုင်ကို စစ်တပ်ကဗုံး ၆ လုံးကြဲချတယ်၊ အသက် ၄၀ အရွယ်ဒေသခံတစ်ဦးထိခိုက်ဒဏ်ရာရသွားတယ်၊ ရွာတော့ရှိတယ် လမ်းမကြီးဘက်မှာ အခုရုံက ရွာနဲ့ ၄ ကီလိုလောက်တော့ဝေးတယ် ကြဲချတာကရုံကိုပဲ၊ ဒေသခံတွေထိသွားတာကခြံသွားလို့ပဲ ထိသွားတယ်” ဟု ပြောသည်။

    မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း၏ အချက်အလက်များအရ ပြီးခဲ့သည့် ၃ လတာအတွင်း မွန်၊ ကရင်၊ တနင်္သာရီတိုင်းအတွင် စစ်ကော်မရှင်၏လေကြောင်းတိုက်ခိုက်မှုသည် အနည်းဆုံး ၂၁ ကြိမ်ရှိခဲ့ပြီး၊ Y 12၊ Mi-17၊ Aircraft အမျိုးမျိုးသုံးကာတိုက်ခိုက်သည့်အပြင် gyrocopter များ၊ စက်တပ်လေထီးများကို သုံးပြီး တိုက်ခိုက်မှုများလည်းရှိကြောင်းသိရသည်။

    စစ်အုပ်၏နည်းဗျူဟာအရ ရွေးကောက်ပွဲအပိုင်း ၁ နှင့် ၂ မတိုင်ခင် အခြားဒေသများကဲ့သို့ နယ်မြေရှင်းလင်းရေးလုပ်သည့်တိုက်ခိုက်မှုဖြစ်ပြီး၊ မြန်မာပြည်တောင်ပိုင်းရှိ တနင်္သာရီတိုင်းနှင့် ကရင်ပြည်နယ်တို့တွင် စစ်အုပ်စု ပိုမိုကျူးလွန်နေသည်ဟု မွန်ပြည်လူ့အခွင့်အရေးတာဝန်ရှိသူတစ်ဦးကပြောသည်။

    “သူတို့ရဲ့နည်းဗျူဟာအရ ရွေးကောက်ပွဲအပိုင်း ၁ နဲ့ ၂ မတိုင်ခင် အခြားဒေသလိုပဲ နယ်မြေရှင်းလင်းရေး တိုက်ခိုက်မှု တွေလုပ်တယ်၊ ဒီတောင်ပိုင်းမှာဆိုရင်တနင်္သာရီတိုင်းနဲ့ကရင်ပြည်နယ်ကတော့မွန်ဒေသ အများကြီးအခြေအနေဆိုးတယ်”ဟု ပြောသည်။

    လောင်းလုံမြို့နယ်အတွင်း နိုဝင်ဘာ ၁၀ ရက်နေ့မှစ၍ စစ်ကြောင်းထိုးဝင်လာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား လက်ရှိအချိန်အထိ ရက် ၅၀ ကြာ တိုက်ပွဲဖြစ်ပွားနေပြီး အဆိုပါတိုက်ပွဲတွင် စစ်အုပ်စုမှ ကြည်း၊ ရေ၊ လေဖြင့် ပစ်ကူနေကြောင်းလည်း သိရသည်။

    စစ်ရေးပဋိပက္ခများဖြစ်ပွားနေသည့် ကရင်ပြည်နယ်ရှိ လှိုင်းဘွဲ့၊ ဖာပွန်၊ မွန်ပြည်နယ်ရှိ ဘီးလင်း၊ နှင့် တနင်္သာရီတို့တွင် ရေဖြူ၊ ကျွန်းစုနှင့် ထားဝယ်ဒေသများသည်ရွေးကောက်ပွဲအပိုင်း ၂ တွင် ပါဝင်နေသည်။

    ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှ ဇူလိုင်လအတွင်း စစ်အုပ်စုလုပ်ဆောင်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုပေါင်း (၆၄၅) ရှိကြောင်းမြန်မာအင်တာနက်ပရောဂျက် (MIP) အစီရင်ခံစာတွင် ဖော်ပြထားသည်။

    အဆိုပါလေကြောင်းတိုက်ခိုက်မှုသည် ရန်ကုန်တိုင်းဒေသကြီးမှလွဲ၍ ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၃ ခုရှိ မြို့နယ်ပေါင်း ၁၂၃ မြို့နယ်တွင်တွေ့ကြုံခဲ့ရခြင်းဖြစ်ပြီး၊ ယင်းမြို့နယ်ပေါင်း ၁၂၃ မြို့နယ်ထဲတွင် လေကြောင်း တိုက်ခိုက်ခံဒေသများသည် ဆက်သွယ်ရေးပြတ်တောက်မှုနှင့်ကြုံတွေ့ခဲ့ရသည်ကို တွေ့ရှိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks