ဘီးလင်းမြို့နယ်
ဇန်နဝါရီ ၁၁ ရက်နေ့ စစ်ကော်မရှင်ရွေးကောက်ပွဲ အပိုင်း (၂) တွင် ပါဝင်ကျင်းပမည့် ဘီးလင်းမြို့နယ်တွင် မဲရုံ( ၄၇) ရုံ ဖွင့်လှစ်ထားရှိပြီး မဲပေးခွင့်ရှိသူ (၉၆၀၆) ဦးရှိသည်။ ဘီးလင်းမြို့နယ်တွင် သဲဖြူချောင်း၊ အလူး၊ အလင်းပြန်၊ ဖိုးဝါးသိမ်၊ ဂုံညှင်းနွယ်၊ ဝင်းသာင်၊ ကဒီပု၊ ဒါက်ရပ်၊ ရွှေရောင်ပြ၊ ကျခတ်ချောင်း၊ တညင်းကုန်း၊ ကဇိုင်း၊ ရင်းအုံ၊ မဲလံ၊ မဲလံဂေါင်း၊ အဟုံးဝ၊ ဘုရားသိမ်၊ နတ်ကြီး၊ မဲနသန်၊ မဲပလီ၊ ပီတိကျေးရွာအုပ်စု၊ ဘောနောခီး၊ အစူးချောင်း၊ ဝင်းတာပန်၊ လေးကေ၊ ကြိုးဝိုင်း၊ ကျားတွင်း၊ ကျောက်လုံးကြီး စသည့်ကျေးရွာအုပ်စုများကို ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေအဖြစ် သတ်မှတ်ထားသည်။
ဘီးလင်းမြို့နယ် မဲဆန္ဒနယ်အတွင်း အနိုင်ရယူအကုန်ယူစနစ်ဖြင့် မွန်ညီညွတ်ရေးပါတီမှ အမျိုးသားလွှတ်တော်အတွက် ဦးဟန်လင်းမွန် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြည်နယ်လွှတ်တော်နှင့် ပြည်သူ့လွှတ်တော်နေရာအတွက် ပါဝင်ယှဉ်ပြိုင်သူမရှိကြောင်းလည်း သိရသည်။
ပေါင်မြို့နယ်
ဇန်နဝါရီ(၁၁) ရက်နေ့ စစ်ကော်မရှင်ရွေးကောက်ပွဲ အပိုင်း (၂) တွင် ပေါင်မြို့နယ်အတွင်း မဲရုံ (၉၀ ) ရုံ ဖွင့်လှစ်ထားရှိပြီး မဲပေးခွင့်ရှိသူ (၁၇၃၀၃၈)ဦး ရှိသည်။ ပေါင်မြို့နယ်၌ စစ်ကော်မရှင်မှ ဥတ္တံတားကျေးရွာအုပ်စု၊ ကျောက်ရေတွင်းကျေးရွာအုပ်စု၊ အင်းဗြောင်ကျေးရွာအုပ်စု၊ သဲအိမ်ကျေးရွာအုပ်စု တို့တွင် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နေရာအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
ပေါင်မြို့နယ် မဲဆန္ဒနယ်တွင် မဲအများဆုံးရသူအနိုင်ယူစနစ်ဖြင့် မွန်ညီညွတ်ရေးပါတီမှ ပြည်သူ့လွှတ်တော်နေရာအတွက် ဦးဗိုလ်ဝင်း၊ အမျိုးသားလွှတ်တော်နေရာအတွက် မင်းအောင်ဇနနှင့် ပြည်နယ်လွှတ်တော်နေရာအတွက် ဦးသန်းခိုင်မှ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။
မုဒုံတစ်မြို့နယ်
ဇန်နဝါရီ(၁၁) ရက်နေ့ စစ်ကော်မရှင်ရွေးကောက်ပွဲ အပိုင်း (၂) တွင် မုဒုံမြို့နယ်အတွင်း မဲရုံ (၁၀၀) ဖွင့်လှစ်ထားရှိပြီး မဲပေးခွင့်ရှိသူ (၁၆၈၇၈၄) ဦးရှိသည်။ မုဒုံမြို့နယ်တွင် တစ်မြို့နယ်လုံးတွင် ရွေးကောက်ပွဲမကျင်းပနိုင်သည့် ရပ်ကွက်၊ ကျေးရွာအုပ်စုများ မရှိကြောင်း သိရသည်။
မုဒုံမြို့နယ်မဲဆန္ဒနယ်တွင် မဲအများဆုံးရသူ အနိုင်ယူစနစ်ဖြင့် မွန်ညီညွတ်ရေးပါတီမှ ပြည်သူ့လွှတ်တော်နေရာအတွက် မင်းဝဏ္ဏကြီး၊ အမျိုးသားလွှတ်တော်နေရာအတွက် ဦးခင်မောင်ထွေး(ခေါ်)မင်းစောနွယ်၊ ပြည်နယ်လွှတ်တော်နေရာအတွက် ဦးဌေးနိုင်(ခေါ်) နိုင်အမ်သဝ် တို့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
သံဖြူဇရပ်မြို့နယ်
ဇန်နဝါရီ(၁၁) ရက်နေ့ စစ်ကော်မရှင်ရွေးကောက်ပွဲ အပိုင်း (၂) တွင် သံဖြူဇရပ်မြို့နယ်အတွင်း စစ်ကော်မရှင်အဖွဲ့မှ မဲရုံ(၅၅) ရုံ ထားရှိထားပြီး မဲပေးခွင့်ရှိသူ (၁၀၇၃၆၃) ဦးရှိသည်။ သံဖြူဇရပ် မြို့နယ်တွင် ဝယ်ဝင်ကရာ၊ ကရုပ္ပိ၊ စခမ်းကြီး၊ ဝဲကလောင်း၊ အံခဲ၊ ကော့လေး၊ ထင်းရှူး၊ ဝဲခမိ၊ ကျောင်းရွာ၊ အနင်း စသည့်ကျေးရွာအုပ်စုများကို ရွေးကောက်ပွဲမကျင်းပနိုင်သည့် နေရာအဖြစ် သတ်မှတ်ထားသည်။
သံဖြူဇရပ် မဲဆန္ဒနယ်တွင် မဲအများဆုံးရသူအနိုင်ယူစနစ်အဖြစ် မွန်ညီညွတ်ရေးပါတီမှ ပြည်သူ့လွှတ်တော်နေရာတွင် နိုင်သန်းရွှေ၊ အမျိုးသားလွှတ်တော်အတွက် ဦးခင်မောင်ထွေး(ခေါ်) နိင်မင်းစောနွယ်နှင့် ပြည်နယ်လွှတ်တော်အတွက် ဦးရွှေလူး တို့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
ရေးမြို့နယ်
ဇန်နဝါရီ(၁၁) ရက်နေ့ စစ်ကော်မရှင်ရွေးကောက်ပွဲ အပိုင်း (၂) တွင် ရေးမြို့နယ်အတွင်း မဲရုံ (၂၉) ရုံ ဖွင့်လှစ်ထားရှိပြီး မဲပေးခွင့်ရှိသူ ၄၇၆၃၇ ဦးရှိသည်။ ရေးမြို့နယ်တွင် အစင်၊ ဇီးဖြူသောင်၊ အဘော်၊ အံဒင်၊ ကျောက်မိချောင်း၊ ချောင်းတောင်၊ ဒူးယား၊ သင်္ဃန်းကျွန်း၊ ဟံဂံ၊ ဒုံဖိ၊ ကော့ဒွတ်၊ ဘေးလမိုင်း၊ သောင်ပြင်၊ နှစ်ကရင်၊ ဘဲလမု၊ ကနင်ကမော့၊ နှင်းစုံ၊ တောင်ဘုံ၊ ကော့လှိုင်၊ ကဗျာ၊ မကျီး၊ ရင်းရယ်၊ ကျုံညဲ စသည့်ကျေးရွာအုပ်စုများတွင် စစ်ကော်မရှင်မှ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နေရာအဖြစ် သတ်မှတ်ထားသည်။
ရေးမြို့နယ်မဲဆန္ဒနယ်အတွက် မွန်ညီညွတ်ရေးပါတီမှ ပြည်သူ့လွှတ်တော်နေရာအတွက် ဒေါ်မြင့်သန်း၊ အမျိုးသားလွှတ်တော်နေရာအတွက် နိုင်ချမ်းတွဲ့နှင့် ပြည်နယ်လွှတ်တော်နေရာအတွက် မိလဝီဟန်မှ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။
အပိုင်း (၂) ကျင်းပပြုလုပ်မည့် မြို့နယ် (၅) မြို့နယ်မှ ရေးမြို့နယ်နှင့် ဘီးလင်းမြို့နယ်တို့တွင် တော်လှန်ရေးတပ်ဖွဲ့တို့ စစ်ရေးလှုပ်ရှားမှုအားကောင်းသည့် နေရာများဖြစ်သည့်အတွက် ရွေးကောက်ပွဲကာလအတွင်း တော်လှန်ရေးတပ်ဖွဲ့တို့ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်သွားရန်ရှိသည်ဟုလည်း ဒေသခံအချို့ သုံးသပ်ပြောဆိုနေကြသည်။








